
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄ မိုင်းလားက အထူးဒေသ ၄ စုပေါင်း အဝေးပြေးကားဂိတ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က ဖွဲ့စည်းခဲ့ပြီး ယာဉ်လိုင်းတွေအားလုံးကို တစုတစည်းတည်း စီမံခန့်ခွဲသွားမှာဖြစ်ကြောင်း အထူးဒေသ ၄ စီးပွားရေးကော်မတီ သတင်းနဲ့ပြန်ကြားရေးဌာနက သိရပါတယ်။
မိုင်းလားဒေသ ခရီးသွားလာမှု အရင်းအမြစ်တွေကို သင့်မြတ်အောင် စီမံဆောင်ရွက်နိုင်ဖို့နဲ့ တရားမဝင် ယာဥ်လိုင်းပြေးဆွဲတာနဲ့ ကုန်ကူးတာတွေကို ထိရောက်စွာ တိုက်ဖျက်နိုင်ဖို့အတွက် အထူးဒေသ ၄ စီးပွားရေးကော်မတီ ခွင့်ပြုချက်နဲ့အညီ စုပေါင်းအဝေးပြေးကားဂိတ်ကို ဖွဲ့စည်းတည်ထောင်ပြီး ဒေသတခုလုံးရဲ့ ခရီးသည် လမ်းကြောင်းတွေနဲ့ တစုတစည်းတည်း စံချိန်စံနှုန်းအမီ စီမံခန့်ခွဲသွားမှာဖြစ်တယ်လို့ စီးပွားရေးကော်မတီ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“မိုင်းလားမြို့က ခရီးသည်တင်ယာဥ်တွေအားလုံး လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး စုပေါင်းအဝေးပြေးကားဝင်းထဲမှာ တစုတစည်းတည်း ရပ်ထားရမှာပါ။ အရင်တုန်းက ပြေးဆွဲခဲ့ကြတဲ့ ခရီးသည်တင်ယာဥ်တွေ အနေနဲ့လည်း စုပေါင်းအဝေးပြေးဂိတ်ကိုလာပြီး မှတ်ပုံတင်၊ ပြေးဆွဲခွင့်လတ်မှတ်နဲ့ မော်တော်ယာဥ် စစ်ဆေးတာတွေ လုပ်ပြီးမှ တရားဝင် ပြေးဆွဲခွင့်ပြုမှာပါ။”
အထူးဒေသ ၄ စုပေါင်းအဝေးပြေးကားဂိတ်ဟာ မိုင်းလား သုညမိုင်ကုန်စည်ကွင်း (အရင်မိုင်းလားကားဂိတ်) မှာရှိပြီး နောက်ပိုင်းမှာ ဆီလူး၊ ကျိုင်းခမ်းနဲ့ နန့်ပန်းတို့မှာ ဂိတ်ခွဲတွေ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မိုင်းလားမော်တော်ယာဉ်အသင်းမှာ တရားဝင်ပြေးဆွဲခွင့် ရရှိထားတဲ့ ယာဉ်ပိုင်ရှင်တယောက်က “ကျနော်တို့က အရင်ထဲက သတ်မှတ်ပေးထားတဲ့ စည်းကမ်းအတိုင်း အခွန်အခတွေ၊ ယာဉ်လိုင်းအသင်းဝင်ကြေးနဲ့ ဂိတ်ကြေးတွေကို ပေးဆောင်ပြီးမှ ပြေးဆွဲနေကြတာ။ တရားမဝင်ကားတွေက ဘာကုန်ကျစရိတ်မှ သိပ်မရှိဘဲ မိုင်းလားလမ်းမှာ ခရီးသည်တင်ပြီး မောင်းနေကြတာ။ ပြီးတော့ တွေ့ရာနေရာတွေမှာ ဂိတ်ထိုးပြီး လူအတင်အချ လုပ်နေတာတွေကိုတော့ တာဝန်ရှိသူတွေအနေနဲ့ စည်းကမ်းတကျ ဖြစ်အောင်လို့ လုပ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လာမယ့် ဒီဇင်ဘာ ၁၀ ရက်ကစပြီး ဒေသအတွင်းရှိ အဓိကလမ်းမကြီးတွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ပူးပေါင်းစစ်ဆေးသွားမှာဖြစ်သလို မော်တော်ယာဉ် ပြေးဆွဲသူတွေ အနေနဲ့ ခွင့်ပြုချက်လက်မှတ်နဲ့ ယာဉ်လိုင်းတွေကို တရားဝင်ပြေးဆွဲနေတာ ရှိ/မရှိ အပြင် လက်မှတ်မရှိဘဲ ပြေးဆွဲနေတဲ့ မှောင်ခိုယာဉ်တွေနဲ့ ယာဉ်/လမ်း စည်ကမ်းမလိုက်နာတဲ့ ယာဉ်တွေကိုလည်း အရေးယူသွားမှာဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။