DVB Logo
Home
မြန်မာသတင်း
ခြံအမှတ် ၅၄ ကို စတုတ္ထအကြိမ် လေလံပစ်မည်
DVB
·
March 27, 2025
ခြံအမှတ် ၅၄ ကို စတုတ္ထအကြိမ် လေလံပစ်မည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်ကို ငွေကျပ်သိန်းပေါင်း ၂ ဒသမ ၇ သန်းနဲ့ ဧပြီ ၂၉ ရက်နေ့မှာ စတုတ္ထအကြိမ်လေလံပစ်ဖို့ ကမာရွတ်ခရိုင်တရားရုံးက ဒီတပတ်ရုံးချိန်းမှာ အမိန့်ချလိုက်ပါတယ်။ 

ခြံအမှတ် ၅၄ ကို ဖေဖော်ဝါရီ ၅ ရက်က ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၉၇ သန်းနဲ့ တတိယအကြိမ်လေလံတင်ခဲ့ပြီး လေလံဆွဲမယ့်သူမရှိတာကြောင့် ပွဲပျက်ခဲ့ပါတယ်။ 

တရားလို ဦးအောင်ဆန်းဦးက ငွေကျပ်သိန်းပေါင်း ၂ ဒသမ ၇၅ သန်းနဲ့ လေလံဈေးလျှော့ချဖို့ တရားရုံးကို အဆိုတင်ခဲ့ပြီး တရားရုံးက ဦးအောင်ဆန်းဦး အဆိုပြုထားတာထက်နည်းတဲ ပမာဏနဲ့ လေလံထပ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

တရားရုံးနဲ့နီးစပ်သူတယောက်က “၂၉ ရက်နေ့ လေလံပစ်မယ်ဗျ၊ ဧပြီ ၂၉။ ၂ ဒသမ ၇ သန်းပေါ့။ သူတို့ဆီစာတင်တာပဲရှိမယ်၊ ကျန်တာတော့ ဘာမှလုပ်လို့မရပါဘူး။ ဖုန်းနဲ့ဘယ်ရမလဲ ဖုန်းပေးမှမပေးတာ။ တွေ့ဆုံဖို့အတွက်ကို စာတင်တာမရဘူး။ ဆက်သွယ်ဖို့က စာနဲ့က တရားမဝင်ဘူးလေဗျာ၊ တွေ့ဖို့ပဲစာတင်တာပဲရှိတယ်လေ” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဟာ ကာယကံရှင်ရဲ့ သဘောထားကိုမသိရဘဲ အမှုကို ဆက်ရင်ဆိုင်နေရတာဖြစ်ပြီး ဥပဒေကြောင်းအရ အမှုစတင်ကတည်းက ရှေ့နေကိုယ်စားလှယ်လွှဲစာ လုပ်ပိုင်ခွင့်တွေအရ ဆက်ပြီး အမှုလိုက်ခွင့်ရှိနေတာဖြစ်ပါတယ်။ 

ဒီအမှုနဲ့ပတ်သက်ပြီး ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကိုသိရဖို့ လူချင်းတွေ့ဆုံ ဆွေးနွေးခွင့်ပေးဖို့ တရားရုံးကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ တရားရုံးက လျစ်လျူရှုထားခဲ့တာပါ။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ဒီအမှုကိစ္စနဲ့ပတ်သက်လို့ အစစအရာရာဆောင်ရွက်ဖို့ ရှေ့နေကိုယ်စားလှယ်လွှဲစာပေါ့၊ ပါဝါပေးထားတဲ့အတွက် ကိုယ့်အမှုသည်ရဲ့အကျိုးအတွက်ကတော့ သူနဲ့ဆွေးနွေးတိုင်ပင်ခွင့် မရှိသည့်တိုင်အောင် ဥပဒေနဲ့ညီညွတ်တဲ့ ဆောင်ရွက်မှုမှန်သမျှကို ရှေ့နေတွေက လုပ်ပိုင်ခွင့်ရှိပါတယ်” လို့ ပြောပါတယ်။

ကမာရွတ်ခရိုင်တရားရုံးက ၂၀၂၄ ခု မတ် ၂၀ ရက်မှာ ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃၁၅၀,၀၀၀ နဲ့ ပထမအကြိမ်လေလံတင်ခဲ့ပြီး ဩဂုတ် ၁၅ ရက်မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်းအတိနဲ့ ဒုတိယအကြိမ်လေလံတင်ခဲ့တာပါ။  

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီး အချိန် ၂ နှစ်နဲ့ ၃ လနီးပါး ပြင်ပနဲ့အဆက်အသွယ်ဖြတ်ခံထားရပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013