Home
မြန်မာသတင်း
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပကမ္ဘာနဲ့ ဘယ်အချိန်အထိ အဆက်ဖြတ်ထားနိုင်မလဲ   
DVB
·
June 24, 2024
Photo - ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူတို့ကြိုက်မယ့်စကားကို ပြောမှာမဟုတ်တဲ့အတွက် စစ်ကောင်စီက နိုင်ငံတကာရဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်တွေကို ပယ်ချနေတာလို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက လျစ်လျူရှုထားခဲ့တာပါ။ 

ဇွန် ၁၈ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းဟာ နေပြည်တော်မှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနဲ့ ကုလသမဂ္ဂမှာ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။ 

အဲ့ဒါအပြင်တရုတ်မြန်မာနယ်စပ်လုံခြုံရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးတို့ကိုလည်း ဆွေးနွေးခဲ့ဖွယ်ရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ 

စစ်ကောင်စီကတော့ တရုတ်အပါအဝင် နိုင်ငံတကာရဲ့ တိုက်တွန်းချက်တွေကို လျစ်လျူရှုပြီး အာဏာသိမ်းမှုအထမြောက်ဖို့ ဆက်လက်ကြိုးစားနေတာပါ။

မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက “ဒေါ်အောင်ဆန်းစုကြည်က သူတို့ကြိုက်မယ့်စကားကို ပြောမှာမဟုတ်လို့ဗျ။ ဒါကြောင့်မို့ သူတို့ပေးမတွေ့တာ။ ဒါပေမဲ့ ဒါကိုသိလျက်သားနဲ့ ဘယ်ဖြစ်လို့ အာဆီယံတို့ တရုတ်တို့က တဒီးဒီးတောင်းနေရလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက် စိတ်ပူကြလို့ ပြောနေကြတာ။ အဲ့ဒါ နှစ်ဖက်ရဲ့ ရည်ရွယ်ချက်က အဲ့လိုဖြစ်တယ်။ ကျမ ကြည့်တယ်၊ တရုတ်က ဒါမျိုးက အင်မတန် စိတ်ရှည်တယ်ဗျ၊ သူတို့ အချိန်စောင့်နိုင်တယ်။ အချိန်က သူ့တို့ဘက်မှာဖြစ်တာကိုးနော့။ စစ်တပ်ဘက်က ခုချိန်က ဘယ်လောက်ပဲ မာန်မာနကြီးကြီး ပြည်သူလူထုရဲ့ဖိအား ပြီးတော့ သူ့စီးပွားရေးက နာလန်မှမထူတာနော်၊ တပ်ကလည်းရစရာမရှိဘူး၊ အဲ့လိုဖြစ်နေတဲ့အောက်မှာ ဒီစစ်တပ်ကြီးကို ကျမတို့က နှစ်အချို့နဲ့ တိုက်နိုင်မယ်၊ ပြတ်သွားအောင်လုပ်နိုင်မယ်လို့ထင်ရင် မှားတယ်ဗျ။ ကျမတို့က တဖြည်းဖြည်းဖြိုချနေရတာဖြစ်တယ်။ ထို့အတူပဲ နိုင်ငံရေးအရ ဆွေးနွေး၊ ငြိမ်းချမ်းရေးအရ ဆွေးနွေးတဲ့လူတွေကလည်း စိတ်ရှည်လက်ရှည်ဆွေးနွေးရမှာပေါ့။ တရုတ်ကသွားနေတာ နိုင်ငံတကာကပေးတဲ့ ဖိအားပဲ။ ကိုယ့်ပြည်တွင်းကလည်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပြီး ဖိအားတွေပေးရမှာပဲ။ မင်းအောင်လှိုင်တို့အတွက်က ထွက်လမ်းကိုမရှိတာဗျ” လို့ ပြောပါတယ်။

မစ္စတာတိန့်ရှီးကျွင်းဟာ ၂၀၂၂ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်အဖြစ် စတင်တာဝန်ယူခဲ့သူဖြစ်ပြီး စစ်ခေါင်းဆောင်တွေ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တွေ့ ဆုံမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် ခေါင်းဆောင်ဟောင်းတချို့နဲ့ မေလဆန်းပိုင်းမှာ ဆက်တိုက်တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို နိုင်ငံရေးအရ ဘယ်လိုချဉ်းကပ်သင့်တယ်ဆိုတာကို နည်းလမ်းရှာဖွေခဲ့ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော် က “စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်းသားတယောက်တင်မကဘူး ဓားစာခံတယောက်အနေနဲ့ အသုံးချနေတာ။ တရုတ်နိုင်ငံကတော့ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းမှာ ကူညီဖြေရှင်းနိုင်မယ့် Stakeholder တယောက်အနေနဲ့ သူတို့သုံးသပ်ထားတယ်လို့လည်း သတင်းတွေမှာတွေ့တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့နော် တရုတ်သံတမန်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ လုံခြုံရေး စိုးရိမ်ပူပန်တဲ့ဟာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့အတွက် ခွင့်တောင်းတာတွေ ကျနော်တို့ ကျေးဇူးတင်ပါတယ်။ တရုတ်နိုင်ငံရဲ့ တောင်းဆိုတဲ့ဟာတောင် သူတို့ခွင့်မပြုသေးတာ ဘာလဲဆိုတော့ သူတို့အနေနဲ့ ဘယ်လိုအချိန်မှာ ဘာနဲ့လဲနိုင်မယ်ဆိုတာ တွက်ချက်ထားတာရှိပါတယ်။ အဲ့ဒီအတွက်ကြောင့်ဖြစ်ပါတယ်။ နိုင်ငံရေးလှည့်ကွက်တခု ဖဲချပ်တခုအနေနဲ့ အသုံးချဖို့ ရည်ရွယ်ထားပုံလည်းရပါတယ်။ ဒါကြောင့်လည်း အာဆီယံက၊ တရုတ်က၊ နိုင်ငံတကာက တောင်းဆိုတာတွေကို အကြောင်းအမျိုးမျိုးပြပြီးတော့ ဘယ်နေရာမှာ ထားတယ်ဆိုတာတောင်မှ အတိအကျမပြောဘဲ ထားထားတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်” လို့ ပြောပါတယ်။

တရုတ်အစိုးရက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြန်လုပ်ပြီး အစုအဖွဲ့အသီးသီးကို နိုင်ငံရေးစကားဝိုင်းပေါ်ပြန်ဆွဲတင်နိုင်ဖို့ တွန်းအားပေးဆောင်ရွက်တာတွေလည်း ရှိနေတာပါ။ စစ်ခေါင်းဆောင်ကလည်း ဒီအခြေအနေပေါ်အခွင့်အရေးယူပြီး ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ဇွန် ၁၅ ရက်နေ့မှာ ပြောဆိုထားပါတယ်။ 

ဇွန် ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီနဲ့ပုလဲနံပသင့်တဲ့ နိုင်ငံရေးပါတီတချို့နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ စိုင်းညွန့်လွင်က “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီခေါင်းဆောင်တယောက်အနေနဲ့ ဒီလိုအရေးကြီးတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် အပြင်မှာရှိဖို့လိုတယ်လို့ ထင်ပါတယ်။ ပြောတဲ့အထဲမှာလေ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလို့ပြောတယ်၊ ရွေးကောက်ပွဲကိုတော့ ဘာမှမပြောလိုပါဘူး၊ သို့သော် လွတ်လပ်ပြီး တရားမျှတတယ်ဆိုတာကတော့ ဒါ ဟုတ်မှဟုတ်ပါ့မလား ဆိုတာကိုတော့ ပြောလို့ရရမှာပေါ့။ နိုင်ငံရေးဘောင်တွေက အခုက အရမ်းကျဉ်းပြီးတော့ စစ်ဘောင်က ကျယ်နေတာကိုး။ နိုင်ငံရေးသမားတွေ ဘာမှလုပ်လို့မှမရဘဲ အဆင်မပြေပါဘူး။ အလုပ်က လုပ်ရကိုင်ရတာ ဘာညာဆိုတာ ပြောမယ့်သာပြောနေတာ ကျနော်တို့ လုပ်ရအရမ်းခက်တယ်။ SNLD ကတော့ လုပ်နေတာပေါ့နော် ပုံမှန်လေးပဲသွားနေတာ၊ လူထုနဲ့တော့ ထွက်ထိတွေ့လို့မရဘူး။ ပျက်မသွားအောင်ဘဲ ဒီလိုပဲထိန်းထားတယ်။ ကျနော်က NLD ကို အဲ့လိုပဲဖြစ်စေချင်တာ၊ သူတို့ကိုလည်း တိုက်တွန်းနေတယ်၊ ဘယ်သူမှ ဘာမှမထွက်လာဘူး” လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမူဘောင်အောက်ကနေ ရွေးကောက်ပွဲနဲ့ ဆွေးနွေးပွဲတွေ ပြန်ဖြစ်မြောက်လာရေး စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို မြန်မာနိုင်ငံမှာ အခြေစိုက်ထားတဲ့ တရုတ် ကျောထောက်နောက်ခံမီဒီယာတွေက အသားပေးဖော်ပြနေတာပါ။ 

ဒီသတင်းဌာနတွေက တရုတ်အစိုးရရဲ့ မူဝါဒသဘောထားနဲ့ ဆောင်ရွက်နေတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးအပါအဝင် မြန်မာ့အရေးကို ချဉ်းကပ်ဖို့ တရုတ်အစိုးရရဲ့ အားထုတ်မှုတွေကို မြန်မာဘာသာနဲ့ ရေးသားဖော်ပြပြီး မြန်မာပြည်သူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024