Home
နိုင်ငံတကာ
နောက်ဆုံးအချိန်ထိ တိုင်းပြည်ကို လိမ်လည်ပြီး ကိုယ်လွတ်ရုန်းပြေးသည့် ဆီးရီးယားသမ္မတ အာဆတ်
DVB
·
December 16, 2024
Photo: REUTERS/Amr Abdallah Dalsh

ဘာရှား အယ်လ် အာဆတ်ရဲ့ အုပ်ချုပ်မှု ပြိုလဲနေချိန်မှာ သူ ထွက်ပြေးမယ့် အစီအစဉ်ကို သူ့လက်ထောက်တွေ၊ တာဝန်ရှိသူတွေသာမက ဆွေမျိုးအရင်းကြီးတွေကိုပါ လှည့်စားခဲ့၊ ဖုံးကွယ်ထားခဲ့တယ်လို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိထားတဲ့ လူတဒါဇင်လောက်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မော်စကိုကို လစ်မပြေးမီ နာရီပိုင်းအလို ဒီဇင်ဘာ ၇ ရက်မှာ အာဆတ်က စစ်တပ်နဲ့ လုံခြုံရေးအကြီးအကဲ ၃၀ လောက်နဲ့ အစည်းအဝေးလုပ်ရာမှာ  ရုရှားစစ်ရေးအကူအညီတွေ လာနေပြီဖြစ်ကြောင်း၊ မြေပြင်တပ်တွေ တောင့်ထားဖို့လိုကြောင်း ပြောကြားခဲ့တယ်လို့ အဲဒီအစည်းအဝေးမှာ ရှိနေခဲ့တဲ့  အမည်မဖော်လိုတဲ့ တပ်မှူးတယောက်က ပြန်ပြောပြပါတယ်။

အရပ်ဘက်ဝန်ထမ်းတွေလည်း အာဆတ် လစ်ပြေးမှာကို မသိခဲ့ရဘူးလို့ ဆိုပါတယ်။ သူ အလုပ်ပြီးတဲ့အချိန်မှာ အိမ်ပြန်တော့မယ်လို့ အာဆတ်က သူ့သမ္မတရုံးမန်နေဂျာကို လိမ်ပြောခဲ့ပြီး လေဆိပ်ကို ပြေးခဲ့တာလို့ သူ့အတွင်းစည်း လက်ထောက်တယောက်က ရိုက်တာကို ပြောပါတယ်။

သူ့ရဲ့ မီဒီယာရေးရာ အကြံပေး ဘူသာယီနာ ရှာဘန်းကိုလည်း သူ့အတွက် မိန့်ခွန်းရေးပေးဖို့ အိမ်လာခဲ့ပါဦးလို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ရှာဘန်း အိမ်ရောက်သွားချိန်မှာတော့ အိမ်မှာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး။

“အာဆတ်ဟာ နောက်ဆုံးခုခံတိုက်ပွဲတောင် မဆင်နွှဲခဲ့ဘူး။ သူ့ရဲ့စစ်တပ်တွေကိုတောင် စည်းရုံးခဲ့တာ မဟုတ်ဘူး။ သူ့ရဲ့ထောက်ခံသူတွေကို ဖြစ်ချင်တာဖြစ်ဆိုပြီး လွှတ်ချထားခဲ့တာ” လို့ အာရပ်ပြုပြင်ပြောင်းလဲရေး အင်စတီကျု ဒေသဆိုင်ရာ သုတေသနအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး နာဒင်း ဟောရီက သုံးသပ်ပါတယ်။

မော်စကိုမှာ နိုင်ငံရေးခိုလှုံခွင့်ရသွားတဲ့ အာဆတ်ကိုတော့ ရိုက်တာက ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒါပေမဲ့ သူ့အာဏာ နောက်ဆုံးနေ့တွေမှာ သူနဲ့နီးစပ်ခဲ့တဲ့သူ လူ ၁၄ ယောက်ကို အင်တာဗျူးကြည့်ခဲ့ရာမှာတော့ အာဆတ်ဟာ ဘယ်လိုလူလဲဆိုတာ ပုံဖော်ကြည့်နိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းမှာ ဆီးရီးယားကနေ လှည့်ဖျားပြီး တိတ်တိတ်လေးထွက်မပြေးမီမှာ အာဆတ်ဟာ သူ့ရဲ့ ၂၄ နှစ်ကြာ အုပ်စိုးမှု ဆက်ဆွဲဆန့်နိုင်ဖို့ ပြည်ပအကူအညီရဖို့ပဲ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

အာဆတ်ဟာ သူပြေးမယ့် အစီအစဉ်ကို ညီအရင်းဖြစ်သူ၊ ဒမ္မစကတ်မြို့တော်ကို ကာကွယ်ရတဲ့ အမှတ် ၄ သံချပ်ကာတပ်ရင်းရဲ့ တပ်မှူး မဟာအာဆတ် ကိုတောင် မပြောခဲ့ဘူးလို့ အာဆတ်ရဲ့ လက်ထောက် ၃ ယောက်က ပြောပါတယ်။

မဟာ ဟာ နောက်ပိုင်းမှာ အီရတ်ကို ဟယ်လီကော်ပတာနဲ့ အသည်းအသန် ထွက်ပြေးခဲ့ရပြီး နောက်ပိုင်းမှာတော့ ရုရှားရောက်သွားပြီလို့ သိရပါတယ်။

အာဆတ်ရဲ့ အမေဘက်က ဝမ်းကွဲညီအစ်ကိုတွေဖြစ်တဲ့ အီဟက်ဘ်နဲ့ အီယတ်ဒ် မာခလော့ဖ်တို့ကိုလည်း ဒမ္မစကတ်မြို့တော်မှာ ဒီအတိုင်းချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ၂ ယောက်ဟာ ကားနဲ့ လက်ဘနွန်ကို ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ တော်လှန်ရေးတပ်တွေက ချုံခိုတိုက်ခိုက်ခဲ့တာကြေင့် အီဟက်ဘ် သေဆုံးပြီး အီယတ်ဒ် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အာဆတ်ကိုယ်တိုင်ကတော့ ဒီဇင်ဘာ ၈ ရက်မှာ လေယာဉ်နဲ့ ထွက်ပြေးခဲ့တာဖြစ်သလို လမ်းကြောင်းမသိအောင် လေယာဉ်ရဲ့ transponder ကိုပါ ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

အာဆတ်ဟာ ဆီးရီးယားကမ်းရိုးတန်းမြို့ လာတာကီးယားမှာရှိတဲ့ ရုရှား လေတပ်စခန်းကို အရင်ပြေးတာဖြစ်ပြီး အဲဒီကမှ မော်စကိုကို သွားတာလို့ သိရပါတယ်။ အာဆတ်ရဲ့ ဇနီးနဲ့ ကလေး ၃ ယောက်ကတော့ ရုရှားမြို့တော်မှာ ကြိုတင်ရောက်နှင့်နေခဲ့ပြီ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေနဲ့ အရပ်သားတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ အာဆတ်အိမ်တော်ထဲက မြင်ကွင်းတွေအရတော့ မီးဖိုပေါ်မှာ ချက်လက်စ အစားအသောက်တွေ ကျန်ခဲ့သလို မိသားစု ဓာတ်ပုံ အယ်လ်ဘမ်လို ကိုယ်ရေးကိုယ်တာ ပစ္စည်းအများအပြား ကျန်ခဲ့တာ တွေ့ရပါတယ်။

၂၀၁၅ တုန်းက ရုရှား ကူညီခဲ့လို့ ပြည်တွင်းစစ်မှာ အာဆတ် ပြန်အသာစီးရခဲ့ပေမဲ့ ဒီတခါမှာတော့ ရုရှားရော အီရန်ပါ မကူညီခဲ့ကြပါဘူး။ 

မြောက်ပိုင်းပြည်နယ် အလက်ပိုကို တော်လှန်ရေးတပ်တွေ ဝင်မတိုက်မီ တရက်အလို နိုဝင်ဘာ ၂၈ ရက်မှာ အာဆတ်ဟာ ရုရှားကို သွားရောက်အကူအညီတောင်းခဲ့ပေမဲ့ ကရင်မလင်နန်းတော်က ငြင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အာဆတ်ဟာ ပြည်တွင်းကိုပြန်တော့ အမှန်အတိုင်းပြောမပြဘဲ မော်စကိုက စစ်ရေးအကူအညီတွေ လာပြီလို့ လိမ်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဟာ အရင်တုန်းက ဆီးရီးယားတည်ငြိမ်ရေး အများကြီး အားထုတ်ပေးခဲ့ပေမဲ့ အခုအခါမှာတော့ ယူကရိန်းပဋိပက္ခကိုပဲ အာရုံစိုက်နေတယ်လို့ ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စကော့ဗ်က ဒီတပတ်ထဲမှာ အတည်ပြုပါတယ်။

ရုရှားခရီးစဉ်အပြီး ၄ ရက်အကြာ ဒီဇင်ဘာ ၂ ရက်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ပါ အာဆတ်က ဒမ္မစကတ်မှာ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီအချိန်မှာ HTS ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒုတိယအကြီးဆုံးမြို့ အလက်ပိုကို သိမ်းပြီးပြီဖြစ်ပါတယ်။

ဒါပေမဲ့ အာဆတ်ဟာ အီရန်တပ်တွေ ဆီးရီးယားမှာ တပ်စွဲပေးဖို့တော့ မတောင်းဆိုခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီလို တပ်စွဲရင်လည်း အစ္စရေးကပါ ဝင်တိုက်အောင် ခေါ်လိုက်သလိုဖြစ်မှာကို စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး ရွေးချယ်စရာမရှိတော့တဲ့အချိန်မှာ ၁၉၇၁ ခုနှစ် သူ့ဖခင်လက်ထက်ကစတဲ့ မိသားစုအုပ်ချုပ်မှု အဆုံးသတ်ပြီး သူ ပြေးရတော့မယ်ဆိုတဲ့လမ်းကို အာဆတ်က လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ စစချင်း ယူအေအီးမှာ ခိုလှုံဖို့ ကြိုးပမ်းခဲ့ပေမဲ့ ယူအေအီးဘက်က လက်မခံခဲ့ဘူးလို့ အတွင်းသတင်းရင်းမြစ် ၃ ယောက်က ဆိုပါတယ်။

ရုရှားက စစ်ရေးမကူညီတော့ပေမဲ့ အာဆတ် ပြေးနိုင်ဖို့ကိုတော့ အစစအရာရာ စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မပြေးမီ ည ၁၀ နာရီခွဲမှာ အာဆတ်ရဲ့ နောက်ဆုံးဝန်ကြီးချုပ် မိုဟာမက် ဂျာလာလီနဲ့ ဖုန်းပြောခဲ့ပါသေးတယ်။

ဝန်ကြီးချုပ်က ဟွမ်းစ်မြို့ကနေ လာတာကီယာကို ထွက်ပြေးနေကြတဲ့သူတွေနဲ့ လမ်းတွေပေါ်မှာ ဝရုန်းသုန်းကား ဖြစ်နေတယ်လို့ တင်ပြချိန်မှာ “မနက်ဖြန် ကြည့်ကြတာပေါ့” လို့ အာဆတ်က ပြန်ပြောခဲ့တယ်လို့ ဂျာလာလီကိုယ်တိုင် ပြန်ပြောပြပါတယ်။ 

တနင်္ဂနွေနေ့ ဒီဇင်ဘာ ၈ ရက် အရုဏ်တက်ချိန်မှာ အာဆတ်ကို  ဂျာလာလီက ထပ်မံဆက်သွယ်ဖို့ ကြိုးစားရာမှာတော့ ဆက်သွယ်လို့ မရတော့ပါဘူး။

ဒီလိုနဲ့ပဲ မိတ်ဆွေတွေ၊ ဗိုလ်ချုပ်ကြီးတွေ၊ အမျိုးအရင်းတွေကို ပစ်ချထားပြီး အာဆတ် ကိုယ်လွတ်ရုန်းသွားခဲ့တာလို့ ရိုက်တာသတင်းဌာနက ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေကို မေးမြန်းပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024