DVB Logo
Home
မြန်မာသတင်း
မြဝတီကျားဖြန့်တွင် လူကုန်ကူးခံရသူ တရုတ်နိုင်ငံသားများ ထိုးကြိတ်ဆူပူမှုဖြစ်
DVB
·
March 6, 2025
မြဝတီကျားဖြန့်တွင် လူကုန်ကူးခံရသူ တရုတ်နိုင်ငံသားများ ထိုးကြိတ်ဆူပူမှုဖြစ်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကို ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ လူကုန်ကူးခံရသူတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပေမဲ့ တရုတ်နိုင်ငံသား အချင်းချင်း ထိုးကြိတ်ဆူပူတာတွေ ရှိတယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က စတင်ပြီး ရွှေကုက္ကို ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်းကူးခံရတဲ့သူတွေကို BGF က ကျားဖြန့်လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့က စစ်ဆင်ရေးတရပ်အနေနဲ့ နေရာပေါင်းစုံကနေ လိုက်လံစစ်ဆေးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီကနေ လူဦးရေ ၇၀,၀၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ကာ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်စေလွှတ်နိုင်ဖို့ စစ်ဆေးတာတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်က စတင် အသုတ်လိုက် အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ပြန်လည်စေလွှတ်ခဲ့ပါတယ်။

ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “မနေ့ညကလည်း ဖြစ်သေးတယ်။ အချင်းချင်း ထိုးကြ ကြိတ်ကြ။ ကိုယ်တို့ဆီက ဝင်ဆွဲရင်း ထိုးခံရတယ်။ ကိုယ်တို့လည်း အကောင်းဆုံး စောင့်ရှောက်ထားတာပဲလေ။ ကိုယ်တို့ ပြန်ပို့တဲ့အခြေအနေချိန်ခါထိ သူတို့က အမြဲတမ်း အဲလို နည်းနည်းလေး သွေးဆူ ပြဿနာရှာတာများတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ပွဲဆူအောင်လုပ်ချင်တဲ့ ပုံစံတော့ရှိတယ်။ လက်ရှိကတော့ ကျနော်တို့ စကားပြန်ကနေတဆင့် ခေါ်တွေ့တယ်။ ဘာကိစ္စကြောင့် ဘယ်လိုဖြစ်တာလဲ။ ကျနော်တို့က သူတို့ကို ကူညီကယ်တင်ပေးထားရတာ။  ဒီလိုမျိုးမဆက်ဆံရဘူး။ ရှင်းပြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဘယ်တော့ပြန်ရမလဲ” လို့ ပြောပါတယ်။

မတ် ၆ ရက်မှာ တရုတ်နိုင်ငံသား ၄၅၆ ယောက်ကို အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးနိုင်ဖို့ BGF က မြန်မာနိုင်ငံ တာဝန်ရှိသူတွေကတဆင့် လွှဲပြောင်းပေးခဲ့ပါတယ်။

ဆက်လက်ပြီး ၇ ရက်မှာ ၄၅၆ ယောက်၊ ၈ ရက်မှာ ၄၅၆ ယောက်၊ ၉ ရက်မှာ ၇၁ ယောက်ကို ထပ်မံလွှဲပြောင်းပေးသွားမယ်လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

အကောင်းဆုံး စောင့်ရှောက်ထားတဲ့ကြားက တရုတ်နိုင်ငံသားအချင်းချင်း ရုန်းရင်းဆန်ခတ် ဖြစ်တာတွေ ရှိတယ်လို့ ရွှေ့ပြောင်းလုပ်သားစောင့်ကြည့်လေ့လာရေးအဖွဲ့ (MMG) မှ  ဦးအောင်မြတ်က ပြောပါတယ်။

“သူတို့က ထိန်းသိမ်းရေးစခန်းထဲမှာ ထည့်ထားတဲ့ခါကျတော့ ယောကျ်ားလေး မိန်းကလေး ခွဲတယ်။ ညအိပ်ချိန် လူခွဲထားတဲ့အချိန်ကျတော့ ဟိုဘက်အဖွဲ့မှာ သူ့ကောင်မလေး ပါသွားတယ်၊ ငါ့ကောင်မလေး ပါသွားတယ် ဆိုတဲ့ဟာမျိုးတွေပေါ့။ အဲဒါမျိုးတွေဖြစ်ပြီး လူစုခွဲတယ်။ မိန်းမနဲ့ ယောကျ်ားနဲ့ကလည်း ညအိပ်တော့ မီးမှောင်လိုက်တာနဲ့ ဝရုန်းသုန်းကား အမြဲဖြစ်တယ်။ သူတို့ဆီက လူကိုပဲ ခေါင်းဆောင်ပေးထားပြီး ဝါးရင်းတုတ်တွေပေးထားပြီး ဝါးရင်းတုတ်နဲ့မှ ငြိမ်သွားတယ်။”

ထိုင်းနိုင်ငံက အိမ်နီးချင်းနယ်စပ်ဒေသတလျှောက် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို နှိမ်နင်းတဲ့အနေနဲ့ ဖေဖော်ဝါရီ ၅ ရက်ကစပြီး ထိုင်းကနေ သွယ်တန်းပေးနေတဲ့ အင်တာနက်လိုင်း၊ လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေ ဖြတ်တောက်ခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမှာ ကျားဖြန့်လုပ်ငန်းတွေကနေ တရုတ်၊ မလေးရှားနဲ့ ဖိလစ်ပိုင် အပါအဝင် နိုင်ငံ ၂၀ ကျော်က လူကုန်ကူးခံရသူ ၆,၀၀၀ ကျော်ကို ပြန်လည်ပို့ဆောင်ဖို့ ကျန်ရှိနေသေးတယ်လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် (BGF) က ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်စီးနင်းပြီး နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံခြားသား ၇,၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးနိုင်ရေး လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ မတ် ၁ ရက်က ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ ကျားဖြန့်လုပ်ငန်းကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူဦးရေ များပြားတာကြောင့် သူတို့တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အခက်အခဲရှိနေတဲ့အတွက် ကျားဖြန့်၊ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်တာတွေကို ယာယီရပ်ထားတယ်လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF)၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့က ကျားဖြန့်၊ လူမှောင်ခိုပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်က ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကလည်း မြဝတီမြို့နယ်က ကျားဖြန့် ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ နိုင်ငံ ၂၂ နိုင်ငံက ကျားဖြန့်ဝန်ထမ်း ၄၄၃ ယောက်ကို သီတင်း ၂ ပတ်အတွင်း ရှာဖွေစုဆောင်းထားပြီး ထိုင်းနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က ပြောကြားလိုက်တာပါ။

ဒီလူတွေကို လွှဲပြောင်းလို့မရသေးတာကြောင့် လက်ခံကျွေးမွေးထားရပြီး အခက်အခဲရှိတယ်လို့လည်း   ဗိုလ်ချုပ်စောဆန်းအောင်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း မြဝတီမြို့နယ် ကျောက်ခက်ဒေသက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ ခိုင်းစေခံနေရတဲ့ နိုင်ငံခြားသား ၂၆၁ ယောက်ကို DKBA က ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ဘက်ဆီ လွှဲပြောင်းပေးခဲ့ပါသေးတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013