DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က  စစ်ကြောင်း ၅ ခုခွဲပြီး ထိုးစစ်ဆင်နေ
DVB
·
December 13, 2024
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က  စစ်ကြောင်း ၅ ခုခွဲပြီး ထိုးစစ်ဆင်နေ
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၅ ခုခွဲပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို  အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ် ဒေသခံ PDF ခေါင်းဆောင်တွေထံက သိရပါတယ်။

မတ္တရာမြို့နယ်မြောက်ဘက်နဲ့ အနောက်မြောက်ဘက်က တုန်ကုန်း-ယမ်းကုန်းနဲ့ ဥဒိန်မှာ စစ်ကြောင်း ၂ ခု၊ အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ မြကန်သာ-သရက်ကိုင်း၊ ကျောက်တံတား၊ ဆီတိုင်းကန်-သမင်တွင်းတို့မှာ စစ်ကြောင်း ၃ ခု၊ စုစုပေါင်း စစ်ကြောင်း ၅ ခုနဲ့ စစ်ကောင်စီက ထိုးစစ်ဆင်နေတာလို့   မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးကပြောပါတယ်။

"မတ္တရာ မြောက်ဘက်နဲ့ အနောက်မြောက်ဘက်မှာ ၂ ကြောင်း၊ အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်မှာက ၃ ကြောင်း၊ ၅ ကြောင်းကို သူတို့ကစုပြီးနေတာမဟုတ်ဘူး ဖြန့်ခွဲပြီးနေတာ၊ ကြိုကြားကြိုကြားတိုက်ပွဲတွေကတော့ တောက်လျှောက်ဖြစ်နေတယ်။ သပိတ်ကျင်း ဘက်မှာကတော့ တွင်းငယ်နဲ့ မိုးမိတ်လမ်းကြောင်းရှိတယ်။ အဲ့ဒီဘက်မှာတော့ မကြာမကြာ ထိတွေ့တိုက်ပွဲတွေဖြစ်တယ်။ ၇ မိုင်ရဲ့ မြောက်ဘက်ပေါ့နော်။ ၂ ဖက် အထိခိုက်အကျအဆုံးတွေရှိတယ်လို့သိရတယ်။ ဒါ ဒီရက်ပိုင်းအတွင်းဖြစ်တာနော်။”

မန္တလေးတိုင်းအတွင်း မတ္တရာအပြင် သပိတ်ကျင်း၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာ လည်း နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိနေပေမဲ့ အရေအတွက် အတိအကျကိုတော့ DVB က အတည်မပြုနိုင်သေးပါဘူး။

ဒီဇင်ဘာ ၄ ရက်နဲ့ ၆ ရက်နေ့တွေတုန်းက ပြင်ဦးလွင်မြို့မှာ DSA နဲ့ DSTA ကျောင်းဆင်းပွဲတွေကို ပန်းပွဲတော်နဲ့တပြိုင်တည်းကျင်းပခဲ့ပြီး မန္တလေး-ပြင်ဦးလွင်လမ်းတလျှောက်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။

တိုင်းရင်းသားဒေသ ပြည်နယ်နေရာအများစုမှာ စစ်ကောင်စီတပ်စခန်းတွေ ဆက်တိုက် လက်လွှတ်နေရပြီး ဒီဇင်ဘာလဆန်းအထိ နိုင်ငံတဝန်း မြို့ပေါင်း ၉၀ အထိ တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပါတယ်။

တိုင်းရင်းသားဒေသတွေကိုလက်လွှတ်နေရတဲ့ စစ်ကောင်စီက နိုင်ငံအလယ်ပိုင်းကို ထိန်းချုပ်ဖို့ ပိုပြီးအင်အားသုံး တိုက်ခိုက်မယ့်အခြေအနေတွေ မြင်တွေ့နေရတယ်လို့ နိုင်ငံရေးသုတေသီတယောက်က သုံးသပ်ပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ မှ ကိုမိုးထက်နေက "စစ်တပ်က သူမထိန်းနိုင်တော့တဲ့နေရာတွေကို သူ့ခေါင်းထဲမှာ သိပ်မထားတော့ဘူးထင်တယ်ဗျ။ ဥပမာ လားရှိုးလိုဟာမျိုး ရခိုင်လို ဟာမျိုးပေါ့နော်။ ဒီလိုဟာတွေကိုမထားဘဲနဲ့ ထပ်ပြီးတော့ တိုးမလာအောင် ဟန့်စစ်ကို ပိုပြီးတော့ပြင်တယ်လို့ထင်ပါတယ်။ မန္တလေးလိုမျိုး မြေပြန့်လွင်ပြင်ပေါ့ဗျာ။ ဒီနေရာကို သူတို့ခံစစ်စည်းအနေနဲ့ထားဖို့တို့ဘာတို့ ဒီလိုစဉ်းစားတယ်ထင်ပါတယ်။ တော်လှန်ရေးက အဆင့်တဆင့်ကိုပြောင်းသွားပြီဖြစ်တဲ့အတွက် နှစ်ဖက်လုံးကတော့ သတိထားဖို့လိုတာပေါ့လေ” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ စစ်ရေးချိန်ခွင်လျှာဟာ သိသာတဲ့အပြောင်းအလဲတွေဖြစ်ခဲ့ပြီး စစ်ခေါင်းဆောင်ဟာ လက်အောက်ငယ်သားတွေကိုမငဲ့ညှာဘဲ အာဏာဆက်ထိန်းနိုင်ရေးကိုသာ အားထုတ်နေခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးတာဝန်ရှိသူက ဝေဖန်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း-မန္တလေး-မကွေးဒေသတွင်းမှာလည်း လေကြောင်း နဲ့လက်နက်ကြီး ပစ်ကူတွေဆက်တိုက်သုံးနေပေမဲ့ စစ်ကောင်စီဟာ စစ်ရေးအရ အသာစီးမယူနိုင် ဖြစ်နေတာပါ။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “ အာဆတ်က သူ မထွက်ခင်မှာ စစ်အရာရှိကြီးတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်ဆိုတာ သတင်းတွေမှာတွေ့ရပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာဆိုလည်း မင်းအောင်လှိုင်က စစ်ရှုံးရင် လက်အောက်ကဗိုလ်ချုပ်တွေကို ထိုးကျွေးတာတွေ၊ ဖြုတ်တာတွေ၊ ဖမ်းဆီးတာတွေလုပ်တာလည်း တွေ့ရတယ်ပေါ့နော်။ သူတို့မှာ ဇာတ်တူသားချင်းစားဖို့ ဝန်မလေးဘူးပေါ့နော်။ နောက် ကြည့်လိုက်ပါ သူတို့ရဲ့စစ်သားတွေကို ဝဝလင်လင်မကျွေးဘူး။ စစ်ဗိုလ်ချုပ်တွေလည်း ဒူးထောက်အညံ့ခံရတဲ့ အနေအထားတွေလည်း တွေ့ရတော့ မင်းအောင်လှိုင်နဲ့လက်တွဲနေတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေ အချိန်ရတုန်း၊ အခွင့်သင့်တုန်းမှာ ပြည်သူ့တော်လှန်ရေးဘက်ကို အမြန်ဆုံးဘက်ပြောင်းကြဖို့ အမြန်ဆုံး ပြောကြားချင်တယ်”လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဖိအားပေးမှုတချို့ကြောင့် မြောက်ပိုင်းမဟာမိတ်တွေက စက်တင်ဘာလမှာ စစ်ရေးအရှိန်လျှော့ချလိုက်ပြီးနောက်  စစ်ကောင်စီက ဖိအားပေးတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

မန္တလေးတိုင်းထဲမှာ စဉ့်ကူးမြို့နဲ့ မြို့နယ်ထဲက စစ်ကောင်စီစခန်းအားလုံးကို ဇူလိုင်လထဲမှာ တော်လှန်ရေးအင်အားစုတွေက သိမ်းယူခဲ့ပြီး သပိတ်ကျင်းမြို့နယ်မှာ တပ်စခန်း ၈ ခု၊ မတ္တရာမြို့နယ်ထဲမှာ တပ်စခန်း ၃၅ ခုအထိ သိမ်းယူထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ မှတ်တမ်းတွေကဖော်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ ရှမ်း-မန်းနယ်စပ် မိုးမိတ်၊ မိုးကုတ်နဲ့နောင်ချို့မြို့တွေကိုလည်း မြောက်ပိုင်းမဟာမိတ်တွေရဲ့အကူအညီနဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013