Home
အနုပညာ
ပြည်သူကပေးတဲ့ အကယ်ဒမီဘယ်သူရမလဲ
DVB
·
February 10, 2025
academy
academy2_09022025
aung-myint-myat
d9d55cd1-a7f5-4927-a223-0614a2f9d8dc
daung
pai-phyoe-thu

သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ “အကယ်ဒမီရုပ် ကမ်ပိန်း live စကားဝိုင်းတခုကို ဒီနေ့ညမှာ ဒီဗွီဘီက ထုတ်လွှင့်ခဲ့ပါတယ်။ ဒီစကားဝိုင်းမှာ သရုပ်ဆောင် ပိုင်ဖြိုးသု၊ ဒေါင်း၊ အောင်မြင့်မြတ် နဲ့ Host အဖြစ် Wendy တို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

အကယ်ဒမီရုပ်ဟာ ပြည်သူ့အစိုးရ အန်အယ်လ်ဒီလက်ထက် ၂၀၁၈ ခုနှစ်က အကယ်ဒမီ ဆုပေးပွဲမှာ သရဲမ၊ ဘီလူးမနှင့် မိန်းမပျိုဇာတ်ကားမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအဖြစ် ပိုင်ဖြိုးသု ရရှိခဲ့တာဖြစ်ပါတယ်။

တော်လှန် အနုပညာရှင်တယောက်ဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုဟာ စစ်ဘေးရှောင်ပြည်သူတွေ၊ စစ်ဘေးရှောင် မိသားစုတွေကို ကူညီပေးနိုင်ဖို့ အကယ်ဒမီရုပ် ကမ်ပိန်းကို ဖေဖော်ဝါရီ ၁ ရက်ကနေ ရက် ၂၀ အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီကမ်ပိန်းကို ပိုင်ဖြိုးသု အကယ်ဒမီရုပ်ကမ်ပိန်းလို့ အမည်ပေးထားပြီး ဒီကမ်ပိန်းမှာ ပါဝင်လှူဒါန်းသူတွေကို မဲနှိုက်ပြီး ဆုလက်ဆောင်တွေပေးသွားမှာ ဖြစ်ပါတယ်။

ဆုလက်ဆောင်အဖြစ် ပထမဆုကို ပိုင်ဖြိုးသုရဲ့ အကယ်ဒမီ ရွှေစင်ရုပ်တု ရရှိမှာပါ။ ဒုတိယဆုကတော့ ပိုင်ဖြိုးသု လက်မှတ်ပါရှိတဲ့ ရွှေဆွဲကြိုး ၁ ကုံး နဲ့ တတိယဆုကတော့ ပိုင်ဖြိုးသု ဝတ်ဆင်ခဲ့ဖူးတဲ့ တွယ်ချိတ်နားကပ်နဲ့ ပုံစံတူ ရွှေနားကပ် ၃ ရန်တို့ပဲ ဖြစ်ပြီး ကမ်ပိန်းမှာပါဝင်တဲ့ ပြည်သူ ၅ ယောက်ကိုလည်း အမှတ်တရပစ္စည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းမှာ ပြောကြားခဲ့တဲ့ စကားတချို့ကို ကောက်နုတ် ဖော်ပြပေးထားပါတယ်။ 

“ရှားရှားပါးပါးလုပ်တဲ့ ကမ်ပိန်းလေးတခုမှာ ကိုယ့်ပြည်သူတွေ တတ်နိုင်သလောက် များများကို လှူခွင့်ရချင်တယ်” (ပိုင်ဖြိုးသု)

“အဓိက ကတော့ သုက ကိုယ့်မှာရှိတဲ့ ကိုယ်တန်ဖိုးထားတဲ့အရာလေးတခုကို အရင်းတည်ပြီးတော့ အခုက တိုင်းပြည်အနှံ့မှာ စစ်ပွဲတွေက အများကြီးဖြစ်နေတာလေ။ အထူးသဖြင့် လေကြောင်းရန်ကနေ ဗုံးကြဲတာတွေ ဘာတွေကြောင့် ရိုးရိုးသာမန်ပြည်သူတွေ နေအိမ်စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေ အများကြီးပဲ။ အဲလိုမိသားစုတွေကို ကူညီပေးချင်တယ်။ ဒီကမ်ပိန်းလေးကနေ ရလာတဲ့ အလှူငွေတွေအားလုံးကို မြေပြင်မှာ တကယ်လိုအပ်နေတဲ့ နေရာတွေကို အခုဆို သုတို့ လင့်တွေလည်း လျာထားပြီးပြီ။ ဒါပေမဲ့ ကမ်ပိန်းက ဘယ်လောက် ရမယ်ဆိုတာ မသိနိုင်သေးဘူးပေါ့။ ကမ်ပိန်းပြီးသွားတဲ့ စာရင်းတွေ ပြီးတာနဲ့ ရပြီဆိုတာနဲ့ ဘယ်နှဖွဲ့ကိုတော့ လှူနိုင်မယ်ဆိုတာကို သေချာသိရမယ်။ အခုတော့ လောလောဆယ်လျာထားတာ အဖွဲ့ ၄၀ လောက်ရှိတယ်၊ ကမ်ပိန်းရဲ့ အောင်မြင်မှုကတော့ သု တကယ်မျှော်လင့်တယ်။ ဘာလို့ဆိုတော့ ရှားရှားပါးပါးလုပ်တဲ့ ကမ်ပိန်းလေးတခုမှာ ကိုယ့်ပြည်သူတွေ တတ်နိုင်သလောက် များများကို လှူခွင့်ရချင်တယ်၊ ဆိုတော့ အဲဒါလေးတော့ မျှော်လင့်တယ်။ သု စိတ်ထဲမှာ အမြဲတမ်းခံယူတာက ပြည်သူနေရာပေးမှ သရုပ်ဆောင်ဖြစ်ကြတာ။ ကိုယ်ဘယ်လောက် သရုပ်ဆောင်ချင်တယ်၊ ကိုယ်ဘယ်လောက် ရုပ်ရှင်ကားတွေ အများကြီးရိုက်ထား ရိုက်ထား ပြည်သူက လက်မခံဘူး၊ ပြည်သူက အားမပေးဘူး၊ ကိုယ့်သရုပ်ဆောင်မှုတွေကို မကြည့်ဘူးဆိုရင် သုတို့ ဘယ်လိုမှ ရပ်တည်လို့မရဘူး။ ဒီအကယ်ဒမီရုပ် ဆိုတာကလည်း ပြည်သူရဲ့ ထောက်ခံအားပေးမှုကြောင့် ရတယ်လို့ပဲ သု ခံယူတယ်။ ဒါကြောင့် ကိုယ့်ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ပြည်သူတွေလက်ထဲပဲ ပေးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တာ။ ဒါကြောင့်မို့ သု တို့နဲ့အတူ ပါဝင်အလှူပြုတယ်လို့ သဘောထားပြီး ဒီကမ်ပိန်းမှာ ပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်။” 

“တော်လှန်ရေးလုပ်နေတာ ကျရှုံးဖို့ သွားနေတဲ့ လမ်းမဟုတ်ဘူး” (ဒေါင်း)

“ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ဒီလိုကမ်ပိန်းတွေကို သတိပေးဖို့လိုတယ်။ ဈေးအများကြီး သတ်မှတ်ထားတာမဟုတ်ဘူး ကိုယ်တတ်နိုင်သလောက် ဘယ်လောက်ပဲ တတ်နိုင်တတ်နိုင်၊ ဘယ်လောက်ပဲ ပေးနိုင်ပေးနိုင် ပါဝင်လိုက်တာကတော့ ကိုယ့်ပြည်သူအချင်းချင်း မျှဝေတာဖြစ်တယ်။ ဒီလို စစ်ဘေးရှောင်တွေဆိုတာ အကုန်လုံးကို ပစ်ချပြီးတော့ ဘာမှမရှိတဲ့အခြေအနေနဲ့ အာဏာသိမ်းတဲ့ ဒီလူတွေကို တော်လှန်နေတာလေ။ ကျနော်တို့ တော်လှန်ရေးအောင်မြင်သွားရင် တောထဲမှာရှိတဲ့သူတွေနဲ့ ပြည်သူတွေ ဒီတော်လှန်ရေးရဲ့ လွတ်လပ်ရေးအသီးအပွင့်ကို ခံစားရမှာ။ ကျနော်တို့က အဲကျတော့မှ နင်တို့က တော်လှန်ရေးထဲမပါဘူး၊ ဘေးဖယ်ဆိုပြီး လုပ်လို့မရတော့ဘူး အကုန်လုံးခံစားရမှာ။ နည်းနည်းလောက်တော့ ကျနော်တို့ အဲဒါကို ပြန်လှည့်ကြည့်ဖို့လိုတယ်။ ကျနော်တို့အတွက် ကျနော်တို့ တောင်းနေတာမဟုတ်ဘူး၊ တောထဲမှာ တကယ်ရှိနေတဲ့ စစ်ဘေးရှောင်တွေ၊ တော်လှန်နေကြတဲ့သူတွေ၊ သူတို့တွေကို ကျနော်က ဒီဟာနဲ့ အားဖြည့်ပေးရမယ်။ ဘယ်နိုင်ငံကမှ ဝင်ပါပေးနေတာမဟုတ်ဘူး။”  

“အဓိကကတော့ ကျနော်တို့ဆီမှာ နောက်ဆုံးစစ်ပြီး ကိုယ့်ဆီကျန်တာကတော့ ရဲဘော်ရဲဘက် စိတ်ပဲ။ တယောက်အကျိုးကို တယောက်လိုလားတယ်၊ တယောက်အခက်အခဲကို စိတ်မဝင်စားဘဲ မနေနိုင်တော့ဘူး။ အဲဒါက ကျနော်တို့ဆီမှာရှိတဲ့ ဒီလိုကာလ၊ ဒီလိုခရီးကြမ်း အဓိကဖြစ်သွားတဲ့ ခံစားချက်ပေါ့နော်။ အဲခံစားချက်ကနေ ဘာဖြစ်လာလဲဆိုတော့ ဘာထပ်ပြီး ပြောချင်လာလဲဆိုတော့ ကျနော်တို့ အခုဆက်လုပ်ချင်တဲ့ အနုပညာအင်အားက ဘာလဲဆိုတော့ ငါတို့ ဘယ်တော့မှမကျရှုံးဘူးဆိုတာ ပြောချင်တာပဲ။ ပြီးတော့ တော်လှန်ရေးလုပ်တာဟာ တချို့လူတွေထင်သလို ကျနော်တို့က စုတ်ပြတ်သတ်ပြီးတော့မှ လုပ်စရာ ဘာအကြောင်းမှ မရှိဘူးလေနော်။ ကျနော်တို့က ဘာမှ စုတ်ပြတ်သတ်ပြီး နေစရာအကြောင်းလည်း မရှိဘူး။ ကျနော်တို့က အနုပညာသမားတွေ၊ သရုပ်ဆောင်တွေ။ သရုပ်ဆောင်တွေဆိုတော့ သရုပ်ဆောင်တယောက်လို အဲပရိုဖိုင်ကို ဘယ်တော့မှ အပျက်အစီးခံမှာ မဟုတ်ဘူး။ ကျနော်တို့ ကိုယ်စီမှာ အဲစိတ်ရှိတယ်၊ ဒါရိုက်တာတွေမှာလည်း အဲစိတ်ရှိတယ်။ ကျနော်တို့ အခုလက်ရှိ စုစည်းနေတဲ့လူတိုင်းမှာ အဲစားချက်ရှိတယ်။ ကျနော်တို့က တော်လှန်ရေးလုပ်နေတာ ကျရှုံးဖို့ သွားနေတဲ့လမ်းမဟုတ်ဘူး၊ ဘဝပျက်ဖို့သွားနေတဲ့ လမ်းမဟုတ်ဘူး၊ ဘဝတွေကို အတူတူ ပြန်လည်ထူထောင်ဖို့ ကြိုးစားနေကြတာ၊ ဘဝပျက်ရမှာက ကျနော်တို့မဟုတ်ဘူး၊ ဘဝဖျက်တဲ့လူတွေပဲ ဘဝပျက်ရမှာ။ ကျနော်တို့က ဘဝအဖျက်ခံရမဲ့လူတွေမဟုတ်ဘူး၊ ကျွန်နံ့သင်းနေတဲ့သူတွေမဟုတ်ဘူး၊ ကျနော်တို့က သခင်စိတ်ရှိနေတဲ့လူတွေ။ အဲတော့ ကျနော်တို့ လုပ်စရာရှိတာ ကျနော်တို့လုပ်မယ်၊ ကျနော်တို့ ရိုက်စရာရှိတာ ကျနော်တို့ရိုက်မယ်။ ကျနော်တို့ ဘာတွေလုပ်နိုင်မလဲဆိုတာ ကျနော်တို့ပြမယ် ဒါပဲ။ ဒါကတော့ ကျနော့်ရဲ့ နောက်ဆုံးလက်ကျန် ရဲဘော်ရဲဘက်ပါ။”

“ဒီကမ်ပိန်းက အောင်မြင်မှရမှာ” (အောင်မြင့်မြတ်)

“တကယ် အခုနောက်ဆုံး သိန်း ဘယ်နှထောင်၊ ဘယ်နှသောင်းရသွားပြီ၊ တကယ်မြေပြင်မှာ ပစ်ချလိုက်ရင် အားလုံးက ပြန့်သွားပြီးတော့ ပျောက်သွားမှာ။ သိန်း ၅၀၊ သိန်း ၁၀၀ ဆိုတာ စခန်းတခုမှာ ဘာမှ လုပ်လို့မရဘူး။ အရေးကြီးဆုံး လက်နက်တွေ ဘာတွေကို နောက်မှထား အဝေးကြီး။ ပုံမှန် စားမယ့် ရိက္ခာ၊ သွားမယ့်လာမယ့် ဆိုင်ကယ် ဆီဖိုး၊ ကားဆီဖိုးကအစ အများကြီး ရုန်းကန်ရတယ်။ မိုးတွင်းဆို ပိုဆိုးတယ်၊ စခန်းတွေကမှ ရိက္ခာအရန်တွေ ဖြည့်တင်းထားလို့ ရသေးတယ်၊ စစ်ဘေးရှောင်တွေက ပိုဆိုးတယ်၊ စစ်ဘေးရှောင်ဆိုပြီး ဘယ်သူမှ နဖူးမှာ ခေါင်းစဉ်တပ်ထားတာမဟုတ်ဘူး၊ ကိုယ့်အိမ်မှာကိုယ်နေရင်း ပလိန်း စစ်ဘေးရှောင်ဖြစ်သွားကြတာ၊ ဘာမှမယူနိုင်ဘူး။ တကယ်ဖြစ်ရင် ဘာမှမလုပ်နိုင်ဘူး။ ဒီကမ်ပိန်းက အောင်မြင်မှရမှာ၊ ဒီလိုအချိန် ဒီလိုကာလမျိုးမှာ တကယ်လိုအပ်နေတာ၊ တကယ်လိုအပ်နေတဲ့ စစ်ဇုန်က များလာပြီ၊ ကျနော်တို့ လွတ်မြောက်နယ်မြေ အခု အွန်လိုင်းမှာ ပျော်နေတဲ့လူတစုဆိုတာ တကယ်တော့ ဘာမှမဟုတ်ဘူး၊ ဖေ့စ်ဘွတ်ခ်အကောင့်ထဲမှာ လူ ၅ ထောင်၊ ၁ သောင်းပဲ။ လူ ၅ ထောင်၊ ၁ သောင်းဆိုတာ မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့က ဘာမှ မယှဉ်သာဘူး။ ရန်ကုန်မြို့ပေါ်က၊ မန္တလေးမြို့ပေါ်က လက်တဆုပ်စာ လူနည်းစုပဲ။

ဒါ့အပြင် ပြည်သူတွေအတွက် မကြာခင် ရုပ်ရှင်တွေ ပြန်လာတော့မယ့်အကြောင်းနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ စကားဝိုင်းမှာ ပါဝင်သူတွေက အားပေးစကားပြောကြားခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024