
သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်က စစ်ကောင်စီတပ်လက်အောက်ခံ အနန်းကွင်းစစ်ဗျူဟာမှူးဟောင်းဟာ တာဝန်ပြီးဆုံးလို့ ပြန်ရမှာဖြစ်ပေမဲ့ KNLA ပူးပေါင်း စစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် စခန်းအတွင်းက ထွက်ခွင့်မရဘူးလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က အနန်းကွင်းစစ်ဗျူဟာကို အင်အားဖြည့်တင်းဖို့နဲ့ တာဝန်လွှဲပြောင်းဖို့ လာရောက်တဲ့ ဗျူဟာမှူးအသစ် အပါအဝင် စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၂ ရက်အထိ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ လောက် သေဆုံးပြီး လက်နက် ၃၀ ကျော် သိမ်းဆည်းရရှိခဲ့ပါတယ်။ ဗျူဟာမှူးအသစ် အပါအဝင် အယောက် ၃၀ ကျော်ဟာ အနန်းကွင်းဗျူဟာ စခန်းထဲကို ကစဉ့်ကလျားနဲ့ ထွက်ပြေးရောက်ရှိသွားခဲ့ပါတယ်။
ကရင်ရှေ့တန်းသတင်းရင်းမြစ်တယောက်က “ဗျူဟာမှူးက ပြန်ချိန်းတာ ပြန်လို့မရသေးဘူး။ ချိန်းလို့လည်း မရဘူး။ ပြန်ဖို့အခက်အခဲရှိတယ်။ သူ့လူနာတွေလည်း တော်တော်များတယ်။ စခန်းထဲမှာ ဒဏ်ရာရထားတာ ၅၀ ကျော်လောက်ရှိတယ်။ အမှန်က သူပြန်ရမှာ ပြန်လို့မရဘူး ဖြစ်နေတယ်။ ဝင်းနိုင်က သူပြန်ရမယ်၊ သူရဘွဲ့ရထားတယ်။ အခုလောလောဆယ် ၂ ဗျူဟာပေါင်းထားတာ အင်အား ၂၀၀ ကျော်ကျော်ရှိတယ်” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်နဲ့ ဝေဟင်ကနေ ပစ်ကူပေး ပစ်ခတ်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ၃ ယောက်ကျဆုံးပြီး ၁၀ ယောက်လောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။
အနန်းကွင်းစစ်ဗျူဟာ မကျရေး စစ်ကောင်စီတပ်ဘက်က မြေပြင်နဲ့ ဝေဟင်ကနေ ပစ်ကူပေး တိုက်ခိုက်နေတာကြောင့် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ကျားမီ၊ ဖားပြ စတဲ့ အနီးအနားကျေးရွာက ဒေသခံတွေဟာ နီးစပ်ရာဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလ ကြာရှည်လာတာနဲ့အမျှ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “ဆွေမျိုးနီးစပ်သူတွေဆီ သွားနေတဲ့ စစ်ရှောင်တွေက ဘယ်လိုနေမလဲဆို အခုတောင် တွေ့နေရပြီ။ ဆွေမျိုးဆိုတာက ကျွေးနိုင်ရင် ခဏပေါ့။ နှစ်ရှည်လများ နေမယ်ဆိုရင် ဘယ်ဆွေမျိုးမှ ကျွေးထားမှာမဟုတ်ဘူး။ အခုတောင်မှ ဆွေမျိုးအိမ်မှာ သွားနေတယ်။ အပြင်မှာ အလုပ်ထွက်လုပ်ရတယ်။ အဲလိုမျိုး မိသားစုတွေ အများကြီးရှိတယ်။ ရေရှည်မှာ စားစရာက ထောက်ပံ့မပေးနိုင်ဘူး။ အခုတောင် ကြုံတွေ့နေရပြီ” လို့ ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရက်တာရှည်လာတာနဲ့အတူ မိသားစုဝင်တွေအတွက် အရမ်းအန္တရာယ်များပြီး ဒုက္ခတွေကြီးတဲ့အပြင် ဒေသအတွက်လည်း အရမ်းကို စိုးရိမ်စရာကောင်းတာကြောင့် နိုင်ငံတကာကဖြစ်စေ၊ တခြားသော အလှူရှင်တွေကပဲ ဖြစ်စေ၊ လူသားချင်းစာနာထောက်ထားမှုအနေနဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးဖို့ အများကြီး လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အောင်ခန့်