Home
ဆောင်းပါး
အနိဋ္ဌာရုံကွင်းပြင်ထဲက ရိုဟင်ဂျာများ
DVB
·
July 1, 2024

ဘယ်ကိုသွားသွား ရိုသေ အလောင်း၊ ဘယ်သူတိုက်တိုက် ရိုဟင်ဂျာသေ။ တချိန်တုန်းက တိုင်းရင်းသားပေါင်းစုံ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင်လာခဲ့တဲ့ အာရကန်ပြည်ဟာ ရွာတွေ အိမ်တွေ မီးရှို့ပြာကျခံရပြီး ဟင်းလင်းပြင်ဖြစ်နေရော။ လူသေများ စုပုံပြည့်နှက်နေတဲ့ သင်္ချိုင်းကုန်းအလား ဖြစ်နေပြီ။

အိမ်မှာနေရင်းနဲ့ ကမ္ဘာပတ်နိုင်တဲ့ခေတ်ကြီးမှာ ကီလိုမီတာလောက်ဝေးနေတဲ့ သားသမီးတွေရဲ့ သတင်းမရ။ ဘယ်သူသေသလဲ ဘယ်သူရှင်နေသေးလဲတောင် အိမ်ကနေ ထွက်မကြည့်ရဲဘဲ အချိန်ကုန်ဆုံးနေတဲ့ ရိုဟင်ဂျာများဟာ အငတ်ကပ်ဘေးကြီးနဲ့ သေဆုံးနေရှာလေပြီ။ ဈေးဝယ်သွားတဲ့အဖေ ပြန်မလာသေးဘူးလား ဆိုပြီး အပြင်ထွက်ကြည့်နေတဲ့ သမီးလေးဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြန်ပြီ။ ကျောင်းသွားတဲ့ ညီမလေးကို သွားကြိုတဲ့ အစ်ကိုကြီးဟာ အဖမ်းခံရပြီ။ သူများအချင်းချင်း စစ်ဖြစ်နေတာကို မဆီမဆိုင် ငါ့အိမ်ရှေ့လာပြီး သေနတ်တွေပစ်၊ ဗုံးတွေပစ်နဲ့ ငါ့သားသမီးတွေ သေတွင်းထဲ ရောက်နေကုန်ပြီ။ နှစ်ပေါင်းများစွာ ယုယုယယ ကျွေးမွေးလာခဲ့တဲ့ ကလေးဟာ ဒီကမ္ဘာဝယ် မရောက်ခဲ့သလို ခံစားနေရတယ်။

နေပူဒဏ်နဲ့ တနေကုန် လုံးပန်းရတဲ့ ရိုဟင်ဂျာမိသားစုဟာ ညရောက်မှာကို ကြောက်နေရပြီ။ မိုးချုပ်လာတာနဲ့ သေနတ်သံကို သရဲလိုလို ခြောက်ခံနေရပြီ။ ဗုံးတွေက လျှံထွက်တဲ့ အလင်းတန်းတွေကြောင့် မနက်မိုးလင်းနေပြီလားလို့ ထင်မှတ်မှားလောက်ရတယ်။ အပေါ့သွားချင်လို့ဆိုပြီး အိမ်ကဆင်းတဲ့ ငါးနှစ်အရွယ်ကလေးဟာ ငိုသံတောင် မကြားရဘဲ ပွဲချင်းသေဆုံးလေပြီ။ ညမဲ့ရက်တွေကို တန်းဖြတ်သန်းနေရပြန်ပြီ။

နေရာတကာ စစ်ရှုံးလို့ မိမိစခန်း၊ မိမိပုဆိုးပါ ထိန်းမရသလိုဖြစ်နေတဲ့ စစ်တပ်တွေဟာ သေပေးဖို့ လူအင်အား လျော့နည်းသွားလို့ ရိုဟင်ဂျာတွေကို ဆွဲခေါ်၊ အတင်းအဓမ္မဖမ်းဆီးကာ စစ်မြေပြင် ရှေ့ဆုံးတန်းမှာ အစားပေးနေပြီ။ သူတို့အချင်းချင်း ဘောလုံးကန်နေတာကို ကြားက အသုံးခံဘောလုံးတော့ ရိုဟင်ဂျာတွေ ဖြစ်ကုန်ပြီ။ ဆားမပါ၊ ရေမပါပဲ ဆန်ပြုတ်တောင် စားဖို့ မလွယ်တဲ့ ရိုဟင်ဂျာတွေဟာ စစ်တပ်မဝင်ချင်လို့ တသိန်း၊ နှစ်သိန်း ဆိုပြီး ဒဏ်ငွေလျော်ကြေးတွေ ပေးနေရပြီ။ သားမရှိလို့ အဖေကိုခေါ်၊ အဖေမရှိရင် အမေအရိုက်ခံရနေတဲ့ ရိုဟင်ဂျာဘဝဟာ ပြောမကုန်၊ ရေးမကုန်။ သူတို့ခေါ်သွားပြီး သူတို့ကိုယ်တိုင် သတ်ခဲ့တဲ့ ငါ့သားရဲ့အလောင်းဟာ ဘယ်မြို့ဘယ်ရွာမှာ ကျီးစာဖြစ်နေတာတောင် အကြောင်းမကြားရော။ အဲဒီသားက ဒီကမ္ဘာကြီးမှာ မရှိခဲ့သလို ခံစားနေရတဲ့ ရိုဟင်ဂျာမိခင်များရဲ့ မျက်ရည်တွေကို ချောင်းငယ်တခုများလားဆိုပြီး ထင်နေရတယ်။ 

အမည်မသိတဲ့ လူသေအလောင်းတွေ နေရာတကာ မပုပ်မသိုး ခြောက်ကပ်လို့ စွန်ရဲတောင် ငြီးငွေ့နေတော့တယ်။ သေနတ်ဆိုလို့ ကစားစရာတွေလောက်ပဲ ကိုင်ဖူးတဲ့ လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီးကာ လက်နက်တွေဆင်ပေး၊ သင်တန်းတွေသင်ပေးပြီး စစ်မြေပြင်မှာ ရှေ့တန်းထွက်ခိုင်းတော့ ရန်သူတောင် သေသေချာချာမသိဘဲ အသက်ဆုံးရှုံးနေရပြီ။ အရှေ့ဘက်သွားရင် ကျား၊ အနောက်ဘက်ဆို ခြင်္သေ့၊ အလယ်မှာ အားကိုးရာမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာများဟာ ဘယ်သူခေါ်ခေါ် တခေါက်ခေါက် သွားနေရ။ ဘယ်သူခိုင်းခိုင်း တကုပ်ကုပ် လုပ်နေရ။ ကျားကိုကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးနေသလို ဖြစ်နေပြီ။

အိမ်ကမထွက်ဘဲ တနှစ်ထိထိ ထိုင်စားလို့ရတဲ့ ရိုဟင်ဂျာသူကြွယ်ဟာ ဟင်းမရှိတဲ့ ထမင်းကိုတောင် သူများဆီက တောင်းစားနေရတယ်။ မိမိဘိုးဘွားမြေ ချက်မြှုပ်ရွာအတွင်းမှာပဲ ထွက်ပတ်လို့မရတဲ့ ရိုဟင်ဂျာများဟာ အိမ်နီးနားချင်းရဲ့ အခြေအနေကိုတောင် သိရဖို့ တပတ်လောက် စောင့်ရသေးတယ်။ သနားလှစရာကောင်းလှတဲ့ ဘဝပါလား။ ကူသူကယ်သူဆိုလို့ ဘယ်သူမှမရှိတဲ့ ရိုဟင်ဂျာများဟာ မိတ်ဆွေ၊ ရန်သူ ဘယ်သူလဲဆိုတာ မသိရှာဘဲ အသက်စတေး၊ မိပျောက်ဖပျောက်နေရလို့ တမိသားစုလုံး အမှုမဲ့အမှတ်မဲ့ သေဆုံးခဲ့ပြီ။ ဟောဒီမိသားစု သေဆုံးသွားပြီဆိုပြီး အလောင်းရေတွက်ဖို့ လူမရှိ၊ သတင်းတောင် ဘယ်သူမှမသိဘဲ အသက်ပေးနေရတဲ့ ရိုဟင်ဂျာများလည်း မရေမတွက်နိုင်လောက်အောင်ပဲ။

“နိုင်ငံတကာ” ဆိုလို့ ကြားဖူးရုံပဲ။ တခါမှ ကိုယ်တွေ့မမြင်ခဲ့တဲ့ အာရကန်ဒေသက ရိုဟင်ဂျာများအတွက် ကယ်ဆယ်ရေးအဖွဲ့ဆိုပြီး ငိုကြွေးသံနဲ့သာ အားတင်းနေရတော့တယ်။ “များများသေလေလေ ပိုက်ဆံပိုရလေလေ” ဆိုပြီး မျှော်လင့်နေတဲ့ အဖွဲ့အစည်းတွေကတောင် ဒီလို အညာကရွာကို လမ်းမှားလို့တောင် ရောက်လာတာ မရှိပေ။ နောက်ဆုံးတော့ ငါ သေဆုံးသွားရင် ပြည်သူ့အတွက် ရေရှည်အကျိုးရှိတဲ့ တော်လှန်ရေးခရီးကို အဆုံးထိ အတူတူရောက်ရမယ်လို့ မျှော်လင့်ချက်ကြီးကြီးနဲ့ အားတင်းလို့ နေရရှာလေသတည်း။

အာဘူလ်ကာဆိမ်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024