Home
မြန်မာသတင်း
ဆီးရီးယားအာဏာရှင်လို မြန်မာစစ်ခေါင်းဆောင် မကြာခင်ကျရှုံးမည်
DVB
·
December 13, 2024

ဆီးရီးယားမှာ အာဏာရှင်ကိုဖြုတ်ချနိုင်ခဲ့သလို မြန်မာစစ်ခေါင်းဆောင်လည်း မကြာခင်မှာ ကျရှုံးလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၈ ရက်မှာ ဆီးရီးယားတော်လှန်ရေးအင်အားစုတွေက မြို့တော်ဒမတ်စကတ်ကို သိမ်းယူပြီး ၁၃ နှစ်ကြာတော်လှန်ရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တာပါ။

ရုရှားအစိုးရရဲ့ထောက်ခံမှုနဲ့ အာဏာရှင်စနစ်ကျင့်သုံးနေတဲ့ သမ္မတအာဆတ်ကတော့ ရုရှားနိုင်ငံကို ခိုလှုံခွင့်တောင်းခံပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC)  ရဲ့ ဖမ်းဝရမ်းထုတ်ခံရမယ့် အခြေအနေ၊ မြို့ပေါင်း ၉၀ အထိ ထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့ ပြည်သူတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးအခြေအနေတွေကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မကြာခင်မှာ ကျရှုံးလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီတာဝန်ရှိသူ ဦးငြိမ်းသစ်က ပြောဆိုလိုက်တာပါ။ 

စစ်ကောင်စီလက်အောက်ခံ အရာရှိ အရာခံတွေအားလုံးလည်း ဒီအခြေအနေကိုနားလည်ပြီး ပြည်သူ့ဘက်ကို ကူးပြောင်းကြဖို့ သူကတိုက်တွန်းပါတယ်။

NLD ဗဟိုပြန်ကြားရေးကော်မတီတာဝန်ရှိသူ ဦးငြိမ်းသစ် က “ဆီးရီးယားကအာဆတ်ဆိုရင် ရုရှား၊ အီရန် တကယ့်အင်အားကြီးနိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုတွေ စစ်ရေးအကူအညီတွေ ရခဲ့တာပဲ။ ဒါပေမဲ့ သူဟာ ပြည်သူလူထုနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေရဲ့ စုပေါင်းတော်လှန်မှုကြောင့် အာဏာလက်လွှတ်ခဲ့ရတယ်။ အခု မင်းအောင်လှိုင်ဆိုလည်း အင်အားကြီးတဲ့နိုင်ငံတွေသူ့ဘက်က ထောက်ခံမှုတွေရှိနေပေမဲ့ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ သူ့ရဲ့မတရားသဖြင့် အာဏာသိမ်းပြီးတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကမ္ဘာကလည်း လက်မခံဘူး မြန်မာပြည်သူတွေကလည်း လက်မခံဘူး။ သူဟာ အခုဆိုရင် ICC ရဲ့ဝရမ်းထုတ်ပေးဖို့ လျှောက်ထားမှုပါခံထားရတယ်။ မကြာခင်သူဟာ ဝရမ်းပြေးဘဝကိုလည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မင်းအောင်လှိုင်က ဝရမ်းမှုရယ်၊ ပြည်သူလူထုက ဝိုင်းဝန်းဆန့်ကျင်မှုရယ်ကြောင့် သူလည်းပဲ မကြာခင် ကျရှုံးတော့မယ့် အာဏာရှင်တယောက်လို့ မြင်မိပါတယ်” လို့ ပြောပါတယ်။

အာရှဒေသတွင်း ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယားနိုင်ငံတွေမှာလည်း အာဏာရှင်စနစ် အရိပ်အယောင်တွေ ဖြစ်ပေါ်ခဲ့ပေမဲ့ ပြည်သူတွေရဲ့ဆန့်ကျင်မှုကြောင့် အခြေအနေတွေ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ 

လတ်တလော ကမ္ဘ့ာနိုင်ငံရေးမှာ အင်အားကြီးနိုင်ငံတွေရဲ့ တွန်းထိုးယှဉ်ပြိုင်မှုတချို့ဟာ နိုင်ငံတချို့ကို အာဏာရှင်စနစ်ဆီ ပြောင်းလဲသွားအောင်စေ့ဆော်မှုတွေ ဖြစ်စေခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

ဆီးရီးယားကို ကာလရှည်ထောက်ပံ့ခဲ့တဲ့ ရုရှားအစိုးရဟာ ယူကရိန်းစစ်ပွဲမှာ အထိနာနေတာနဲ့ ကိုဗစ်အလွန် စီးပွားရေးကျပ်တည်းမှုတွေကြောင့် ဆီးရီးယားကို ဆက်ပြီးမထောက်ပံ့နိုင်တဲ့ အခြေအနေဖြစ်ခဲ့တာပါ။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ကိုမိုးထက်နေ က “ဒါကြီးကို ဆယ်စုနှစ်တခု ကျော်ကျော်လောက် သယ်ဆောင်လာတာ မဆုတ်မနစ်ဘဲနဲ့ ဒီအလံကို လွှင့်ထူသွားတာကတော့ ဆီးရီးယားပြည်သူတွေ ဆီးရီးယားတော်လှန်အစုအဖွဲ့တွေပဲ ဖြစ်ပါတယ်ပေါ့။ ကျနော်နားလည်တာကတော့လေ ရုရှားက အားနည်းသွားလို့လားဆိုတဲ့ အမြင်မျိုးတော့ ကျနော်မမြင်ပါဘူးဗျာ။ လူထုက သူတစိုက်တမတ်လုပ်လာတယ်၊ တဖြည်းဖြည်းနဲ့ပေါ့ဗျာ။ အာဆတ်ရဲ့ ရက်စက်မှုတွေ ဖောက်လွှဲဖောက်ပြန်ဖြစ်မှုတွေကို လူထုက ပိုပြီးတော့ ထိထိရှရှဖြစ်လာတယ်။ ဒီကာလမှာ လူထုက အောင်ပွဲရလာတယ်လို့ ဒီလိုပဲယူဆချင်ပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ရှုံးနိမ့်နေပြီး တိုင်းရင်းသားဒေသ အများစုမှာ အခြေအနေမလှ ဖြစ်နေတာကြောင့် သူတို့အတွက် ထိန်းနိုင်ခြေရှိသေးတဲ့ တိုင်းဒေသကြီးတွေကိုပဲ အဓိကထားအာရုံစိုက်လာတာကို တွေ့ရပါတယ်။

မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇော က “ကျမတို့ မိသားစုမျိုးဆက်ဆိုရင်တောင် ၄ မျိုးဆက် ဖြစ်နေပြီ။ တချို့မိသားစုတွေဆို ၃ မျိုးဆက်၊ ၂ မျိုးဆက် အဲ့လိုဆက်တိုက်တွေ တိုက်နေရတာ။ တိုက်ရမှာပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က စနစ်တခုကို တိုက်နေတဲ့တော်လှန်ရေးဖြစ်တာကိုး။ ဒါပေမဲ့ ဒီတချီမှာတော့ ကျမတို့က ငါတို့ဘာဖြစ်လို့ မအောင်မြင်ရတာလဲဆိုတာကို ကောင်းကောင်းနိဂုံးချုပ်နိုင်ပြီးတော့ ကောင်းကောင်း လုပ်နိုင်နေတာဖြစ်တော့ ဒီတခါတိုက်ပွဲကတော့ အောင်မြင်မှာပဲ။ သို့သော်လည်း တိုက်ပွဲဆိုတာ အောင်မြင်ခါနီးလေ အခက်အခဲများလေပဲ။ အချင်းချင်းကြား သွေးကွဲအောင်၊ အချင်းချင်းကြား လူမျိုးရေးတိုက်ပွဲ ဘာသာရေးတိုက်ပွဲ ဒါမျိုးတွေဖြစ်အောင် လုပ်လာနိုင်တယ်။ သူတို့ဒါမျိုးတွေလည်း လုပ်တာ အောင်လာတာတွေလည်း ရှိတာကိုး။ ဒီချောက်ကမ်းပါးတွေကို ကျမတို့ကျော်နင်းပြီးတော့ ကျွန်မတို့တတ်နိုင်သမျှ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆက်သွားကြဖို့ပဲလိုတယ်။ ဒီတချီပွဲကတော့ အပြတ်ကို နိုင်နိုင်တဲ့ပွဲဗျ” လို့ ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းချိန်ကစပြီး ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲပြောင်းပေးမယ်လို့ စစ်ခေါင်းဆောင်က အကြိမ်ကြိမ်ပြောဆိုခဲ့ပေမဲ့ ၄ နှစ်နီးပါး ကြာလာချိန်အထိ ရွေးကောက်ပွဲမဖြစ်ခဲ့ပါဘူး။ 

လုံခြုံရေးအရဆောင်ရွက်လို့ရတဲ့ မဲဆန္ဒနယ် ၁၆၁ နေရာမှာ ရွေးကောက်ပွဲ လုပ်သွားမယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၇ ရက် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုထားပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲတုန်းက တနိုင်ငံလုံးမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ အထိ ရှိခဲ့တာကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲလုပ်နိုင်ခဲ့ရင်တောင် တနိုင်ငံလုံး မဲဆန္ဒနယ်ရဲ့ ၅၀ ရာခိုင်နှုန်းကို မပြည့်မှီတာ တွေ့ရပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024