
ပန်းချီဆရာနေနီလှိုင်ခရဲ့ ပန်းချီကားလေးတချပ်ကို တွေ့တွေ့ချင်း သဘောကျခဲ့တာက စစ်နဲ့ ငြိမ်းချမ်းရေးရဲ့ ဝိရောဓိကို ဖျတ်ခနဲ မြင်လိုက်ရလို့ပါပဲ။ တော်လှန်ရေးတပ်သားနဲ့ သံလွင်ခက်၊ သေနတ်ပေါ်မှာ နားနေတဲ့ ချိုးဖြူငှက် စတာတွေက စစ်နဲ့ ငြိမ်းချမ်းရေးရဲ့ ဝိရောဓိသဘောကို ပြတယ်လို့ ခံစားမိပါတယ်။ သူ့ပန်းချီကားကို မြင်တော့ ကျမတို့ ပိုင်ယပ်တက္ကသိုလ်က ငြိမ်းချမ်းရေးလေ့လာရေးဌာန တည်ထောင်သူ ပရော်ဖက်ဆာ Mark Tamthai မျှဝေဖူးတဲ့ Give war a chance ဆိုတဲ့ ဆောင်းပါးတပုဒ်ကို သတိရမိပါတယ်။
၁၉၉၉ ခုနှစ်က Foreign Affairs မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့၊ ပညာရှင်တွေကြား အငြင်းပွါးဖွယ်ရာဖြစ်ခဲ့တဲ့ ဒီဆောင်းပါးကို ရေးခဲ့သူက အမေရိကန် စာရေးဆရာ Edward N Luttwak ဖြစ်ပါတယ်။ “စစ်ဆိုတာ မကောင်းဆိုးဝါးမိစ္ဆာကြီးတကောင် ဖြစ်ပေမဲ့ သူ့မှာ နိုင်ငံရေး ပဋိပက္ခတွေကို ဖြေရှင်းနိုင်ပြီး ငြိမ်းချမ်းရေးဆီ ဦးတည်နိုင်စေတဲ့ ကောင်းမြတ်မှုကြီးတခုကလည်း ရှိနေသေးတယ်” လို့ သူက ဆိုပါတယ်။
“Although war is a great evil, it does have a great virtue, it can resolve political conflicts and lead to peace.
(Edward N Luttwak)
Edward N Luttwak ရဲ့ အတွေးအခေါ်အရဆိုရင်တော့ စစ်ပွဲတွေမှာ တဖက်ဖက်က အနိုင်တိုက်နိုင်လိုက်တဲ့အခါပဲဖြစ်ဖြစ်၊ နှစ်ဖက်စလုံး စစ်ပန်းလာတဲ့အခါမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆီ ဦးတည်ဖို့ ဖြစ်လာတတ်ကြတယ်။ အကြမ်းဖက်မှုတွေရဲ့ အထွတ်အထိပ်ကို ကျော်လွန်ပြီးကာမှ စစ်ပွဲတွေက ငြိမ်းချမ်းရေးကို ယူဆောင်လာတတ်ကြတယ်လို့ ယူဆရမှာပါပဲ။
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်တယ်ဆိုတာက နှစ်ဖက်လုံး စစ်ပန်းလာလို့ ခဏရပ်ပြီး လူသူလက်နက်အင်အား ပြန်ဖြည့်ပြီး စစ်ထပ်တိုက်ဖို့ တာစူကြတာပဲ။ ကျည်တချက် စပေါက်လိုက်တာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေဟာ အသုံးမဝင်တော့တဲ့အတွက် အပစ်ရပ်စာချုပ်တွေဟာ စစ်ရှိန်ထပ်မြှင့်ဖို့ တွန်းအားပေးသလိုတောင် ဖြစ်နေတယ်လို့ ၁၉၄၈-၄၉ မှာ ဖြစ်ခဲ့တဲ့ အီရတ်-အစ္စရေး စစ်ပွဲတွေ၊ ဘော်လကန်ဒေသကစစ်ပွဲတွေ၊ ဆာ့(ဘ)တွေ၊ ခရိုအက်တွေ နဲ့ ဘော့စနီးယားက မူဆလင်တွေကြား ဖြစ်ပွါးခဲ့တဲ့စစ်ပွဲတွေ ကို နမူနာယူပြီး Edward N Luttwak က ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နိုင်ငံတကာအသိအမှတ်ပြု တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)နဲ့ သိပ်မကြာသေးခင် ဇန်နဝါရီလကမှ တရုတ်နိုင်ငံက ကမကထလုပ်ပြီး ကူမင်းမြို့မှာ ချုပ်ဆိုခဲ့တဲ့ ဟေဂင်ယာယီ အပစ်ရပ်စာချုပ်တို့ကလည်း အလားတူပါပဲ။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်သားသစ်တွေ အလျင်အမြန် စုဆောင်းဖို့ အချိန်ပေးလိုက်သလို တော်လှန်ရေးတပ်ဖွဲ့တွေအတွက် နောက်ထပ်စစ်ပွဲတပွဲအတွက် ပြင်ဆင်ဖို့ အချိန်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံက စစ်ရေးအခြေအနေကို သုံးသပ်ကြတဲ့အခါ စစ်ဘောင်ကျယ်လာတယ်လို့ သုံးသပ်သူတချို့ ရှိသလို စစ်ကောင်စီ ကင်းလွတ်တဲ့နယ်မြေတွေ တဖြည်းဖြည်း များလာပြီလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ နိုင်ငံတကာမှာလည်း သူ့ပြဿနာတွေနဲ့သူမို့ မြန်မာ့စစ်ရေးပဋိပက္ခကို ပြည်တွင်းရေးပြဿနာလို့ ယူဆပြီး ဝင်ရောက်စွက်ဖက်ဖို့ စိတ်ဝင်တစား မရှိကြပါဘူး။ Edward N Luttwak အယူအဆနဲ့ပြောရရင်တော့ နိုင်ငံတကာဝင်ရောက်စွက်ဖက်မှု မရှိသေးတာကိုက အတော်ကံကောင်းနေသေးတယ်လို့ ပြောရမလိုပါပဲ။
Edward N Luttwak ရဲ့ အက်ဆေးထဲမှာ နိုင်ငံစုံတပ်ဖွဲ့တွေက ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေရဲ့ ပြဿနာကို ဆွေးနွေးထားပါတယ်။ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းသူတွေရဲ့ သဘောသဘာ၀က စစ်ပွဲထဲကို ဝင်ပါလာပေမဲ့ စစ်တိုက်ဖို့တော့ ငြင်းဆန်တဲ့သူတွေနဲ့ အတူတူပဲလို့ ဆိုပါတယ်။ သူတို့ရဲ့ ပထမဦးစားပေးက သူတို့လူတွေ မထိခိုက် မကျဆုံးဖို့ပါပဲ။ သူတို့ဟာ အင်အားကောင်းတဲ့ ဒေသခံတပ်ဖွဲ့တွေကို မျက်နှာလိုအားရလုပ်ပြီး ဒီတပ်ဖွဲ့တွေ စိုးမိုးသမျှ အနိုင်ကျင့်သမျှ သည်းခံလေ့ရှိကြပါတယ်။ ဒါကြောင့်မို့ စစ်ပွဲကြားပိတ်မိနေတဲ့ အရပ်သားတွေအပေါ် အမှန်တကယ် အကာအကွယ်မပေးနိုင်ကြပါဘူး။
ကုလသမဂ္ဂနိုင်ငံစုံတပ်ဖွဲ့တွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်စွက်ဖက်မှု အနေနဲ့ ပြည်တွင်းစစ်တွေမှာ ပါဝင်လာကြတာရှိပေမဲ့ သူတို့တပ်ဖွဲ့ဝင်တွေ အသက်အန္တရာယ်ရှိမယ့် ကိစ္စတွေကို ရှောင်ရှားကြတာကြောင့် အကျိုးသက်ရောက်မှုသိပ်မရှိလှဘူးလို့ Edward N Luttwak က မြင်ပါတယ်။ ဥပမာပြောရရင် ဘော့စနီးယားရောက်နေတဲ့ အမေရိကန်တပ်ဖွဲ့ဟာ သူတို့ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကို ငဲ့ကွက်ပြီး သူတို့စစ်ဆေးရေးဂိတ်နား မကြာခဏ ဖြတ်သွားနေကျ နာမည်ကျော် စစ်ရာဇဝတ်ကောင်ကို ဖမ်းဖို့ ပျက်ကွက်ခဲ့တယ် ဆိုတာမျိုးပေါ့။
နေတိုးနိုင်ငံစုံတပ်ဖွဲ့တွေ ဆာဘီးယားကို ဝင်တိုက်ခဲ့တုန်းကလည်း အလားတူဖြစ်ရပ်တွေရှိခဲ့တဲ့ အကြောင်း နမူနာပေးထားပါတယ်။ နေတိုးတပ်ဖွဲ့တွေ အကျအဆုံးနည်းဖို့ လေကြောင်း တိုက်ခိုက်မှုကိုပဲ အဓိကထားသုံးခဲ့တယ်။ ဆာဘီးယား၊ မွန်တီနီဂရိုးနဲ့ ကိုဆိုဗိုက စစ်ရေးပစ်မှတ်တွေကို သီတင်းပတ်အတော်ကြာအောင် ဗုံးကြဲခဲ့တယ်။ ရာသီဥတုကောင်းတဲ့ အချိန်မှာ အမြင့်ပေ ၁၅,၀၀၀ လောက်ကနေ ဗုံးကြဲတဲ့အတွက် သူတို့ပိုင်းလော့ တယောက်တလေကိုမှ မထိခိုက်ခဲ့ဘူး။ အဲဒီအချိန်မှာ ဆာ့ဘ်စစ်သားတွေ ပုလိပ်တွေက ရာပေါင်း ထောင်ပေါင်းများစွာသော ကိုဆိုဗို အယ်ဘေးနီးယန်းတွေကို လူမျိုးတုံး သုတ်သင်မှုတွေ အကြီးအကျယ်လုပ်နေတဲ့ အချိန်ဖြစ်ပေမဲ့ အဲဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ၊ နှင်ထုတ်ခံရတာတွေက နေတိုးတပ်ဖွဲ့က ပိုင်းလော့တွေရဲ့ အသက်လောက် အရေးမကြီးဘူးဆိုတဲ့ သဘောမျိုးဆောင်တဲ့အတွက် နိုင်ငံရေးအရှိတရားတခုကို ပေါ်လွင်စေပါတယ်။ ဘယ်လောက်ပဲ အင်အားကြီးမားတဲ့ နိုင်ငံစုံတပ်ဖွဲ့ကိုပဲသုံးသုံး စိတ်အားထက်သန်မှုမရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စွက်ဖက်မှုတိုင်းဟာ အောင်မြင်နိုင်ခြေမရှိဘူး။ အဲဒါထက်စာရင် နေတိုးနိုင်ငံစုံတပ်ဖွဲ့တွေ ဝင်မစွက်ဖက်ပဲ နေလိုက်တာကမှ ကိုဆိုဗိုက အယ်ဘေးနီးယန်းတွေအတွက် ပိုသက်သာရာဦးမယ်လို့ စာရေးဆရာ Edward N Luttwak က သုံးသပ်ထားပါတယ်။
နောက်သုံးသပ်ချက်တခုကတော့ ဒုက္ခသည်နိုင်ငံတော် (Refugee Nation) တွေ ထူထောင်တာ ဖြစ်ပါတယ်။ အဆင်းရဲဆုံးနိုင်ငံတွေက စစ်ဘေးဒုက္ခသည်တွေအပေါ်မှာ မီဒီယာအာရုံစူးစိုက်မှုကို ပိုရနိုင်တဲ့အတွက် တချို့ NGO တွေက အဲဒီဒုက္ခသည်တွေကို ကူညီဖို့ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အကြောင်းပြပြီး ရန်ပုံငွေပိုရှာကြတယ်။ ဥပမာ ရဝမ်ဒါနဲ့ ကွန်ဂိုနယ်စပ်က ဒုက္ခသည်စခန်းတွေကိုပဲ ကြည့်မယ်ဆိုရင် အဲဒီ NGO တွေက ဟူတူနိုင်ငံတော် ထူထောင်ဖို့ သွေးထိုးပေးတယ်။ ရဝမ်ဒါနိုင်ငံ စုစည်းဖို့အစား တူစီလူမျိုးတွေကို သတ်ဖြတ်မှုတွေ ကျူးလွန်ဖို့ရာအတွက် အားပေးအားမြောက်ပြုကြတယ်။ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်စွက်ဖက်မှုတွေဟာ ရဝမ်ဒါပြဿနာတွေကို ရေရှည်ဖြေရှင်းဖို့ နည်းလမ်းတွေကို မရှာနိုင်တဲ့အပြင် ပဋိပက္ခ အခြေအနေကိုပိုဆိုးလာစေတယ်လို့ Edward N Luttwak က ယူဆပါတယ်။
များပြားလှတဲ့ စစ်ပွဲတွေဟာ တဖြည်းဖြည်းနဲ့ နာတာရှည် ပဋိပက္ခအသွင်ဆောင်လာပြီး မပြီးနိုင်မစီးနိုင် ဖြစ်နေတာဟာ တဖက်ဖက်က အပြတ်အသတ်နိုင်ဖို့ ဒါမှမဟုတ် နှစ်ဖက်စလုံး စစ်ပန်းတဲ့ အခြေအနေကိုရောက်ဖို့ မဖြစ်နိုင်လောက်အောင် ပြင်ပက ဝင်ရောက်စွက်ဖက်မှုတွေက ပိတ်ဆီးထားလို့သာ ဖြစ်တယ်။ ဒါကြောင့် စစ်ပွဲတွေကြားကို ဝင်ရောက်စွက်ဖက်မယ့်အစား ခြေကုန်လက်ပန်းကျတဲ့အထိ၊ ဒါမှမဟုတ် တဖက်ဖက်က နိုင်သွားတဲ့အထိ တိုက်ဖို့ခွင့်ပြုထားလိုက်တာကသာ ငြိမ်းချမ်းရေးလမ်းစ ရှာတွေ့ဖို့ ပိုဖြစ်နိုင်တယ်လို့ Edward N Luttwak က ကောက်ချက်ချထားပါတယ်။
Edward N Luttwak ရဲ့ သဘောတရားမှန်ပြောင်းနဲ့ မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေကို သုံးသပ်မယ် ဆိုရင်တော့ ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတဲ့ပြည်သူတွေကို မစာနာရာရောက်တယ်လို့ တချို့က ပြောကြပါလိမ့်မယ်။ ပြည်တွင်းစစ်ဒဏ်ကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ရွာမီးရှို့ခံရတဲ့ သက်ကြီးရွယ်အိုတွေ၊ လေယာဉ်နဲ့ ဗုံးကြဲခံရလို့ သေလုမြောပါးအခြေအနေက ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေရဲ့ သဘောထားတွေက ဘယ်လိုရှိမလဲဆိုတာကို သိချင်မိပါတယ်။
မြေပြင်မှာတော့ သပြေညိုပန်းနဲ့ အမေအိုအနမ်းနဲ့ စစ်အောင်သူတွေကို ကြိုတဲ့သူက ကြိုကြတယ်။ စစ်ကောင်စီ ကင်းလွတ်နယ်မြေတွေ တခုပြီးတခု ဖော်ဆောင်ဖို့ စစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့ အုပ်စုတွေလည်း ရှိတယ်။ စစ်အာဏာရှင်တွေ စစ်ရှုံးတဲ့ အချိန်အထိ စစ်ပွဲတွေ ဆက်ဆင်နွှဲကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်တွေလည်း ရှိကြတယ်။
စာရေးသူတယောက်အနေနဲ့ ခေါင်းရှောင်ရာကျတယ်ဆိုတာကို သိပေမဲ့ ကျမဆောင်းပါးကို မေးခွန်းတွေနဲ့ ပဲအဆုံးသတ်မိပါတယ်။
စစ်ပွဲတွေက အမှန်တကယ်ပဲ ငြိမ်းချမ်းရေးကို ယူဆောင်လာမှာလား။
စစ်ပွဲတွေ ပြီးဆုံးသွားချိန်ကျမှ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာလား။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုအစပြုနိုင်ဖို့ စစ်ပွဲတွေကို အခွင့်အရေးပေးလိုက်သင့်ပြီလား။
(ကျမကိုယ်တိုင်ကတော့ စစ်နဲ့ငြိမ်းချမ်းရေးရဲ့ ဝိရောဓိတွေကြားမှာ ပိတ်မိနေတုန်း ဖြစ်တဲ့အပြင် ပြည်တွင်းစစ်နဲ့ လွတ်ရာကင်းရာမှာ ရောက်နေသူတယောက်ဖြစ်တဲ့အတွက် ဒီမေးခွန်းရဲ့အဖြေကို ပေးနိုင်တဲ့သူ နေရာမှာ ရှိမနေပါဘူး။ ဒါ့ကြောင့်မို့ ကျမ နှစ်သက်တဲ့ပန်းချီကားလေးနဲ့ စာရေးဆရာ Edward N Luttwak ရဲ့ သဘောတရားကိုပဲ ထပ်ဆင့်မျှဝေလိုက်တာဖြစ်ပါတယ်။)
မွန်မွန်မြတ်
(မွန်မွန်မြတ်သည် ထိုင်းနိုင်ငံ ပိုင်ယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရခဲ့သူ ဖြစ်သည်။)