DVB Logo
Home
မြန်မာသတင်း
ကျွန်းလှရှိ ကျေးရွာများကို စစ်တပ်က စီးနင်းမီးရှို့၊ မြိုင်မှ ပျူစောထီးအချို့ PDF ထံ ခိုလှုံ
DVB
·
November 29, 2024
ကျွန်းလှရှိ ကျေးရွာများကို စစ်တပ်က စီးနင်းမီးရှို့၊ မြိုင်မှ ပျူစောထီးအချို့ PDF ထံ ခိုလှုံ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေကို နိုဝင်ဘာ ၂၀ ရက်ကစပြီး စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ကျွန်းလှမြို့နယ်ထဲက ကျေးရွာပေါင်း ၁၁ ရွာက ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်တဲ့ စပါးခင်းတွေကို လုယူချင်တာကြောင့် အခုလို ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ဒေသခံ ပအဖ အဖွဲ့ဝင်တယောက်က ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်သားတွေဟာ ကုက္ကိုကုန်းရွာမှာ တပ်စွဲထားပြီး မီးရှို့ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ကန့်ဘလူခရိုင်ဟာ ဝါသဝကိုယ်တော်ရဲ့ ပျူစောထီးတွေ အင်အားကောင်းတဲ့နယ်ဖြစ်ပြီး စစ်ကောင်စီက လက်နက်၊ ရိက္ခာနဲ့ လစာ ပုံမှန်မထောက်ပံ့နိုင်တာကြောင့် ဒေသတွင်း ပြည်သူတွေဆီက အခုလို လုယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ကျွန်းလှမြို့နယ် ပအဖ တာဝန်ရှိသူတယောက်က “ကုက္ကိုကုန်းရွာမှာ ဘန်ကာတွေဆောက်ပြီး အထိုင်ချထားတာဆိုတော့ ဘေးပတ်ချာလည်က လွှတ်တိုက်အုပ်စုက ၃ ရွာရှိတာ၊ လွှတ်တိုက်ရယ်၊ မဒေါင်ရယ်၊ ဆွဲလှဲရယ်၊ အဲဒီရွာတွေကတော့ ရှို့နေကြပြီ။ ဒီရွာတွေက ခံစစ်ကြောင်းတွေ တပ်ရင်းတပ်ဖွဲ့အလိုက် လုပ်ထားတဲ့ရွာတွေ မဟုတ်ဘူးလေ။ ပကဖက အနည်းအကျဉ်းလောက်ပဲ ရှိတာကိုး။ အဲဒါကြောင့်မို့လည်း ဒီလိုအဝင်ခံရတာမျိုးတွေဖြစ်တာ၊ စုဖွဲ့မှုတွေ လုပ်နေတုန်းရှိသေးတယ်၊ ကျနော်တို့က ပြင်ဆင်နေတဲ့ဟာပဲ ရှိသေးတယ်။ သူတို့ဘက်က လက်ဦးသွားသလို ဖြစ်တာပေါ့။ စစ်ရှောင်ဦးရေကတော့ အကုန်လုံး ၃ အုပ်စုဆိုတော့ ၁၀,၀၀၀ ကျော်လောက်ကတော့ရှိမှာ၊ ရွာတွေကလည်း တကယ့်ရွာကြီးတွေပဲ။ နေရပ်ဝင်ဖို့ဆိုတာ မလွယ်တော့ဘူး။ စိုက်ပျိုးထားတဲ့ စပါးတွေလည်း ရိတ်ချိန်ရောက်ပြီပေါ့ဗျာ၊ ဒါပေမဲ့ ရိတ်လို့မဖြစ်နိုင်တော့ဘူး။ ဒါတွေပါ ဒီကောင်တွေက သိမ်းမယ့်ပုံရှိတယ်။ ဒီနှစ်အခြေအနေနဲ့ဆို ဧက ၄၀၀-၄၅၀ လောက်ရှိမှာ” လို့ ပြောပါတယ်။

မကွေးတိုင်း၊ မြိုင်နယ်ထဲက ပျူစောထီးကျေးရွာတွေကိုလည်း PDF တွေက ပိတ်ဆို့ထားပြီး စစ်ကောင်စီက လက်နက်၊ ရိက္ခာနဲ့ လစာမထောက်ပံ့တာ အချိန် ၁၀ လနီးပါး ရှိနေပြီလို့ ကန်နီပျူစောထီးရွာက ထွက်ပြေးလာသူတယောက်က ပြောပါတယ်။

ပိတ်ဆို့ခံထားရတဲ့ ပျူစောထီးရွာတွေမှာ စားစရာမရှိတော့တာကြောင့် ရွာသားတချို့ ထွက်ပြေးချင်ပေမဲ့ ပျူစောထီးခေါင်းဆောင်တွေက သတင်းအမှားတွေနဲ့ ခြိမ်းခြောက်ထားတာကြောင့် ထွက်မပြေးရဲကြဘူးလို့ ဆိုပါတယ်။

မြိုင်နယ်၊ ကန်နီပျူရွာသူတ‌ေယာက်က “ကန်နီပျူရွာက ထွက်လာတာပါ၊ မိသားစု ၃ ယောက်ပါ၊ ၂ ယောက်က လက်နက်ကိုင်ပါရှင့်၊ လင်မယား ၂ ယောက်စလုံး လက်နက်ကိုင်ပါ။ ညီမတို့ ၃ ယောက်လုံးကို သတ်ပစ်မယ်လို့ ပြောတာပါ၊ သူတို့ပြောခဲ့သလို မဟုတ်တာပါ။ သူတို့က သတ်ပစ်မှာ ဖြတ်ပစ်မှာ ပြောတာရှင့်၊ ကွာခြားပါတယ်။ ကျမတို့ ပျူလက်နက်ကိုင်တွေကို မွေးချင်းတွေကို ဒီဘက်ကို ပြန်ပြီးခေါ်ချင်ပါတယ်။ ထွက်ခဲ့ပါ ဒီဘက်က ဘာမှမလုပ်ပါဘူး ပြောချင်ပါတယ်။ သူတို့အတွင်းထဲကြတော့ ကျပ်တည်းနေပါတယ်။ ဒီဘက်ကပြောသံကြားတယ် ထွက်ခဲ့ပါပေါ့၊ ကြိုဆိုပါတယ်၊ ဘာမှမလုပ်ပါဘူး ပြောလို့ဆိုလို့ ထွက်လာတာရှင့်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းက ပျူစောထီးတွေဟာ လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကာလတွေမှာ PDF တွေနည်းတူ အချင်းချင်း စစ်သင်တန်းပေးတာ၊ ကွန်ရက်ဖွဲ့တာ၊ သတင်းအချက်အလက် မျှဝေတာတွေ ပြုလုပ်ခဲ့တာပါ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန် စစ်ရေးအပြောင်းအလဲ ဖြစ်လာချိန်မှာ စစ်ကောင်စီက ပျူစောထီးတွေကို လုံလောက်တဲ့ ထောက်ပံ့မှုတွေ မပြုလုပ်နိုင်တော့တာကြောင့် ဝါသဝကိုယ်တော်၊ ပေါက်ကိုယ်တော်၊ ဒေါ်သီတာယုမွန်တို့လို နာမည်ကျော် ပျူစောထီးခေါင်းဆောင်တွေ လက်အောက်မှာ မရှိတဲ့ ပျူစောထီးရွာတွေဟာ စားဝတ်နေရေး ကျပ်တည်းပြီး PDF တွေရဲ့ အဘက်ဘက်က ပိတ်ဆို့တာကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013