
ပြီးခဲ့တဲ့ ၂၀၂၄ တနှစ်တာအတွင်း ရခိုင်ပြည်နယ်က DVB သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ အပါအဝင် သတင်းသမား ၁၂၂ ယောက် သတ်ဖြတ်ခံခဲ့ရပြီး အဲဒီထဲမှာ အမျိုးသမီး သတင်းသမား ၁၄ ယောက်အထိ ပါဝင်နေတယ်လို့ နိုင်ငံတကာ သတင်းသမားများအဖွဲ့ချုပ် (IFJ) က ပြောပါတယ်။
တနှစ်တာအတွင်း အသတ်ခံရတဲ့ သတင်းထောက်တွေ၊ မီဒီယာဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ IFJ အဖွဲ့က ၃၄ ကြိမ်မြောက် နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။
IFJ အဖွဲ့ ဥက္ကဋ္ဌ ဒေါမနစ် ပရာဒလီက “ဒီနှစ်ဟာ ဂျာနယ်လစ်တွေအတွက် အသေအပျောက် အများဆုံးနှစ်တွေထဲက တနှစ်ဖြစ်ပြီး ပါလက်စတိုင်းဟာ အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် ၂ နှစ် ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။ ကျမတို့ အကြိမ်ကြိမ်တောင်းဆို သတိပေးနေတဲ့ကြားက အစ္စရေးက ပါလက်စတိုင်း၊ လက်ဘနွန်နဲ့ ဆီးရီးယားမှာ သတင်းထောက်တွေကို သတ်ဖြတ်မှုတွေ ဆက်လုပ်နေတယ်။ အစ္စရေးရဲ့ ဂျာနယ်လစ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေက အပြစ်ကင်းလွတ်နေရမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
DVB သတင်းဌာနနဲ့ တခြားသတင်းဌာနတချို့မှာ လုပ်ကိုင်ခဲ့ဖူးတဲ့ သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း (ခ) ဖိုးသီဟကိုတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က သူ့နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာတော့ မြောက်ဦးမြို့ရဲစခန်းကို အာရက္ခတပ်တော် (AA) က သိမ်းခဲ့ပြီး နောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကျဉ်းသားတွေကို ခေါ်ယူသွားခဲ့ကာ နောက်ပိုင်းမှာတော့ သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ အပါအဝင် အကျဉ်းသား ၇ ယောက်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလထဲမှာ မြေမြှုပ်သတ်ပစ်ခဲ့ပြီး ဗုံးခိုကျင်းတခုထဲမှာ ပြန်လည်တွေ့ရှိရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ထဲမှာ ကိုမြတ်သူထွန်း (ခ) ဖိုးသီဟဟာ ၅ ယောက်မြောက် သတင်းထောက် ဖြစ်လာပါတယ်။
သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့နဲ့ ဖမ်းဆီးထားတဲ့ သတင်းသမားတွေ အမြန်ဆုံးလွတ်မြောက်ရေး ဖိအားပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)၊ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) တို့လို အဖွဲ့အစည်းတွေကလည်း ထုတ်ပြန် တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ တနှစ်တာအတွင်းမှာတော့ အရှေ့အလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာက သတင်းသမားတွေ သေဆုံးမှုနှုန်းက ဆိုးရွားခဲ့ပြီး စုစုပေါင်း ၇၇ ယောက်အထိ ရှိလာခဲ့ကာ သေဆုံးမှု အများစုကတော့ ဂါဇာနဲ့ လက်ဘနွန် စစ်ပွဲတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာရှ-ပစိဖိတ်ဒေသတွင်းမှာတော့ သတ်ဖြတ်ခံရတဲ့ သတင်းထောက် ၂၂ ယောက် ရှိခဲ့သလို အာဖရိကမှာ ၁၀ ယောက်၊ အမေရိကမှာ ၉ ယောက်နဲ့ ဥရောပမှာ ၄ ယောက် ရှိခဲ့တယ်လို့ IFJ အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာတဝန်း သတင်းထောက်တွေ သတ်ဖြတ်ခံရမှု အဆုံးသတ်ရေးနဲ့ သတင်း သမားတွေ ဘေးကင်းရေးနဲ့ လွတ်လပ်ရေးအတွက် IFJ ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းကို အမြန်ဆုံး လက်ခံနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို တောင်းဆိုထားပါတယ်။