
ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နီးပါးကို ကိုယ်စားပြုတဲ့ နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ကြတဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဒီမိုကရေစီဟာ အကြမ်းဖက်မှုတွေ၊ တုန်လှုပ်စရာ ဖြစ်စဉ်ကြီးတွေကို ကြုံခဲ့ရပေမဲ့ ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ဟာ လုပ်ကြံဖို့ကြိုးစားမှု နှစ်ကြိမ်နဲ့ ကြုံခဲ့ရသလို ရလဒ်အငြင်းပွားမှာ၊ မငြိမ်မသက်ဖြစ်မှာကို စိုးရိမ်ခဲ့ကြပေမဲ့ ပြတ်ပြတ်သားသား အနိုင်ရပြီး အိမ်ဖြူတော်ကို တကျော့ပြန်လာတော့မှာဖြစ်သလို နောက်လကြရင် ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းနိုင်ဖို့ ရှိနေပါတယ်။
မက္ကဆီကိုနိုင်ငံရဲ့ ခေတ်သစ်သမိုင်းတလျှောက် သွေးထွက်သံယိုအများဆုံး ရွေးကောက်ပွဲနဲ့ ကြုံတွေ့ခဲ့ရပြီး မဲမပေးမီ ကိုယ်စားလှယ်လောင်း ၃၇ ယောက်အထိ လုပ်ကြံခံခဲ့ရပါတယ်။ ဒါပေမဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းကို ရွေးကောက် တင်မြှောက်နိုင်ခဲ့ကြပါတယ်။
တိုက်ကြီး ၄ တိုက်မှာ လက်ရှိအာဏာရခေါင်းဆောင် အများအပြား ရွေးကောက်ပွဲနဲ့ ဖယ်ရှားခံခဲ့ရသလို မကြာခဏ ဆူပူအုံကြွမှုတွေလည်း ကြုံခဲ့ရပေမဲ့ အဆုံးသတ်မှာတော့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒနဲ့အညီ အစီအစဉ်တကျ အာဏာလွှဲပြောင်းခြင်းဆိုတဲ့ ဒီမိုကရေစီရဲ့ ပင်မလုပ်ငန်းတာဝန်ကို အောင်မြင်ခဲ့ကြပါတယ်။
တောင်အာဖရိကနဲ့ အိန္ဒိယမှာ ကာလရှည် အာဏာရပါတီတွေ အာဏာဆက်ထိန်းသိမ်းနိုင်ခဲ့ပေမဲ့ အပြတ်အသတ် အသာစီးရ လူများစုဖြစ်မှုကိုတော့ ဆုံးရှုံးခဲ့ကြပါတယ်။
ဒီလထဲ တောင်ကိုရီးယားမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအကျပ်အတည်းဟာ ဒီမိုကရေစီရဲ့ ကျန်းမာသန်စွမ်းမှု ဘာကြောင့် အရေးကြီးသလဲဆိုတာ သက်သေပြခဲ့ပါတယ်။
စိတ်ရှုပ်ထွေးနောက်ကျိစရာ နာရီအနည်းငယ်အတွင်းမှာ အာရှရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေး အင်အားကြီးနိုင်ငံ၊ အမေရိကန်ရဲ့ အဓိက စစ်ရေးမဟာမိတ်နိုင်ငံရဲ့ သမ္မတဟာ ညနေခင်း ရုပ်သံမိန့်ခွန်းကနေ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်တွေနဲ့ လူအုပ်ကြီးက သမ္မတကို ဖီဆန်နိုင်ခဲ့အပြီးမှာ မြန်မြန်ဆန်ဆန်ပဲ ပြန်ရုပ်သိမ်းနိုင်ခဲ့ပါတယ်။
လွှတ်တော်ဟာ နောက်ပိုင်းမှာ သမ္မတယွန်းဆွတ်ခ်ယိုးကို စွပ်စွဲပြစ်တင်ပြီး ဖယ်ရှားခဲ့ပေမဲ့ သမ္မတက နုတ်ထွက်ဖို့ ငြင်းဆန်နေဆဲဖြစ်ပြီး နောက်ဆုံးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သူ့အနာဂတ်ကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ ဈေးကွက်ကို ခြောက်လှန့်ခဲ့သလို နျူးကလီးယားလက်နက်နိုင်ငံ မြောက်ကိုရီးယားအပေါ် တောင်ရဲ့ ဟန့်တားနိုင်စွမ်းအပေါ်မှာပါ မဟာမိတ်တွေက ပူပန်စရာ ဖြစ်စေခဲ့ပါတယ်။
ဥရောပမှာ ဆိုရင်လည်း ဂျာမနီ၊ ပြင်သစ်၊ ဩစတြေးလျ၊ ဥရောပါလီမန် ရွေးကောက်ပွဲတွေမှာ လက်ယာစွန်းတွေ အားကောင်းလာခဲ့သလို ရိုမေးနီးယား သမ္မတရွေးကောက်ပွဲမှာလည်း ရုရှားဝင်စွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာအပြီးမှာ ပြန်လည်ရွေးကောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေကြောင့် ဥရောပမှာ ဖက်ဆစ်ဝါဒ အရှိန်အဟုန်နဲ့ အားကောင်းခဲ့တဲ့ ၁၉၃၀ ပြည့်လွန်နှစ်တွေ ပုံစံမျိုး အပျော့စားဗားရှင်းနဲ့ ပြန်လည်ကြုံတွေ့နေရပြီလား ဆိုတာ ပညာရှင်တွေကြားမှာ ငြင်းခုံစရာ ဖြစ်လာခဲ့ပါတယ်။
ဂျော်ဂျီယာမှာရော မော်လ်ဒိုဗာမှာပါ ရုရှားဘက်ယိမ်းတဲ့ ပါတီတွေဟာ ရွေးကောက်ပွဲတွေမှာ စစ်တမ်းတွေက မှန်းထားတာထက် ရလဒ်ကောင်းခဲ့ပါတယ်။
ဥရောပရဲ့ လက်ယာယိမ်းမှုဟာ စီးပွားရေးအရ စိုးရိမ်ပူပန်မှုတွေကို ရောင်ပြန်ဟပ်နေပါတယ်။ ဒါပေမဲ့ ဒီတူညီတဲ့ပူပန်မှုတွေကပဲ အချို့သော နိုင်ငံရေးအရွေ့တွေမှာ အခြားတဖက်ကို ဦးတည်သွားစေခဲ့ပြန်ပါတယ်။ ဥပမာအားဖြင့် ဗြိတိန်မှာဆိုရင် လက်ဝဲယိမ်းတဲ့ လေဘာပါတီဟာ ကွန်ဆာဗေးတစ်တွေရဲ့ ၁၄ နှစ်ကြာ အုပ်စိုးမှုကို အဆုံးသတ်စေခဲ့ပါတယ်။
ခြုံပြောရရင်တော့ ဒီနှစ်ထဲမှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုကို ဟန့်တားတဲ့ ကြိုးပမ်းမှုမျိုး မရှိခဲ့ပါဘူး။ ဒီအချက်ကို အမေရိကန်အခြေစိုက် ဒီမိုကရေစီရေးလှုပ်ရှားတဲ့ Freedom House ရဲ့ သုတေသနဒါရိုက်တာ ယာနာဂိုရိုခေါ့စကိုင်ယာရဲ့ ကမ္ဘာ့ဒီမိုကရေစီ နှစ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အာဏာရှင်ဆန်စွာ အုပ်ချုပ်တဲ့ အော်တိုကရေစီနိုင်ငံတွေမှာ ၂၀၂၄ အတွင်း ဖိနှိပ်မှုတွေ ပိုဆိုးလာတယ်လို့ ရုရှား၊ အီရန်နဲ့ ဗင်နီဇွဲလားက အတုအယောင်လို့ ဝေဖန်ခံရတဲ့ ရွေးကောက်ပွဲတွေကို ကိုးကားဖော်ပြပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အတွင်း ကမ္ဘာတလွှား ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပေါင်း ၆၂ ခုအနက် လေးပုံတပုံမှာ မဲပုံးထဲထည့်ဖို့ တကယ့်ရွေးချယ်စရာ စစ်စစ်မရှိခဲ့ဘူးလို့ Freedom House က သုံးသပ်ပါတယ်။ ဒီမိုကရေစီ လွှမ်းမိုးနယ်မြေ လျော့ကျလာတာမျိုး မဟုတ်ပေမဲ့ အော်တိုကရေစီတွေ ပိုဆိုးလာတာဖြစ်တယ်လို့ ဂိုရိုခေါ့စ်ကိုင်ယာက သုံးသပ်ပါတယ်။
၂၀၂၅ မှာ စောင့်ကြည့်စရာ
၂၀၂၅ မှာတော့ ကျင်းပစရာ ရွေးကောက်ပွဲ အများကြီးရှိမနေပါဘူး။ ဒါပေမဲ့လည်း နာဇီခေတ်ရဲ့ စိတ်ဒဏ်ရာသင့်ထားတဲ့ ဂျာမနီမှာတော့ လက်ယာစွန်းတွေရဲ့ ဆွဲဆောင်နိုင်စွမ်းကို ထပ်မံစမ်းသပ်ကြရမှာ ဖြစ်ပါတယ်။ လက်ယာစွန်း အစွန်းရောက်တွေ အာဏာထပ်မရအောင် ဟန့်တားဖို့ အပြန်အလှန်ထိန်းကျောင်းမှုတွေ ချမှတ်ထားတဲ့ ဂျာမနီမှာ ဖေဖော်ဝါရီ ၂၃ ကျရင် လွှတ်တော်သစ်ကို ရွေးကောက်ကြရမှာ ဖြစ်ပါတယ်။
၂၀၂၅ မှာ နောက်ထပ် အာရုံစိုက်ရမှာကတော့ ဒီနှစ်ထဲမှာ အာဏာရ ဒါမှမဟုတ် ပြန်ရွေးကောက်ခံရတဲ့ ခေါင်းဆောင်တွေလက်အောက်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာ၊ အမှီအခိုကင်းတဲ့ တရားစီရင်ရေးတို့လို ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ ဖြစ်ပါတယ်။ ထရမ့်ပ် ဒုတိယသက်တမ်းမှာ ဘာလုပ်မလဲဆိုတာ ကြည့်ရမယ်လို့ Freedom House က သုံးသပ်ပါတယ်။
ထရမ့်ပ်က ပင်မရေစီးကြောင်းမီဒီယာဟာ အကျင့်ပျက်ခြစားနေတယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် သူ့ကိုစုံစမ်းစစ်ဆေးခဲ့ကြတဲ့ နိုင်ငံရေးပြိုင်ဘက်တွေ၊ ထောက်လှမ်းရေး အရာရှိဟောင်းတွေ၊ ဥပဒေအရာရှိတွေကို စုံစမ်းစစ်ဆေးမယ်၊ တရားစွဲဆိုမယ်လို့လည်း ပြောထားပါတယ်။
အသက်ရှူမှားလောက်တဲ့ အမြန်နှုန်းနဲ့ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်တွေကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေးတွေ ဖြစ်ပွားခဲ့ရာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆီးရီးယားအတွက် လာမယ့်နှစ်ဟာ အရမ်းအရေးပါတဲ့နှစ် ဖြစ်လာနိုင်ပါတယ်။
လူထုဆန္ဒပြအုံကြွမှုကြီးကြောင့် ရာထူးက နုတ်ထွက်ပြီး အိန္ဒိယကို ထွက်ပြေးခဲ့ရတဲ့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ခေတ်လွန်မှာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်ဟာ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပါတယ်။
ဆီးရီးယားမှာတော့ ၁၃ နှစ်ကြာ စစ်ပွဲအပြီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ လျှပ်စီးလို အမြန်နှုန်းနဲ့ ဒမတ်စကတ်မြို့တော်ကို သိမ်းပြီး သမ္မတ ဘာရှား အာဆတ်ဟာ ရုရှားကို ထွက်ပြေးခဲ့ရပါတယ်။ လက်ရှိမှာ နိုင်ငံနယ်မြေအများစုကို ထိန်းချုပ်ထားနိုင်တဲ့ HTS အဖွဲ့ဟာ အစိုးရတရပ် ပီပီပြင်ပြင် ဖြစ်လာအောင် ဖွဲ့စည်းနေပြီဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေကို ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ စနစ်တကျ စုဖွဲ့မှု စတင်နေပြီ ဖြစ်ပါတယ်။ ခေါင်းဆောင်သစ်ဟာ မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်းနဲ့ တရားဥပဒေစိုးမိုးမှုအကြောင်း ပြောထားတာရှိပေမဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့တော့ တရားဝင် ကြေညာထားတာ မရှိသေးပါဘူး။
ဒီမိုကရေစီဟာ အကွဲကွဲအပြဲပြဲ ထိခိုက်ပွန်းပဲ့မှုတွေနဲ့ ကြုံခဲ့ရပေမဲ့ အလဲထိုးမခံရဘဲ ၂၀၂၅ ခုနှစ်ကို ဦးတည်ထွက်ခွာလာခဲ့ပြီ ဖြစ်ပါတယ်။ “သွေးချင်းချင်းနီသော်လည်း၊ ဦးမညွှတ်” လို့ ဝီလျံအားနက်စ်ဟင်န်လေရဲ့ Invictus ကဗျာထဲကလို ဆိုရမှာဖြစ်ပါတယ်။
Source : Reuters