DVB Logo
Home
မြန်မာသတင်း
မြန်မာလူဦးရေ ၃ ပုံ ၁ ပုံ စားနပ်ရိက္ခာအကျပ်အတည်းကြုံနေရဟု ကုလပြော
DVB
·
March 14, 2025
မြန်မာလူဦးရေ ၃ ပုံ ၁ ပုံ စားနပ်ရိက္ခာအကျပ်အတည်းကြုံနေရဟု ကုလပြော
Donate to DVB

စစ်အာဏာသိမ်းမှုနဲ့ ပဋိပက္ခတွေကြား မြန်မာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ စားနပ်ရိက္ခာမဖူလုံမှု အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မတ် ၁၃ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝန်း တိုက်ပွဲနဲ့ ပဋိပက္ခတွေ ပြင်းထန်လာခဲ့သလို မြန်မာ့လူဦးရေ ၃ ပုံ ၁ ပုံနီးပါးလောက်ဖြစ်တဲ့ ခန့် မှန်းခြေ လူဦးရေ ၁၅ ဒသမ ၂ သန်းလောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။

“လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ စစ်အုပ်စုဟာ နယ်မြေတွေ ဆက်လက်ဆုံးရှုံးနေတာကြောင့် အကူအညီတွေ ပိတ်ဆို့တာ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေ ဝင်ရောက်ခွင့်ကို ကန့်သတ်တာ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ကန့်သတ်ပိတ်ပင်တာ၊ လူသားချင်းစာနာကူညီရေး လုပ်သားတွေကို ပစ်မှတ်ထားပြီး လက်တုံ့ပြန်တာတွေက ဆိုးရွားနေပြီဖြစ်တဲ့ မြန်မာ့ စားနပ်ရိက္ခာ အကျပ်အတည်းကို တိုးလာစေပါတယ်”လို့ ကုလထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်အုပ်စုက လယ်ယာသုံး စက်ကိရိယာတွေကို ဖျက်ဆီးတာ၊ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေ အသုံးပြုတာကြောင့် လယ်ယာမြေတွေမှာ မလုပ်ကိုင်နိုင်တာကြောင့် ဒေသတွင်း စားနပ်ရိက္ခာ ထုတ်လုပ်မှုအတွက် စိန်ခေါ်မှုတွေကို ပိုမိုဆိုးရွားစေခဲ့သလို ထွန်ယက်စိုက်ပျိုးနိုင်တဲ့ မြေနေရာတွေမှာတောင် ဆက်လက်မနေနိုင်ပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာမျိုးတွေအပြင် အတင်းအကျပ် စစ်မှုထမ်းခိုင်းစေခံရမှုတွေက ဘေးလွတ်ရာ ထွက်ပြေးနေရတာကြောင့်ပါ လုပ်သားရှားပါးမှုနဲ့ပါ ကြုံတွေ့နေ ရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာနိုင်ငံတဝန်းမြို့နယ်တွေရဲ့ ၉၆ ရာခိုင်နှုန်းလောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို စစ်တပ်အာဏာသိမ်းမှုရဲ့ သက်ရောက်မှုက မြန်မာ့လယ်ယာထွက်ကုန်ကဏ္ဍကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပြီး သီးနှံအထွက်နှုန်း သိသိသာသာ ကျဆင်းကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကိုလည်း ပျက်ပြားစေခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့စီးပွားရေး ဆုတ်ယုတ်မှုက စားနပ်ရိက္ခာဖူလုံမှုကို ပိုမိုထိခိုက်စေသလို အခု ၂၀၂၅ ခုနှစ်ထဲမှာ ဆန်၊ ပဲ၊ ဆီ၊ ဆား အပါအဝင် အခြေခံစားနပ်ရိက္ခာ ကုန်ကျစရိတ်တွေဟာ အရင်နှစ်နဲ့ နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်း တိုးလာမယ်လို့လည်း ခန့်မှန်းထားပြီး မကြာသေးမီက အမေရိကန် သမ္မတ အမိန့်ကြောင့် နိုင်ငံရပ်ခြားအကူအညီတွေ ဆိုင်းငံ့လိုက်တာကလည်း ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိ လာမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာ အခုနှစ်အစမှာ ၃ သန်းခွဲအထိ မြင့်တက်လာခဲ့ပြီး စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းတဲ့ ရေရရှိမှု အကန့်အသတ်တွေနဲ့ ပြည့်ကျပ်နေတဲ့ စခန်းတွေထဲ ပိတ်မိနေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသား လူနည်းစုတွေ နေထိုင်ရာ ရခိုင်ပြည်နယ်မှာလည်း အထူးစိုးရိမ်ရတဲ့ အခြေအနေဖြစ်လာနေသလို လူပေါင်း ၂ သန်းလောက် အစာရေစာ ငတ်မွတ်မှုဘေး ကြုံတွေ့နေရကြောင်း UNDP က သတင်းထုတ်ပြန်ထားခဲ့တာပါ။

၂၀၂၃ ခုနှစ်ကတည်းက မြန်မာစစ်တပ်က ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအားလုံးနီးပါးကို လုံးလုံးလျားလျား ပိတ်ဆို့ထားမှုက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ပြီး စစ်ရာဇ၀တ်မှုတခု ဖြစ်လာဖွယ်ရှိသလို မြန်မာစစ်အုပ်စုနဲ့ အာရက္ခတပ်တော် (AA) တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံမှုအခြေအနေ ပိုမိုနက်ရှိုင်းလာခဲ့ပြီး အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာ၊ ဆန်စပါးနဲ့ စားနပ်ရိက္ခာဆိုင်တွေ ပျက်စီးဆုံးရှုံးတာ၊ မျိုးစေ့နဲ့ ဓာတ်မြေသြဇာတွေ လက်လှမ်းမီမှု နည်းပါးတာတွေကိုပါ ဖြစ်ပေါ်စေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေက ကလေးသူ ငယ်တွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိခဲ့ပြီး ၅၅ ရာခိုင်နှုန်းလောက်ဟာ အခုအခါ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

အစားအစာဈေးနှုန်းကြီးမြင့်တာ၊ ငွေကြေးဖောင်းပွမှုနဲ့ အိမ်ထောင်စုဝင်ငွေကျဆင်းမှုတွေကြောင့် အစားအသောက်အရည်အသွေးကို ဆိုးရွားစွာကျဆင်းစေပြီး အသက် ၆ လ ကနေ ၂၃ လအတွင်း ကလေးသူငယ် ၄၀ ရာခိုင်နှုန်းကျော်ဟာ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရရှိတဲ့ အစားအစာတွေကို စားသုံးနိုင်ခြင်း မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေး ဟောပြောချက်တွေထက် ကျော်လွန်ပြီး အသက်ကယ်ရိက္ခာအကူအညီ လိုအပ်နေတဲ့ လူဦးရေအားလုံးဆီ ရောက်ရှိကြောင်း သေချာစေဖို့ ရရှိနိုင်တဲ့ အစီအမံအားလုံးကို ဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုကြောင်းလည်း ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ စားနပ်ရိက္ခာ၊ အသက်မွေးဝမ်းကျောင်းနဲ့ အရင်းအမြစ်တွေကို ပိတ် ဆို့ထားတာတွေကို တန်ပြန်နိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အေဂျင်စီတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အတိုက်အခံအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံရ မှာဖြစ်သလို စစ်အာဏာရှင်ထိန်းချုပ်နယ်မြေမဟုတ်တဲ့ ဒေသတွေကို ဝင်ရောက်ခွင့်ရရှိ နိုင်ဖို့ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013