
ကမ္ဘောဒီးယား အတိုက်အခံအမတ်ဟောင်း ဘန်ကောက်လူမြင်ကွင်းမှာ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး တရားခံကို သိထားပြီးဖြစ်တဲ့အတွက် ရှာဖွေဖမ်းဆီးရာမှာ မခက်ခဲဘူးလို့ ထိုင်းရဲက ပြောပါတယ်။
ထိုင်းမြို့တော်၊ ဘန်ကောက်ရဲ့ နာမည်ကြီးဘုရားအနီးမှာ အသက် ၇၃ နှစ်အရွယ် ကမ္ဘောဒီးယား အတိုက်အခံ နိုင်ငံရေးသမား လင်မ်-ကင်မ်ယာဟာ ဇန်နဝါရီ ၇ ရက်က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာပါ။
ကမ္ဘောဒီးယားနိုင်ငံမှာ အဓိက အတိုက်အခံဖြစ်တဲ့ CNRP ပါတီက လွှတ်တော်အမတ်ဟောင်းဟာ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ရင်ဘတ်နေရာကို ၂ ချက် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းရဲတယောက်က လုပ်ကြံခံရသူကို ကယ်တင်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့လည်း အခင်းဖြစ်ရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ လင်မ်-ကင်မ်ယာဟာ ဇနီးသည် အပါအဝင် ကမ္ဘောဒီးယားကနေ ဘန်ကောက်ကို အဝေးပြေးကားနဲ့ ရောက်လာခဲ့တာပါ။
အဲဒီပစ်ခတ်မှုဖြစ်ပွားရာ တော်ဝင်နန်းတော်ဧရိယာထဲမှာ အမျိုးသားတယောက်က သူ့ဆိုင်ကယ်ကို ရပ်ပြီး လမ်းဖြတ်ကူးလာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မိနစ်ပိုင်းအကြာမှာတင် သေနတ်သံတွေ ပေါ်ထွက်လာခဲ့သလို နောက်ထပ်အမျိုးသားတယောက်လည်း လဲကျသွားခဲ့ပါတယ်။
အခုလိုမျိုး လုပ်ကြံသူတရားခံက ဆိုင်ကယ်ဆီ အမြန်ပြန်သွားရင်း ပစ္စည်းတခုကို လွှင့်ပစ်ပြီး မောင်းထွက်သွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
CCTV မှတ်တမ်းမှာလည်း ဆိုင်ကယ်ဦးထုပ်ချွတ်ထားတဲ့ လုပ်ကြံသူရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တာကြောင့် ထိုင်းရေတပ်က အရာရှိဟောင်းတယောက် ဖြစ်တယ်လို့ အတည်ပြုပါတယ်။
အခုတော့ ဆိုင်ကယ်တက္ကစီမောင်းသူအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိထားပြီးဖြစ်တဲ့အတွက် ရှာဖွေဖမ်းဆီးရာမှာ မခက်ခဲသင့်ဘူးလို့ ဖော်ပြထားပါတယ်
လင်မ်-ကင်မ်ယာဟာ ပြင်သစ်နဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံသား ခံယူထားပေမဲ့လည်း ပြည်တွင်းမှာပဲ ဆက်နေဖို့အတွက် ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။
၂၀၁၇ တုန်းက ကမ္ဘောဒီးယားနိုင်ငံတော်ကယ်တင်ရေးပါတီ (CNRP) ကို ဖျက်သိမ်းခဲ့တဲ့အပြင် ပါတီခေါင်းဆောင် ကမ်-ဆုတ်ခါပါ ဖမ်းဆီးခံခဲ့ရပါတယ်။
CNRP ပါတီခေါင်းဆောင်ရဲ့ သမီးဖြစ်သူ မိုနိုဗစ်ထီယာ ကမ် ကတော့ ဒီလုပ်ကြံမှုဟာ “ကမ္ဘောဒီးယားအစိုးရမှ မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ” ဆိုပြီး မှတ်ချက်ပြုပါတယ်။
ဒါဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင် ဟွန်ဆန်က သားဖြစ်သူ ဟွန်မာနတ် လက်ထက်အထိ လူသိများတဲ့ ဝေဖန်သူတွေကို နည်းအမျိုးမျိုးနဲ့ ရှင်းလင်းလေ့ရှိတာကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကမ္ဘောဒီးယားနိုင်ငံမှာ ထိပ်တန်းနိုင်ငံရေးသမားတွေကို လုပ်ကြံ သတ်ဖြတ်တာမျိုးက အတော်လေးရှားပါတယ်။
ဒါ့အပြင် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအို စတဲ့ အိမ်နီးချင်း ၄ နိုင်ငံကြားမှာ အတိုက်အခံတွေကို နယ်စပ်ဖြတ်ကျော်ပြီး လိုက်လံဖမ်းဆီးခွင့်ပေးဖို့ တရားဝင်မဟုတ်တဲ့ သဘောတူညီချက်တခု ရှိနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်ထားပါတယ်။
Source : Reuters