
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ ကန်ချနဘူရီမြို့ကို လာရောက်လည်ပတ်တဲ့ မြန်မာခရီးသည်တွေနဲ့အတူ လိုက်ပါတဲ့ မြန်မာဧည့်လမ်းညွှန် ၃ ယောက်ဟာ ကန်ချနဘူရီခရိုင် စစ်ဆေးရေးဂိတ်တခုမှာ ပြီးခဲ့တဲ့ မတ် ၁ ရက်က စစ်ဆေး ဖမ်းဆီးခံခဲ့ရပါတယ်။
ဧည့်လမ်းညွှန် ၃ ယောက်ဟာ တရားမဝင် ဧည့်လမ်းညွှန်လုပ်ကိုင်မှု၊ Work permit သက်တမ်း ကျော်လွန်ပြီး နယ်ကျော်ခရီးသွားလာမှုနဲ့ စစ်ဆေးမေးမြန်း ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံရပြီးနောက် သူတို့ဟာ ထိုင်းအာဏာပိုင်တွေဆီ တယောက်ကို ဒဏ်ငွေ ဘတ် ၅၀,၀၀၀ စီ ပေးဆောင်ခဲ့ရပြီး လက်ရှိမှာတော့ ပြန်လည်လွတ်မြောက်လာပြီလို့ နီးစပ်သူတွေဆီက သိရပါတယ်။
“အဖမ်းရတာကတော့ ဒီလိုဗျ။ ကျနော်တို့ အဲ့ကိုသွားတဲ့ ဧည့်သည်တွေနဲ့ သူတို့ လမ်းညွှန်ပေးတဲ့ မြန်မာပြည်သားက ခင်မင်ရင်းနှီးတဲ့ ဧည့်သည်တွေကို မိတ်ဆွေအနေနဲ့ နားလည်မှုနဲ့ ဒီလိုပဲ လိုက်ပို့ပေးတာ။ အဓိကတော့ ကားဆရာက သူ့ကို ဂိုက်ပါ ဆိုပြီး လက်ညှိုးထိုးပြီး ရှောင်ထွက်သွားတာ။ ရှောင်ထွက်သွားတော့ အဲ့မှာ စငြိပြီး ဖမ်းခံလိုက်ရတာ။ ကားဆရာ ကားကျတော့လည်း ခရီးသည်တင်ဆောင်ခွင့် မရှိဘူး။ ထိုင်းနိုင်ငံမှာ ခရီးသည် တရားဝင် ပို့ဆောင်ခွင့်ရတာ ကားနံပါတ်အဝါပဲ ပို့ခွင့်ရတာ။ သူကကျတော့ ကားနံပါတ် အဖြူကိုမှ ကာလာအရောင်ခြယ်တဲ့ ကားဆိုတော့ တကယ်တော့ သူလည်း ထိမှာပေါ့။ မြန်မာတွေနဲ့ ဧည့်သည်တွေကို ထားပြီး ပြန်ထွက်သွားတာပေါ့။”
ဧည့်လမ်းညွှန်တွေနဲ့ နီးစပ်သူက “ပြန်တော့လွတ်လာတာပေါ့။ ဒါပေမဲ့ နယ်ကျော်တာရယ်၊ ဆောင်လိုက်ရတဲ့ ဒဏ်ကြေး ၅၀,၀၀၀ ရယ်၊ နယ်ကျော်တာတခုအတွက် ဒဏ်ကြေး ဆောင်လိုက်ရတယ်။ ဧည့်လမ်းညွှန် ၃ ယောက်က တယောက်ကို ဘတ် ၅၀,၀၀၀ ဆီ ဆောင်ပြီး ဘန်ကောက်ကို ပြန်ရောက်နေပြီ။ မြန်မာပြည်တော့ ပြန်အပို့မခံရဘူး။ လူဟောင်းတွေ သက်တမ်းမတိုးထားတော့ ဧည့်သည်ပို့ဆောင်တာရယ်၊ နယ်ကျော်တာရယ် ဖြစ်သွားပြီး ဒဏ်ကြေး တယောက်ကို ဘတ် ၅၀,၀၀၀ စီ ပေးလိုက်ရတယ်” လို့ DVB ကို ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ကိုင်ခွင့် ကန့်သတ်ထားတဲ့ အလုပ် ၂၇ မျိုး ရှိပါတယ်။ အဲဒီထဲမှာ ပွဲစားအလုပ်၊ ဆံပင်ညှပ် အလှပြင်၊ ထိုင်းရိုးရာအနှိပ်၊ ဧည့်လမ်းညွှန်၊ ခရီးသွားလုပ်ငန်း၊ ကျောက်မျက်ရတနာ၊ ဈေးဆိုင်ဖွင့်လှစ်တာ၊ ဥပဒေရေးရာ ဝန်ဆောင်မှုနဲ့ ပန်းချီ ပန်းပု စတဲ့ အနုပညာအလုပ်တွေလည်း ပါဝင်ပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက “နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ လုပ်ခွင့်မရှိလို့ ကန့်သတ်ထားတဲ့ အလုပ်အကိုင်တွေထဲမှာ ကား ခေါက်တို ခေါက်ရှည် ဆွဲတာ၊ ပွဲစားလုပ်တာ၊ တရားဥပဒေ အကျိုးဆောင်လုပ်တာ၊ အလှပြင်ဆိုင်ဖွင့်တာ၊ ရတနာပစ္စည်းတွေ ကျောက်သွေးတာ၊ ဈေးဆိုင်ဖွင့် တည်ခင်းရောင်းချတာတို့ ပါဝင်တယ်။ ကုန်ကုန်ပြောရင် လိင်မှုဖျော်ဖြေရေးကအစ နိုင်ငံခြားသား လုပ်ခွင့်မရှိဘူး” လို့ ပြောပါတယ်။
နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ ကန့်သတ်အလုပ်တွေမှာ လုပ်ကိုင်နေတာ တွေ့ရင် ဒဏ်ကြေး အမြင့်ဆုံး ဘတ် ၅၀,၀၀၀ အပြင် ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့် ၂ နှစ် ပိတ်သိမ်း အရေးယူမယ်လို့လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှာ ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို စစ်ဆေးဖမ်းဆီးဖို့ ထိုင်းရဲချုပ် အမိန့်ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၄ ရက်အထိ တပတ်တာအတွင်း ဥပဒေနဲ့မညီတဲ့ နိုင်ငံခြားသား ၉,၅၀၀ ကျော် ဖမ်းမိခဲ့ရာ မြန်မာ အယောက် ၅,၀၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။
ဇွဲသစ်