DVB Logo
Home
မြန်မာသတင်း
မြန်မာကျူအာ MMQR စနစ် တွင်ကျယ်ရန်  အချိန်ယူရနိုင် 
DVB
·
March 3, 2025
မြန်မာကျူအာ MMQR စနစ် တွင်ကျယ်ရန်  အချိန်ယူရနိုင် 
Donate to DVB

စစ်ကောင်စီ ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် မိတ်ဆက်လာတဲ့  မြန်မာကျူအာ MMQR စနစ်ဟာ သုံးစွဲသူအနည်းအများအပေါ် မူတည်ပြီး အချိန်ယူရနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဘဏ်ဝန်ထမ်းတွေက ပြောပါတယ်။

ဒစ်ဂျစ်တယ်ငွေပေးချေရေး မြန်မာကျူအာ (MMQR) စနစ်ကို စတင်အသုံးပြုနိုင်ပြီးဖြစ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က စတင်မိတ်ဆက်လိုက်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ အကောင်အထည်ဖော်ခဲ့တဲ့ မြန်မာကျူအာ (MMQR) စနစ်ဟာ မတူညီတဲ့ ဘဏ်စာရင်း၊ မတူညီတဲ့ ငွေပေးချေမှု၊ မတူညီတဲ့ ဒစ်ဂျစ်တယ်မိုဘိုင်းငွေကြေးတွေကို လွှဲပြောင်း၊ လက်ခံရာမှာ ချိတ်ဆက်အသုံးပြုနိုင်တဲ့ စနစ်တခု ဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ ဘဏ်ဝန်ထမ်းတယောက်က “အရင်ကတော့ Pay တွေကတော့  သူ့ဘာသာသူ  Pay သတ်သတ်စီ ရှိတာပေါ့နော်။ ဒါ ကမ္ဘောဇဆိုရင် KBZ Pay ရှိတယ်။ အခုဆို နောက်မှတက်လာတဲ့ A Bank တို့ ဘာတို့ဆိုရင်လည်း A+ wallet ဆိုပြီးပေါ့နော် A+ Pay ပေါ့နော်။ ဒါပေမဲ့ အဲဒီ Pay တွေက အမှန် တခုနဲ့တခု ချိတ်ဆက်ထားတာ မရှိဘူးပေါ့နော်။ သူ့ပေးနဲ့ သူ့ပလက်ဖောင်းနဲ့သူ သွားပြီးတော့ ‌သူ့ရဲ့ ငွေပေးချေမှုစနစ်နဲ့ သူ့ဘာသာသူ ဆောင်ရွက်နေရတာပေါ့။ ဆောင်ရွက်နေရတဲ့ အပေါ်မှာ အခုကျတော့ အစိုးရကနေပြီးတော့ Pay တွေအားလုံးကို တစုတစည်းတည်းပဲပေါ့နော် MMQR QR ကုတ်ပေါ်မှာ QR code ဖတ်လိုက်တာနဲ့ ဘယ်ဟာနဲ့မဆို ပေးလို့ရတဲ့ စနစ်မျိုးကို သူတို့ ပုံဖော်တာပေါ့နော်။”

“လျင်မြန်လွယ်ကူစွာ ငွေပေးချေနိုင်သည့် နိုင်ငံတော်အဆင့် ကျူအာကုတ်စနစ်၊ မြန်မာကျူအာ (MMQR) ကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ အများပြည်သူများ အနေဖြင့် ယနေ့မှစတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပထမဦးစွာ အသိပေး ပြောကြားလိုတယ်” လို့ ဖေဖော်ဝါရီ ၂၇ ရက်‌က နေပြည်တော်မှာ ပြုလုပ်တဲ့ MMQR စတင်မိတ်ဆက်တဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။

MMQR အသုံးပြုပြီး ငွေပေးချေမှုနဲ့ အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်တာ၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းတွေ လစာပေးတာတွေ၊ ပင်စင်ထုတ်ပေးတာတွေ၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီ အရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံတွေ၊ ကျောင်းနဲ့ လူသုံးကုန်ပစ္စည်းတွေ ရောင်းတဲ့နေရာတွေမှာ မြန်ဆန်ပြီး ငွေပေးချေမှုစနစ် ဖြစ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့မှာတာဝန်ကျတဲ့ ဘဏ်ဝန်ထမ်းတယောက်က “အစိုးရကတော့ စောနက ပြောသလို သူ့ရဲ့ အသုံးစရိတ် လျှော့ချတာပေါ့နော်။ စောနကပြောသလို ငွေစက္ကူတွေ ရိုက်ထုတ်ရတာတွေ၊ မင်တွေ အသုံးပြုရတာတွေ ဒီအပေါ်မှာတော့ သူက အသုံးစရိတ် လျှော့ချလိုက်နိုင်တယ် ဆိုတဲ့ ဟာမျိုးတော့ ဦးတည်ပြီးတော့ လုပ်တာပေါ့နော်။ ဒါကတော့ ဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မလဲ ဆိုတာကတော့ နောက် သူတို့ launching လုပ်ပြီးလို့ တကယ်အသုံးပြုပြီး နောက်ပိုင်းဆိုရင်တော့ သိရတော့မှာပေါ့နော်” လို့ ပြောပါတယ်။

ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တယောက်ကလည်း ဒီ MMQR စနစ်ကို သုံးတဲ့သူ အနည်းအများပေါ် မူတည်ပြီး ဒီစနစ်က လည်ပတ်နိုင်ဖို့ အချိန်ယူရဦးမယ်လို့ထင်ကြောင်း ဆိုပါတယ်။

ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တယောက်က “သုံးတဲ့လူ များလား၊ မများလားပေါ်ပဲ မူတည်တယ်။ သုံးတဲ့သူ မရှိဘူးဆိုရင် ကိုယ်က ငွေလက်ခံတာ ရပြီး ကိုယ် ပြန်သုံးတဲ့နေရာမှာ အဲဒီစနစ်ကို မသုံးဘူးဆိုရင် ငွေတွေက လည်ပတ်တာ သိပ် ဟိုဟာမဖြစ်ဘူး။ အဆင်ပြေပြေ မလည်ပတ်ဘူး။ အခုဒီမှာဆိုလည်း အဲဒီလိုပဲလေ Kpay တို့ ဘာတို့က သုံးတဲ့သူများတယ်ဆိုရင် Kpay နဲ့ ရောင်းတာ ဝယ်တာက အဆင်ပြေတယ်။ တခြား pay တွေ ရှိတယ်လေ၊ UAB pay တို့ A pay တို့ ဘာတို့ကျတော့ သုံးတဲ့သူ နည်းတဲ့အခါကျတော့ ကိုယ် ငွေလက်ခံတာက အဆင်ပြေတယ်၊ ကိုယ့်ငွေ ပြန်သုံးတဲ့ချိန်၊ ကိုယ် ရောင်းလိုက်တာက A pay နဲ့ ရောင်းလိုက်တာ၊ ရောင်းလိုက်ပြီးတော့ ကိုယ် ပြန်ဝယ်တဲ့ဆီက ‌A pay မသုံးဘူးဆိုရင် ကိုယ်က အဲဒီဟာ သုံးလို့က မရပြန်ဘူး။ အဓိကက သုံးတဲ့သူ အနည်းအများပေါ် မူတည်သေးတော့။ အဲဒီတော့ သူ့စနစ်ကို ထဲထဲဝင်ဝင် လည်ပတ်ဖို့က အချိန်ယူရဦးမယ်လို့တော့ ထင်တာပဲ” လို့ ပြောပါတယ်။

အမျိုးသားငွေပေးချေမှု မဟာဗျူဟာအရ နိုင်ငံတော်အဆင့် စံနှုန်းဖြစ်တဲ့ မြန်မာ ကျူအာ (MMQR) စနစ်ကို အကောင်အထည်ဖော်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ချမှတ်ဆောင်ရွက်ခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာမှာ မိတ်ဆက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013