
ဈေးကွက်မတည်ငြိမ်မှုတွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အုပ်ချုပ်ရေးမူဝါဒတွေကြောင့် သက်ကြီး နိုင်ငံသားတချို့က သူတို့အငြိမ်းစားယူမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြပါတယ်။
အသက် ၇၀ အရွယ် ပညာတတ်ဟောင်း ဗစ်ကီနိုက်ထ်က သူ့ရဲ့ သက်ကြီးရွယ်အိုဖခင်ကို ပြုစုစောင့်ရှောက်ဖို့ ၂၀၀၀ ခုနှစ်မှာ အငြိမ်းစားယူခဲ့သူပါ။
ခုတော့ တပိုင်းတစ အငြိမ်းစားယူထားပြီး လူမှုဖူလုံရေး စရိတ်စကတွေ မကာမိတော့လို့ တပတ်ကို သင်တန်းချိန် ၇ ချိန် သင်ကြားပေးတဲ့ အချိန်ပိုင်း ယောဂနည်းပြအဖြစ် အလုပ်လုပ်နေပါတယ်။
“ဒီအစိုးရနဲ့ အခုအသက်အရွယ်မှာ ဘယ်လိုအခြေအနေတွေ မတည်မငြိမ်ဖြစ်နေပြီလဲ ဆိုတာကို အရမ်းစိုးရိမ်မိပါတယ်” လို့ သူကပြောပါတယ်။
ဘဏ္ဍာရေးအကြံပေးတွေက စိတ်မပူဘဲ အရင်အတိုင်း ပြန်ဖြစ်လာမှာပါလို့ အားပေးပေမဲ့ အသက် ၇၀ ပြည့်ချိန်မှာ ဘယ်လောက်စောင့်ရမှာလဲလို့ သူက ပြောပါတယ်။
Verizon ရဲ့ စွန့်စားစီမံခန့်ခွဲမှုနဲ့ လိုက်နာမှုဆိုင်ရာ အကြီးတန်းဒါရိုက်တာတယောက် ဖြစ်တဲ့ အသက် ၅၄ နှစ်အရွယ် ဗစ်တာ ဖက်တက်စ်က ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်မှာ အနားယူဖို့ စီစဉ်ထားပေမဲ့ အခုနှစ်မှာ သူတို့ဇနီးမောင်နှံရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၇၀,၀၀၀ အရှုံးပေါ်နေပါပြီ။
ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ အီမိုရီတက္ကသိုလ်က ဘဏ္ဍာရေးပါမောက္ခ အသက် ၆၂ နှစ်အရွယ် တက်ခါ ဘက်လ်ခ်က သူ့ရဲ့ အငြိမ်းစားကာလအတွက် ရင်းနှီးမြှုပ်နှံမှု အစုစုကို ပြန်ဖွဲ့စည်းရင်း အမေရိကန် စတော့ခ် ၇၅ ရာခိုင်နှုန်းကို ရေတိုဘွန်းစာချုပ်တွေအဖြစ် ပြောင်းလဲ စုဆောင်းခဲ့ပါတယ်။ အမေရိကန် ကြေးနီ၊ သံမဏိနဲ့ အလူမီနီယံ စတော့ခ်တွေအဖြစ် ပြောင်းခဲ့တာပါ။
ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုကနေ အကျိုးအမြတ်ရမယ်လို့ ယုံကြည်ပြီး တရုတ်စတော့ခ် ၅ ရာခိုင်နှုန်းကိုလည်း ဝယ်ခဲ့ပါတယ်။
“အဲဒါက စက်လှေကားပဲ။ တကယ်တက်လား ဆင်းလားဆိုတာ ကျနော်တို့ မသိသေးပါဘူး” လို့ သူက ပြောပါတယ်။
ဘဏ္ဍာရေးဝန်ကြီး စကော့ထ် ဘက်ဆန့်က ထရမ့်ပ်ရဲ့ ကုန်သွယ်ရေး၊ အခွန်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေဆိုင်ရာ မူဝါဒတွေဟာ စီးပွားရေးကျဆင်းမှု ဖြစ်နိုင်ခြေကို အသိအမှတ်ပြုပေမဲ့ အကျပ်အတည်းထက် “အကူးအပြောင်း” ကို ဦးတည်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
Source : Reuters