
ကမ္ဘာဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း စံချိန်တင် အပူဆုံးဖြစ်ခဲ့တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်ဟာ စံချိန်တင် အပူဆုံးဖြစ်ခဲ့တဲ့ နှစ်ဖြစ်ပြီး စက်မှုခေတ်မတိုင်မီ အချိန်ကထက် ၁ ဒသမ ၅ ဆဲလ်စီးရပ်စ် ပိုများလာတဲ့ ပထမဆုံးနှစ်လည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် အပါအဝင် ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလက နှစ်ပေါင်း ၂၀၀ အတွင်း စံချိန်တင် အပူဆုံးနှစ် ဖြစ်တယ်လို့လည်း ကမ္ဘာ့မိုးလေဝသက ဖော်ပြပါတယ်။
ဒီလိုအဖြစ်မျိုး ဘယ်တုန်းကမှ မဖြစ်ဘူးကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ ဒါရိုက်တာ ခရစ်ဟီဝစ်က ပြောပါတယ်။
စက်မှုခေတ်မတိုင်မီကာလကို ၁၈၅၀ ကနေ ၁၉၀၀ ခုနှစ်အထိ သတ်မှတ်ထားတာဖြစ်ပြီး လက်ရှိအချိန်မှာ လအလိုက်၊ နှစ်အလိုက် အပူချိန်တွေ စံချိန်တင် မြင့်တက်လာတာပါ။
ဒီဖြစ်ရပ်တွေနဲ့ တဆက်တည်းမှာပဲ ရာသီဥတု ဆိုးရွားမှုတွေလည်း ကမ္ဘာမှာ ကြုံတွေ့ခဲ့ရပါတယ်။ မိုးခေါင်တာ၊ မုန်တိုင်းကျတာ၊ တောပြုန်းတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာတင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကလည်း မကြုံစဘူး အများဆုံးဖြစ်တဲ့ အကြောင်း စစ်တမ်းတွေက ဖော်ပြပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့တွေဖြစ်တဲ့ မီသိန်းနဲ့ နိုင်ထရိုအောက်ဆိုဒ်တို့ဟာ နှစ်ပေါင်း ၈၀၀၀၀၀ အတွင်း မခန့်မှန်းနိုင်တဲ့ အခြေအနေကို ရောက်လာခဲ့တာက စိုးရိမ်စရာ ကောင်းပါတယ်။
ဒါ့ကြောင့် ကမ္ဘာမှာနေထိုင်တဲ့ သက်ရှိမျိုးစိတ်တွေကလည်း ကမ္ဘာကြီးမှာ ပူနွေးလာမှုကို ဘယ်တုန်းကမှ မကြုံဘူးတဲ့ အဖြစ်အပျက်နဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၁၅ ခုနှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ စက်မှုခေတ်မတိုင်မီကထက် အပူချိန်ပိုများလာမှုကို ထိန်းချုပ်ဖို့ ဆွေးနွေးမှု ပြုလုပ်ခဲ့ဖူးပြီး သဘောတူစာချုပ်တွေလည်း ချုပ်ဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကလည်း စံချိန်တင်ခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့နှစ်တွေကထက် ၂ ဆ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ၂၀၁၅ ကနေ ၂၀၂၄ ခုနှစ်အထိ ရေမျက်နှာပြင်အမြင့် ၄ ဒသမ ၇ မီလီမီတာ မြင့်တက်ခဲ့တာက ၁၉၉၃ ကနေ ၂၀၀၂ ခုနှစ်အထိ ၂ ဒသမ ၁ မီလီမီတာ မြင့်တက်တာနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၀၁ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။
Source : Reuters