Home
ဆောင်းပါး
ထရမ့်ပ် သမ္မတမဖြစ်ရေး ကြိုးပမ်းကြပြီ
DVB
·
June 23, 2024
Photo - Reuters

နိုဝင်ဘာလ ရွေး‌ကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် အနိုင်ရခဲ့ရင် သူကတိပေးထားခဲ့သလို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးတာတွေ လုပ်ဆောင်တော့မယ်လို့ ထရမ့်ပ် ဆန့်ကျင်သူတွေက ခန့်မှန်းနေကြပြီး ဖြစ်နိုင်ခြေရှိတဲ့ တရားစွဲဆိုမှု မူကြမ်းတွေကို ပြင်ဆင်နေကြပါတယ်။ ထရမ့်ပ် ဆန့်ကျင်တဲ့ အုပ်စုထဲက အဖွဲ့တဖွဲ့ဟာ ဆိုရင်လည်း ထရမ့်ပ် အာဏာရလာပြီးနောက် ပြည်တွင်းအခွန်ဦးစီးဌာနက စည်းကြပ်လာမှာကို စိုးရိမ်လို့ စာရင်းစစ်အသစ်တယောက်ကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ဒီမိုကရက်တစ် အစိုးရအရာရှိတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ စောင့်ကြည့်လေ့လာသူတွေနဲ့ ရီပတ်ဘလစ်ကန် လူဟောင်းတွေကတော့ ထရမ့်ပ် ဒုတိယအကြိမ် အာဏာပြန်ရလာရင် သူတို့ကိုသာမက အမေရိကန် ဒီမိုကရေစီကိုပါ အကြီးအကျယ် ခြိမ်းခြောက်လာမှာကို စိုးရိမ်နေကြပြီး အဲဒီအခြေအနေအတွက် အလေးအနက် ကြိုတင်ပြင်ဆင်နေကြပါတယ်။

“ထရမ့်ပ်က ဥပဒေကို လက်တလုံးခြားပြီး ကျနော်တို့နိုင်ငံက စနစ်ကြီးရဲ့ ကန့်သတ်ချက်တွေကို အဆုံးအစွန်ထိ စမ်းသပ်မယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်” လို့ ပါတီနှစ်ရပ်လုံးက အစိုးရအရာရှိတွေနဲ့ ဆက်ဆံနေတဲ့ ဒီမိုကရေစီရေးရာ စောင့်ကြည့်အဖွဲ့ ယူနိုက်တက် ဒီမိုကရေစီစင်တာ (United Democracy Center) ရဲ့ အမှုဆောင်အရာရှိချုပ် ဂျိုအန်နာ လစ်ဂိတ်က ပြောပါတယ်။ “ကျနော်တို့ စောင့်ကြည့်နေတဲ့အရာက သိပ်ကိုမှောင်လွန်းနေတယ်” လို့လည်း သူကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း ကိုယ်ဝန်ဖျက်ဆေး mifepristone ရဲ့ ဖက်ဒရယ်ရေးရာ ထောက်ခံချက်ကို ပယ်ချဖို့ ကြိုးပမ်းမှုကို တရားရုံးချုပ်က အခုအပတ် ကြာသပတေးနေ့မှာ ပယ်ချခဲ့ပေမဲ့ လစ်ဘရယ်တွေကတော့ ထရမ့်ပ် အာဏာရတဲ့အခါ အတည်ပြုချက်ကို ပြန်ပယ်ဖျက်နိုင်မှာ ဒါမှမဟုတ် ၁၉ ရာစုက အကျင့်စာရိတ္တဆိုင်ရာ ဥပဒေတွေကို အသုံးပြုပြီး ပြည်နယ်ဖြတ်ကျော် သယ်ဆောင်တာတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လိုက်မှာကို စိုးရိမ်နေကြပါတယ်။

ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေး အန်စလီ ကတော့ ရွေးကောက်ပွဲမှာ ထရမ့်ပ် အနိုင်ရခဲ့ရင် သူ့ရဲ့ ဒုတိယမြောက်သက်တမ်းအတွင်း ဝါရှင်တန်ပြည်နယ်အတွင်းမှာရှိတဲ့ အမျိုးသမီးတွေအတွက် လုံလောက်တဲ့ ကိုယ်ဝန်ဖျက်ဆေး (mifepristone) ဆေးတွေကို ပြည်နယ်အစိုးရပိုင် ကုန်လှောင်ရုံတခုမှာ သိမ်းဆည်းထားကြောင်း ပြောကြားခဲ့ပါတယ်။

“ဝါရှင်တန်မှာတော့ ဆေးတွေ အလုံအလောက်ရှိနေပြီး ဆေးဖြန့်ချိမှုကို တားဆီးချင်တဲ့ ထရမ့်ပ်နဲ့ သူ့ထောက်ခံသူတွေကို အခက်တွေ့စေမှာပါ” လို့ မစ္စတာအင်စလီက အင်တာဗျူးတခုမှာ‌ ပြောကြားခဲ့ပါတယ်။ ဒီဆေးတွေက ၅ နှစ်ကနေ ၆ နှစ်အထိ သက်တမ်းရှိပြီး ထရမ့်ပ်ရဲ့ ဒုတိယသမ္မတသက်တမ်းအတွက်တော့ လုံလောက်ပါတယ်လို့ သူက ပြောခဲ့ပါတယ်။

ပါတီနှစ်ဖက်လုံးက တဖက်ပါတီ အနိုင်ရခဲ့ရင် ဘာတွေဖြစ်နိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကျင်းပတဲ့ နှစ်တိုင်းမှာ ဆွေးနွေးလေ့ရှိပါတယ်။ ပါတီတွင်း အင်အားစု အများစုကတော့ မိမိပါတီအနိုင်ရရေးနဲ့ ပေါ်လစီများ၊ စီမံချက်တွေ အကောင်အထည် ဖော်နိုင်ရေးသာ အာရုံစိုက်ကြတဲ့အတွက် အထက်ပါဆွေးနွေးမှု အများစုကတော့ ပုံမှန် စကားပြောရင်း တကိုယ်ရည် ထင်ကြေးပေးတဲ့အဆင့်လောက်သာ ဖြစ်တတ်ပါတယ်။

ဒါပေမဲ့ အတိုက်အခံအစုအဖွဲ့က အခုလို ထရမ့်ပ်ရဲ့ အလားအလာရှိတဲ့ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းကို တားဆီးဖို့အတွက် အစီအစဉ်ဆွဲကြတာတွေက အနည်းငယ် စောလွန်းနေပြီး လုပ်ရိုးလုပ်စဉ်ထက်တော့ ပိုနေတယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ထရမ့်ပ်ရဲ့ မမျှော်လင့်ထားတဲ့ အနိုင်ရရှိမှု နောက်ပိုင်းကလို ဘာမှမတတ်နိုင်တော့တဲ့ အခြေအနေ မရောက်ရှိအောင် အဲဒီအစုအဖွဲ့က ကြိုတင်ပြင်ဆင်ထားကြပါတယ်။

သူတို့က အကယ်၍ ဒေါ်နယ်ထရမ့်ပ် အာဏာပြန်ရလာခဲ့ရင်လည်း အာဏာသုံးပြီး အစွန်းရောက်တဲ့ ပြောင်းလဲမှုတွေလုပ်ဖို့ ပွင့်ပွင့်လင်းလင်း စီစဉ်မှာပဲလို့ ခန့်မှန်းနေကြပါတယ်။ အဲဒီအစီအစဉ်တွေထဲမှာ တရားရေးဌာနကို အသုံးပြုပြီး ပြိုင်ဘက်တွေအပေါ် လက်စားချေတာ၊ ဒီမိုကရက်တစ်မြို့တွေကို ဖက်ဒရယ်တပ်တွေ စေလွှတ်တာ၊ ရွှေ့ပြောင်းဒုက္ခသည်တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးတာ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ထားရှိဖို့ ဧရာမစခန်းကြီးတွေ တည်ဆောက်တာတွေ ပါဝင်ပြီး ဒီအချက်တွေက ထရမ့်ပ်အဖို့ အစိုးရ ဝန်ထမ်းတွေကို ရာထူးက ဖြုတ်ချတာနဲ့ မိမိဘက်တော်သားတွေကို အစားထိုးခန့်အပ်တာတွေ လုပ်ဖို့ အကြောင်းပြချက်ကောင်းတွေ ဖြစ်လာစေတဲ့အပြင် ဗဟိုချုပ်ကိုင်မှု အာဏာတည်ဆောက်ဖို့လည်း ပိုမိုလွယ်ကူလာမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ကာကွယ်ရေးအဖွဲ့ (Protect Democracy) ရဲ့ အမှုဆောင်ဒါရိုက်တာတဦးဖြစ်သူ အီရန်ဘက်ဆင်ကတော့ ထရမ့်ပ်ရဲ့ အစီအစဉ်တွေကို ဘယ်လိုခုခံမလဲဆိုတဲ့ ကိစ္စအပေါ် သာမန်မူဝါဒဆိုင်ရာ အငြင်းပွားမှုအဖြစ် မမြင်သင့်ဘဲ အမေရိကန်အစိုးရတရပ်လုံးရဲ့ အရေးပါတဲ့ ကဏ္ဍတွေအပေါ် တဦးတည်း ထိန်းချုပ်ထားချင်စိတ်ကို ခုခံကာကွယ်တဲ့ ကြိုးပမ်းမှုတခုအဖြစ် မြင်စေချင်တယ်လို့ ပြောခဲ့ပါတယ်။

“သူက ပုံမှန်သမ္မတလောင်း မဟုတ်သလို ရွေးကောက်ပွဲကလည်း ပုံမှန်ရွေးကောက်ပွဲ မဟုတ်ပါဘူး။ မူဝါဒရေးရာ ရွေးချယ်မှုတွေအပေါ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မှားယွင်းတဲ့ဘက်ကနေ ထွက်လာမယ့် သူ့အတွက် အခုလို ကြိုတင်ပြင်ဆင်မှုတွေက သာမန်အဆင့်လည်း မဟုတ်ပါဘူး” လို့ အီရန်ဘက်ဆင်က ပြောပါတယ်။

ဗဟိုဝါဒီနဲ့ လက်ဝဲယိမ်း အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်ပိုင်းကလည်း ထရမ့်ပ် ဒုတိယအကြိမ် အာဏာပြန်မရရေး ကြိုးပမ်းမှုတွေမှာ မီးကုန်ယမ်းကုန် ပါဝင်နေကြပါတယ်။ အဖွဲ့အများစုကတော့ ဘိုင်ဒင်ရဲ့ မဲဆွယ်စည်းရုံးရေး အစီအစဉ်တွေအပေါ် အယုံအကြည် ကင်းမဲ့တယ်လို့ အမြင်ခံရမှာ စိုးရိမ်တာကြောင့် သူတို့ရဲ့ အရေးပေါ်အစီအမံတွေ လူသိရှင်ကြား မဆွေးနွေးမိဖို့ သတိထားနေကြပါတယ်။ မစ္စတာဘိုင်ဒင်ရဲ့ နည်းပါးတဲ့ ထောက်ခံမှု အရေအတွက်နဲ့ ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးဖို့ အရေးပါတဲ့ စကားစစ်ထိုးပွဲတွေမှာ ထရမ့်ပ်ကို မကျော်လွှားနိုင်တာ‌တွေကြောင့် အဖွဲ့တွေက စိတ်ပျက်နေကြပါတယ်။

အထက်ပါ အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ အစိုးရအရာရှိ ၃၀ ကျော်ကို သူတို့ရဲ့အမြင်တွေနဲ့ ပတ်သက်ပြီး အင်တာဗျူးရာမှာလည်း စိတ်မောစရာ စိုးရိမ်ဖွယ် အခြေအနေတွေကို မြင်လာရပါတယ်။ ထရမ့်ပ်ရဲ့ အရင် သမ္မတသက်တမ်းကာလအတွင်း တရားဝင် တောင်းဆိုမှုတွေနဲ့ ဆန္ဒပြမှုတွေကို ၄ နှစ်တာ ဦးဆောင်မှုပေးခဲ့ပြီး ၂၀၂၀ ခုနှစ်ကတည်းက ထရမ့်ပ်ကို သမ္မတထိုင်ခုံကနေ မောင်းထုတ်ခဲ့တဲ့ အဖွဲ့အစည်းတွေကတော့ အခုအခါမှာ အကုန်လုံး အစက ပြန်လုပ်ရတော့မယ်ဆိုတာ သဘောပေါက်လာကြပါပြီ။

အဆိုပါအဖွဲ့အစည်းတွေရဲ့ ဦးဆောင်သူတွေကတော့ သူတို့ဟာ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ ကတည်းက ထိရောက်တဲ့ ခုခံကာကွယ်ရေးလှုပ်ရှားမှုကို ဘယ်လို ဖန်တီးရမလဲဆိုတာ သင်ယူခဲ့ရပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကွန်ဂရက် အဓိကရုဏ်းအပြီးမှာတော့ ထရမ့်ပ် ဘယ်လောက်အထိ လုပ်နိုင်လဲဆိုတာ ပိုပြီးနားလည်လာတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ထရမ့်ပ်အနားက လည်ပတ်နေတဲ့ လူတွေဟာ အရင်ကထက် ပိုပြီး လည်လည်ဝယ်ဝယ် ရှိလာကြတယ်လို့ မြင်ထားပြီး အကယ်၍ ထရမ့်ပ်သာ ဒုတိယအကြိမ် အိမ်ဖြူတော်ကို ရောက်သွားခဲ့မယ်ဆိုရင် ရွှေ့ပြောင်းဒုက္ခသည်များ အရေးကိစ္စလို အဓိကကိစ္စတွေမှာ ပိုမိုအစွန်းရောက်လာမယ်လို့ ယုံကြည်နေကြပါတယ်။

အမေရိကန် တိုးတက်ရေးဗဟိုအဖွဲ့ (Center of American Progress) ရဲ့ အမှုဆောင် အရာရှိချုပ် ပက်ထရစ် ဂတ်စဘတ်ကလည်း “ထရမ့်ပ်နဲ့ သူ့ဘက်တော်သားတွေ လုပ်နေတာဟာ အာဏာရှင်စီမံကိန်းသက်သက်ပဲ” လို့ ပြောပါတယ်။ “ကျနော်တို့ရဲ့ စစ်မှန်တဲ့ အဖွဲ့အစည်းတွေနဲ့ ဒီအဖွဲ့အစည်းတွေရဲ့ အဖိုးတန်မှုအပေါ် ဒီမိုကရေစီအရ သက်သေပြပေးဖို့ လိုနေပြီ” လို့လည်း သူက ပြောပါသေးတယ်။

ဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ကတော့ ၁၉၉၆ ဥပဒေရဲ့ သတ်မှတ်ရက်အမီ စည်းမျဉ်းစည်းကမ်း အများအပြားကို လက်ဦးမှုရှိစွာ အတည်ပြုနိုင်ခဲ့ပြီး ဒေါ်နယ်ထရမ့်ပ်နဲ့ ရီပတ်ဘလစ်ကန်တွေက ကွန်ဂရက်လွှတ်တော်ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ရင်တောင် ဥပဒေအရ နောက်နှစ်မှာ ပြန်လည်ပြင်ဆင်ခွင့် ရှိတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအရာရှိတွေက အရေးပေါ်အစီအစဉ်မှာ ပါဝင်ဖို့ တွန့်နေကြပြီး ရွေးကောက်ပွဲမှာ သမ္မတ ဘိုင်ဒင်ပဲ ပြန်လည် အရွေးခံရမယ်လို့ ယုံကြည်ကြောင်း ခုခံနေကြပါတယ်။

ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ စတီဗင် ချွန်းကတော့ အဆိုပါ ကြိုးပမ်းမှုများဟာ သမ္မတလောင်း ထရမ့်ပ်ရဲ့ တရားဝင် မူဝါဒလုပ်ငန်းစဉ်တွေကို အကောင်အထည် မဖော်နိုင်ရန် ကြိုတင်ကာကွယ်ခြင်းဖြစ်တယ်လို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။ စတီဗင်က ထရမ့်ပ်နဲ့ သူ့ရဲ့ အမေရိကန်နံပါတ်တစ် အစီအစဉ်ကို မဲပေးကြမယ့် အမေရိကန်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဘိုင်ဒင်နဲ့ သူ့အပေါင်းအပါ ခရိုနီတစုက ရိုက်ချိုးဖို့ ကြိုးစားနေတာ အဆန်းတော့မဟုတ်ဘူးလို့ ပြောပါတယ်။ သူတို့ရဲ့ မိုက်မဲတဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီအတွက် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်တယ်လို့လည်း သူက ဆိုပါသေးတယ်။

ထရမ့်ပ်ရဲ့ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းအပေါ် စိုးရိမ်ပူပန်လျက်ရှိတဲ့ အဖွဲ့အစည်းတွေကလည်း အခုအခါမှာ ထရမ့်ပ် အာဏာရလာခဲ့ရင် ဘယ်လို အလုပ်အတူလုပ်ကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားလာကြရပါပြီ။

အစိုးရမဟုတ်သော ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အစိုးရအရာရှိ ၃၀ ကျော်တို့ဟာ ရွှေ့ပြောင်းနေထိုင်သူများအပေါ် သဘောထားနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်‌တခုဖြစ်တဲ့ IMVP ကနေ နောက်ဆုတ်ဖို့ အခုအပတ် အစောပိုင်းက အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ပြင်ရှိ ‌ဟိုတယ်တခုမှာ သုံးရက်ကြာ ဆွေးနွေးခဲ့ပါတယ်။  နှစ်ရက်လုံးလုံး ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်က “ရွေးကောက်ပွဲအလွန်အတွက် ပြင်ဆင်ရေး” ဖြစ်တယ်လို့ အမေရိကန် အမျိုးသားလူဝင်မှုကြီးကြပ်ရေးစင်တာရဲ့ ဥက္ကဋ္ဌ ကီကာ မားတို့စ် ထံက သိရပါတယ်။

နောက်လမှာလည်း ထရမ့်ပ် ဆန့်ကျင်တဲ့ ကွန်ဆာဗေးတစ်အဖွဲ့ Principles First နဲ့ ထရမ့်ပ်ရဲ့ အစီအစဉ်တွေအပေါ် အာဏာလွှမ်းမိုးချုပ်ကိုင်မှုဆိုင်ရာ နောက်ကြောင်းမှတ်တမ်းကို ထုတ်ဝေဖို့ ဒီမိုကရက်တစ်တွေဘက်က ကူညီပေးဖူးခဲ့တဲ့ ရှေ့နေ နော်မန် အိုင်စင် တို့ဟာ “အမေရိကရဲ့ အာဏာရှင်အပေါ် သတိပေးချက်နှင့် တုံ့ပြန်ချက်များ” အမည်ရတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာတဝန်းက အာဏာရှင်ဆန်ဆန် ခေါင်းဆောင်မှုတွေကို ဘယ်လိုတွန်းလှန်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဒါဇင်နဲ့ချီတဲ့ ကျွမ်းကျင်သူတွေနဲ့ ပညာရှင်တွေကို ဖိတ်ခေါ်နေပါတယ်လို့ မစ္စတာ အိုင်စင်က ပြောကြားပါတယ်။

အလုပ်သမားမိသားစုများပါတီ (Working Families Party) ရဲ့ ခေါင်းဆောင်နဲ့ ၂၀၁၇ မှာ ဖွဲ့စည်းထားတဲ့ တိုးတက်သော ညွန့်ပေါင်းအဖွဲ့ရဲ့ ပူးတွဲခေါင်းဆောင်လည်းဖြစ်တဲ့ မောရစ် မစ်ချယ်ကတော့ ထရမ့်ပ်ကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ရွေးကောက်ပွဲမှာ ထရမ့်ပ် အနိုင်မရရေးအတွက် အဓိက အားစိုက်နေကြပြီး အကယ်၍ ထရမ့်ပ် အနိုင်ရသွားပါကလည်း ဘေးရှောင်ပြီး ကိုယ့်လမ်းကိုယ်သွားကြဖို့ ကြိုပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

“အများအားဖြင့် အတိတ်က ဘာတွေ သင်ခန်းစာရခဲ့လဲ။ အဲသည်သင်ခန်းစာတွေကို ရှေ့လျှောက် ဘယ်လိုအသုံးချမလဲ၊ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအပေါ် လိုက်ပြီး ဘယ်လို စဉ်းစားတွေးခေါ်မလဲ၊ ကိုယ့်မှာရှိတဲ့ အရာအားလုံးကို ဘယ်လိုအသုံးချနိုင်မလဲ ဆိုတာတွေကို အဖြေရှာရမယ်” လို့ မီရှဲက ပြောကြားခဲ့ပါတယ်။

တရားစီရင်ရေး လှိုင်းအသစ်လား

ထရမ့်ပ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို တွန်းလှန်ဖို့ လုပ်ရိုးလုပ်စဉ် နည်းလမ်းတခုကတော့ သူ မြဲမြံစွာ စွဲကိုင်ထားတဲ့ မူဝါဒတွေကို တရားစွဲဆိုခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို တရားစွဲဆိုခြင်းက တခါတရံမှာ သူ့ရဲ့လုပ်ငန်းစဉ်တွေကို လုံးဝတားဆီးနိုင်ခဲ့ပြီး တခါတရံမှာတော့ မူဝါဒများ အတည်ပြုရာမှာ ပိုမိုနှောင့်နှေးကြန့်ကြာအောင် ဆောင်ရွက်နိုင်လေ့ရှိပါတယ်။

ထရမ့်ပ်ကို ဆန့်ကျင်တဲ့ အုပ်စုထဲမှာ အရေးပါတဲ့ အမေရိကန်ပြည်တွင်း လွတ်လပ်ရေးယူနီယံ (A.C.L.U) က ထရမ့်ပ် အနိုင်ရရှိပြီး အိမ်ဖြူတော်ကို ပြန်ရောက်ခဲ့ရင်တောင် အလားတူပဲ ဆက်လက်ဆန့်ကျင်သွားဖို့အတွက် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ A.C.L.U က ထရမ့်ပ် သမ္မတဖြစ်ပြီးရင် အခွန်ဦးစီးဌာနရဲ့ စည်းကြပ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေပြီး မိမိတို့ အဖွဲ့အစည်းရဲ့ ငွေရေးကြေးရေးဆိုင်ရာ စိစစ်မှုတွေ ပြုလုပ်ဖို့အတွက် စာရင်းစစ်ကုမ္ပဏီ တခုကိုလည်း ငှားရမ်းထားပါတယ်။

A.C.L.U ရဲ့ ဒါရိုက်တာတဦးဖြစ်သူ အန်တိုနီ ရိုမီယိုကတော့ သူတို့အဖွဲ့ဟာ ထရမ့်ပ် အုပ်စုရဲ့ လုပ်နိုင်စွမ်းတွေအပေါ် သေချာစာရင်းပြုစုထားပြီး ထရမ့်ပ်ရဲ့ ဒုတိယသမ္မတသက်တမ်းမှာ လူတဦးချင်းစီရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ခြိမ်းခြောက်နိုင်တဲ့ အခင်းအကျင်းပေါင်း ၆၃ ခုကို ကြိုတင်ခန့်မှန်းထားကြောင်း သိရပါတယ်။

A.C.L.U ရဲ့ အဲဒီလိုလုပ်ဆောင်မှုဟာ ဥပဒေရေးရာ တင်ပြချက်တွေနဲ့ ပတ်သက်ပြီး နယ်မြေလေးခုမှာ ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။ အဲသည်နယ်မြေတွေဟာ ထရမ့်ပ် အာဏာရပြီးနောက်မှာ ရွှေ့ပြောင်းအခြေချသူများအပါ် နှိမ်နင်းတာတွေ၊ ကိုယ်ဝန်ဖျက်ချခြင်းအပေါ် တားမြစ်ပိတ်ပင်တာတွေ၊ နိုင်ငံရေးအကြောင်းပြချက်နဲ့ အစိုးရ ဝန်ထမ်းတွေကို အလုပ်ဖြုတ်တာတွေနဲ့ ဆန္ဒပြမှုတွေကို တပ်ဖွဲ့ဝင်အင်အားသုံးပြီး နှိမ်နင်းတာတွေ လုပ်နိုင်ခြေရှိတဲ့ ဒေသတွေပဲ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးခွဲခြားမှုဆိုင်ရာ ဆန္ဒပြမှုတွေက တခါတရံ အဓိကရုဏ်းပုံစံ ရောက်ရှိသွားတတ်တဲ့ အခြေအနေမျိုးမှာလည်း သမ္မတထရမ့်ပ်က အဓိကရုဏ်း နှိမ်‌နင်းရေးအတွက် သမ္မတအပေါ်မှာ အာဏာကုန်လွှဲအပ်ပြီး ပြည်တွင်းရှိ ဖက်ဒရယ်တပ်များကို အသုံးပြုခွင့်ပေးထားတဲ့ “ဆူပူသောင်းကျန်းမှုဆိုင်ရာ အက်ဥပဒေ” ကို လက်မှတ်ထိုးဖို့ ကြိုတင်လျာထားခဲ့ဖူးပါတယ်။ သို့သော် လက်မှတ်ထိုးရတဲ့ အခြေအနေကိုတော့ မရောက်လိုက်ပါဘူး။ သူကတော့ နောက်တကြိမ် အလားတူ ဆူပူမှုမျိုး ထပ်ဖြစ်လာမယ်ဆိုရင် အာဏာပိုင်တွေက အကူအညီမတောင်းရင်တောင်မှ သူ့အနေနဲ့ ဖက်ဒရယ်တပ်များကို စေလွှတ်ပြီး နှိမ်နင်းသွားမယ်လို့ ပြောကြားထားပါတယ်။

A.C.L.U ကတော့ အဆိုပါ ဆူပူသောင်းကျန်းမှုဆိုင်ရာ အက်ဥပဒေအပေါ်မှာ တရားစွဲဆိုဖို့ စာရွက်စာတမ်းများကို ပြင်ဆင်နေပြီး အဲဒီဥပဒေဟာ ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့နဲ့ ဆွေးနွေးငြင်းခုန်မှုတွေကို ရပ်ပစ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ မစ္စတာရိုမီရိုကလည်း ပဋိပက္ခဖြစ်နေတဲ့ မြို့တွေအပေါ်မှာ တပ်တွေနေရာချထားတာနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲဖို့ အရင်‌ဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“အဲဒီလိုသာ ကိုင်တွယ်မယ်ဆိုရင် ဆန္ဒပြမှုတွေ တခုပြီးတခု ထပ်ကြုံနေရဦးမှာပဲ” လို့ သူက ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ်ကို ဆန့်ကျင်မှုတွေအများစုက အဓိကအားဖြင့် သူ့ရဲ့ ပထမသက်တမ်း အတွင်းက လူဝင်မှုကြီးကြပ်ရေး ပေါ်လစီတွေ၊ လူဝင်မှုကြီးကြပ်ရေးက ထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းဒုက္ခသည် ကလေးတွေကို သူတို့မိဘတွေနဲ့ ခွဲထားတဲ့ လုပ်ရပ်အပေါ် ဆန္ဒပြထားဖူးတဲ့ မွတ်စလင်နိုင်ငံ အများစုက နိုင်ငံသားတွေကို အမေရိကန်နိုင်ငံကို အလည်အပတ်လာရောက်ခွင့် ပိတ်ပင်ခဲ့တာတွေကြောင့် အဓိကဖြစ်ပါတယ်။

ကိုဗစ်မတိုင်ခင်ကာလ သမ္မတထရမ့်ပ် ရာထူးက အနားယူသွားပြီးနောက်ပိုင်းက စလို့ နယ်စပ်ဒေသကို ရွှေ့ပြောင်းနေထိုင်သူတွေ ပိုမိုများပြားလာခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် အလွန်အမင်း များပြားလာတာကြောင့် သမ္မတဘိုင်ဒင်ကလည်း ခိုလှုံခွင့် တောင်းခံမှုတွေကို ကနဦး ငြင်းဆိုထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

A.C.L.U က အကူအညီပေးထားတဲ့ ရွှေ့ပြောင်းနေထိုင်သူများရဲ့ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တော်တော်များများက အထက်ပါအမိန့်နဲ့ပတ်သက်ပြီး တရားရုံးမှာ စိန်ခေါ်မှု အများအပြား ပြုလုပ်လာကြပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းဒုက္ခသည်များအခွင့်အ‌ရေးဆိုင်ရာ ခေါင်းဆောင်တွေကတော့ မစ္စတာထရမ့်ပ်ရဲ့ အစီအမံများဟာ အစုလိုက်အပြုံလိုက် ‌နှင်ထုတ်ခြင်းကနေ ဧရာမအကျဉ်းစခန်းများ တည်ဆောက်သည်အထိ ပိုမိုပြင်းထန်လာနိုင်ကြောင်း ယုံကြည်ထားကြပါတယ်။

လူဝင်မှုကြီးကြပ်ရေးအဖွဲ့ FWD.us မှ ဖြန့်ဝေထားတဲ့ မှတ်စုတိုအရလည်း အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကန့်သတ်မူဝါဒများစွာကို သတိပေးထားပါတယ်။ မှတ်စုတိုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ထရမ့်ပ်ရဲ့ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ အငြင်းပွားဖွယ် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး လူထုက ဖိအားပေးလာတဲ့အပေါ် ထရမ့်ပ် ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာများ ရှာဖွေဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာရဲ့ ဆောင်းပါးတပုဒ်မှာ မစ္စတာထရမ့်ပ်ရဲ့ နေရပ်ပြန်ပို့ရေးဆိုင်ရာ အစီအမံတွေအကြောင်း အသေးစိတ်ပါဝင်လာတဲ့အပေါ် အမျိုးသား လူဝင်မှုကြီးကြပ်ရေး ဥပဒေစင်တာကလည်း ထရမ့်ပ်ရဲ့ ဒုတိယသမ္မတသက်တမ်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စင်တာရဲ့ ဥက္ကဋ္ဌ ကီကာ မားတို့စ်က ဆိုပါတယ်။ အဆိုပါဆောင်းပါးကို တုံ့ပြန်တဲ့အနေနဲ့ သူတို့အဖွဲ့ဟာ ညှိနှိုင်းအစည်းအဝေးတွေ ခေါ်ယူခဲ့ပြီး အခြားအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း မားတို့စ်က ပြောပါတယ်။

ဥပမာအားဖြင့် ထရမ့်ပ်ရဲ့ အရင်သမ္မတသက်တမ်းတုန်းကလည်း ရွှေ့ပြောင်းဒုက္ခသည် စခန်းတွေကို ဝင်ရောက်စီးနင်းတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အဲဒီကိစ္စတွေအပေါ် ဥပဒေရေးရာအရ အငြင်းပွားမှုတွေ ရှိလာတဲ့အခါ အမြန်ဆုံး တုံ့ပြန်နိုင်ဖို့အတွက် တက်ကြွလှုပ်ရှားသူ စေတနာ့ဝန်ထမ်းတွေက နယူးဟေဗင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။ စေတနာ့ဝန်ထမ်းတွေက ထိုစဉ်က ဝင်ရောက်စီးနင်းမှုတွေကို ဗီဒီယိုမှတ်တမ်းတင်ထားပြီး တရားဥပဒေဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုတွေ ရှိလာပါက ကြားဝင်ကူညီကြဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ကြပါတယ်။ ဒါကြောင့် ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းမှာလည်း အဲဒီလို စီးနင်းမှုတွေ ထပ်မံဖြစ်ပေါ်လာခဲ့ရင် အထက်ပါအတိုင်း အကူအညီပေးနိုင်စေဖို့အတွက် နိုင်ငံနဲ့အဝန်း ကြိုးစားသွားမယ်လို့ မားတို့စ်က ပြောပါတယ်။

အမေရိကန် အမျိုးသားလူဝင်မှုကြီးကြပ်ရေးစင်တာရဲ့ ရှေ့လျှောက် အစီအစဉ်တွေမှာလည်း ရွှေ့ပြောင်းဒုက္ခသည်တွေအပေါ် ပိုမိုပြင်းထန်တဲ့ ဖိနှိပ်မှုတွေ အပါအဝင် အသက်အန္တရာယ် ခြိမ်းခြောက်တာနဲ့ လက်တွေ့ အကြမ်းဖက်လာမယ့် ဖြစ်နိုင်ချေတွေကိုပါ အာရုံစိုက်ထားတယ်လို့ သိရပါတယ်။

“ကျမတို့က ထရမ့်ပ်ရဲ့ ပထမသက်တမ်းမှာ တွေ့ခဲ့ရတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရုံပဲရှိပြီး ဒုတိယသက်တမ်းမှာ ဘာတွေကြုံပြီး ဘာတွေပြင်ဆင်ရမလဲ ဆိုတာ ခန့်မှန်းလို့မရနိုင်သေးပါဘူး” လို့ မားတို့စ်က ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ ၂၀၁၆ အောင်ပွဲအပြီး ပထမသက်တမ်းကာလမှာ သူ့ရဲ့မူဝါဒတွေအပေါ် ဥပဒေရေးရာ စိန်ခေါ်မှုများစွာကို တင်ပြခဲ့တဲ့ လစ်ဘရယ်ခုခံရေးသမားတွေအတွက်တော့ ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းမှာ ဒီမိုကရေစီခရီး ရှေ့ရောက်ဖို့က အဓိကအရေးပါတယ်လို့ ဆိုပါတယ်။ ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းအတွက် ခုခံကာကွယ်ဖို့ ပြင်ဆင်နေတဲ့ အခြား လစ်ဘရယ်အဖွဲ့ တခုကတော့ Democracy Forward အဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းက ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ထရမ့်ပ် အနိုင်ရရှိပြီး နောက်ပိုင်းမှ တည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ထရမ့်ပ်ရဲ့ ပထမသက်တမ်းအတွင်း မူဝါ‌ဒများအပေါ် ဥပဒေအရ စိန်ခေါ်မှုများကို စာရင်းပြုစုထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ အဆိုပါအဖွဲ့အစည်းက ကိုယ်ဝန်ဖျက်ချမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ရာသီဥတု၊ နိုင်ငံသားအခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အစိုးရအဖွဲ့ကို လက်နက်သဖွယ် အသုံးချမှု စတဲ့ပြဿနာတွေ ပါဝင်တဲ့ စာမျက်နှာ ၁၅ မျက်နှာပါ သတိပေး ထောက်ပြချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

Democracy Forward ရဲ့ အမှုဆောင်အရာရှိချုပ် စကိုင်းပယ်ရီမန်း ကတော့ ထရမ့်ပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအပေါ် တရားစွဲဆိုဖို့ ပြင်ဆင်ထားတာတွေအပြင် ရုံးတော်မှာ အခိုင်အမာ ရပ်တည်နိုင်မယ့် ဥပဒေကျွမ်းကျင်သော ရှေ့နေများကိုလည်း ငှားရမ်းထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“၂၀၂၅ ခုနှစ်အတွက် ကြိုတင်ပြင်ဆင်ထားသည်များနှင့် ပတ်သက်၍လည်း မူဝါ‌ဒ အမျိုးမျိုးကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေနှင့် မိမိတို့ရဲ့ တရားဝင် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို သိရှိနားလည်ပြီး လိုအပ်ပါက ရုံးတော်တွင် ကိုယ်တိုင် ကိုယ်စားပြုမှု ရရှိစေရန် အာမခံသွားမယ်” လို့ မစ္စတာ ပယ်ရီမန်းက ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းအတွက် ကွန်ဆာဗေးတစ်တွေ ရေးဆွဲပေးထားတဲ့ မူဝါဒရေးရာ စီမံကိန်းတွေကို ကြည့်ပြီးနောက်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းအတွင်းမှာ သူ့ရဲ့မူဝါဒများအပေါ် ဥပဒေအရ အရေးယူ ဆောင်ရွက်မှုတွေက ထိရောက်မှုနည်းနိုင်တယ်လို့ ဒီမိုကရက်တစ် အသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားပါတယ်။ ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းမှာ တရားရုံးချုပ်ဟာ ပိုမိုရှေးရိုးဆန်လာပြီး သူ့ရဲ့လုပ်ဆောင်ချက်များအပေါ် ပိုမိုညှာတာလာနိုင်တယ်လို့လည်း ယူဆထားကြပါတယ်။

ဒီမိုကရက်တစ်ပါတီ နောက်ခံ‌နယ်မြေတွေရဲ့ အဟန့်အတား

မည်သို့ပင်ဆိုစေ တရားဝင်အမှန်တရားတခုကတော့ ထရမ့်ပ် အာဏာပြန်ရရေး ကြိုးပမ်းသူများဟာ ၂၀၂၄ ရွေးကောက်ပွဲ မတိုင်မီကတည်းက ပြည်နယ်တခုချင်းအပေါ်မှာ ကြိုတင်အာရုံစိုက်ဖို့ ပျက်ကွက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

တဖန် ဒီမိုကရက်တစ် အစိုးရရှေ့နေများကလည်း ဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးကာလအပေါ်မှာ ဝေဖန်တိုက်ခိုက်နိုင်မယ့် အလားအလာအရှိဆုံး တက္ကဆက်နဲ့ ဖလော်ရီဒါမှ ရီပတ်ဘလစ်ကန်ပါတီရဲ့ နည်းနာများကို တိတ်တဆိတ် လေ့လာနေကြပါတယ်။

အထက်ပါအခြေအနေများအပေါ် သိရှိနားလည်သော အမည်မဖော်လိုသူတဦးက သူတို့ရဲ့ ရည်ရွယ်ချက်က အလားအလာရှိတဲ့ ထရမ့်ပ်ရဲ့ အနိုင်ရရှိမှုအပေါ်  ရီပတ်ဘလစ်ကန်ပါတီနဲ့ ဘိုင်ဒင် ဆန့်ကျင်သူတွေရဲ့ ဘယ်လိုတုံ့ပြန်မှုမျိုးက ဒီမိုကရက်တစ်ပါတီအတွက် တိုက်ခိုက်ဖို့ရော ခုခံကာကွယ်ဖို့ရော အသင့်ဖြစ်စေနိုင်မလဲဆိုတာ သုံးသပ်နိုင်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၃ ခုနှစ်က အတည်ပြုခဲ့တဲ့ အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချမှု အခွင့်အရေးဆိုင်ရာ ဥပဒေကို တရားရုံးချုပ်က ၂၀၂၂ ခုနှစ် ဇွန်လမှာ ပယ်ချဖို့ ဆုံးဖြတ်လိုက်ခြင်းကလည်း လစ်ဘရယ်အုပ်စုတွေနဲ့ အုပ်ချုပ်ရေးမှူးတွေအပေါ် ဖိအားတခု ဖြစ်စေခဲ့ပါတယ်။ တရားရုံးချုပ်က အဲဒီလို ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်နယ်ရှေ့နေချုပ်တွေက ဖုန်းခေါ်ဆိုမှုတွေ၊ အစည်းအဝေးတွေ ချက်ချင်းလုပ်ဆောင်ခဲ့ပြီး အမျိုးသမီးများအတွက် ကိုယ်ဝန်ဖျက်ချခြင်း ဆိုင်ရာ ခြိမ်းခြောက်မှုအသစ်ကို သူတို့ပြည်နယ်ကနေ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ချက်ချင်း အဖြေရှာခဲ့ကြပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂက်ဗင် နယူးဆမ်ကလည်း အုပ်ချုပ်ရေးမှူးတွေ အချင်းချင်း မိမိတို့ရဲ့အမြင်နဲ့ နည်းဗျူဟာတွေကို ညှိနှိုင်းဆောင်ရွက်ကြနိုင်ဖို့ မျိုးပွားမှု လွတ်လပ်ခွင့်ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ (Reproductive Freedom Alliance) ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီညွန့်ပေါင်းအဖွဲ့မှာ ပါတီစွဲမရှိပေမဲ့ အခုအခါမှာတော့ ဒီမိုကရက်တစ်ပါတီမှ အုပ်ချုပ်ရေးမှူး ၂၃ ယောက် ပါဝင်ထားပြီ ဖြစ်ပါတယ်။ ညွန့်ပေါင်းအဖွဲ့မှ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး တခြားပြည်နယ်တွေက ကိုယ်ဝန်ဖျက်ချပေးသူတွေနဲ့ လူနာတွေ ပြစ်ဒဏ်ကျ‌ခံရခြင်းမှ ကာကွယ်ဖို့နဲ့ ကိုယ်ဝန်ဖျက်ဆေးကို သယ်ယူပို့ဆောင်ခွင့် မပြုတော့တဲ့အချိန်မှာ အသုံးပြုဖို့ အရန်ဆေးများ ကြိုတင်သိုလှောင်ထားဖို့ တို့ကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

အခုလို လုပ်ဆောင်နိုင်ခဲ့ခြင်းက ထရမ့်ပ်ရဲ့ အစီအစဉ်ကို တွန်းလှန်တဲ့ ဆောင်ရွက်ချက်တွေထဲမှာ အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်မှု မျိုးစေ့တခု ချပေးနိုင်ခဲ့ပါတယ်။

အထက်ပါ ညွန့်ပေါင်းအဖွဲ့ဟာ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုကျယ်ပြန့်လာဖို့ ဦးစားပေးလုပ်ဆောင်နေပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ အဓိကဝန်ထမ်းတွေ ကြားမှာ တွဲဘက်ညီတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားကာ လူဝင်မှုကြီးကြပ်ရေးနဲ့ သေနတ်ထိန်းချုပ်မှု အစရှိတဲ့ လုပ်ငန်းတွေမှာပါ အလားတူ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းနေတယ်လို့ RFA ညွန့်ပေါင်းအဖွဲ့တည်ထောင်ရာမှာ ကူညီခဲ့တဲ့ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး နယူးဆမ်ရဲ့ရုံးက ဂျူလီယာ စပစ်ဂျယ်က ပြောဆိုခဲ့ပါတယ်။

ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ အင်စလီဟာ ထရမ့်ပ်ရဲ့ ဖက်ဒရယ်ပါဝါ အသုံးပြုပြီး ကိုယ်ဝန်ဖျက်ချဆေး ရောင်းဝယ်မှုများ ပိတ်ပင်မှုကို တွန်းလှန်ဖို့ mifepristone ကိုယ်ဝန်ဖျက်ဆေးများ စုဆောင်းသိုလှောင်ထားဖို့ စတင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ၅ ဦးအနက်မှ တဦးဖြစ်ပါတယ်။ ကျန် ၄ ဦးကတော့ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး၊ မက်ဆာချူးဆက် အုပ်ချုပ်ရေးမှူး၊ နယူးယော့ခ် အုပ်ချုပ်ရေးမှူးနဲ့ အော်ရီဂွန် အုပ်ချုပ်ရေးမှူးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် mifepristone ဆေးဝါးကို ပညာရပ်ပိုင်းဆိုင်ရာ နယ်ပယ်တွေမှာ အသုံးပြုဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ခွင့်ပြုချက်အပေါ် တရားစွဲဆိုမှုကိုလည်း တရားရုံးချုပ်က တရားလိုဘက်မှ အကြောင်းပြချက် မခိုင်လုံဟုဆိုကာ ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ အေဂျင်စီက ဆေးပြားတွေ အသုံးပြုခွင့်အတွက် ခွင့်ပြုမိန့်ကို ပြန်လည်ရုတ်သိမ်းလိုက်တဲ့ အပေါ်တော့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ သို့သော်လည်း ဆေးဝါးတွေကို ပြည်နယ်မျဉ်းကို ဖြတ်ကျော်ပြီး သယ်ယူပို့‌ဆောင်ခြင်း မပြုပါက ရှိရင်းစွဲ သိုလှောင်ထားသော ပစ္စည်းများကို အသုံးပြုခြင်းအပေါ် FDA က ကန့်သတ်ဖို့ အခွင့်အာဏာမရှိဟု မစ္စတာအင်စလီကို ဝန်းရံသူများက ငြင်းခုံနေကြပါတယ်။

ထရမ့်ပ် သမ္မတသက်တမ်းအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒီမိုကရက်တစ်ပြည်နယ်တွေက အုပ်ချုပ်ရေးမှူးတွေကတော့ ထရမ့်ပ်နဲ့ ဆက်ဆံရမယ့်ပုံစံကို ကိုဗစ်ကာလကတည်းက ရှာဖွေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာနယူဆမ်နဲ့ မစ္စတာအက်စလီတို့ကတော့ သူတို့ရဲ့ ပြည်နယ်မှာ အခြေခံဖက်ဒရယ် အကူအညီတွေ လိုအပ်လာပြီဆိုရင် သမ္မတကြီးကို ချီးမွမ်းပြောဆိုလိုက်ရုံပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းမှာတော့ အဲ့အတွေ့အကြုံက သိပ်အသုံးဝင်တော့မှာ မဟုတ်ဘူးလို့ အုပ်ချုပ်ရေးမှူးတွေက တွေးလာကြပါတယ်။

ဘရန်နန် တရားမျှတမှုစင်တာကတော့ လက်ရှိကာလမှာ ၂၀၂၄ ခုနှစ်အတွက် မဲဆွယ်စည်းရုံးရေးနဲ့ မဲပေးခွင့်ဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေတာ ဖြစ်ပါတယ်။

အဆိုပါအဖွဲ့က ထရမ့်ပ် သမ္မတသက်တမ်းအတွင်းမှာ ထွက်ပေါ်လာနိုင်တဲ့ စားပွဲဝိုင်းပေါ်က ကိစ္စရပ်တွေနဲ့ စီမံကိန်းရေးဆွဲမှုတွေကို ကူညီဖို့အတွက် အတ္တလန္တစ် သတင်းစာမှ သတင်းထောက် ဘာတွန် ဂဲမန်းကို ငှားရမ်းခဲ့ပါတယ်။ ဒါ့အပြင် တခြားအလုပ်တွေ အနေနဲ့လည်း ဆူပူသောင်းကျန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ အရေးပေါ်အာဏာဆိုင်ရာ အက်ဥပဒေတို့ကို အဓိကထား လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

“ကျနော်တို့ ဘိုင်ဒင်ရဲ့ အောင်ပွဲအတွက်ရော ထရမ့်ပ်ရဲ့ အောင်ပွဲအတွက်ရော အစီအစဉ်တွေ ဆွဲနေပါတယ်” လို့ ဘရန်နန် တရားမျှတမှုစင်တာရဲ့ ဥက္ကဋ္ဌ မိုက်ကယ်ဝေါမန်းက ပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်အတွက် လွတ်လပ်စွာ မဲပေးခွင့်ကို အားကောင်းစေမယ့် သိသာထင်ရှားတဲ့ ဥပဒေ အစီအမံတွေ ပြင်ဆင်နေပြီး ထရမ့်ပ် အတွက်တော့ အာဏာအလွဲသုံးစားမှုတွေအပေါ် ဘယ်လို အထိအခိုက်နည်းအောင် လုပ်မလဲ ဆိုတာအတွက် လမ်းညွှန်မှုတွေ လုပ်နေပါတယ်လို့ သူကဆိုပါတယ်။

သူရိန်သွေး

New York Times သတင်းစာပါ "The Resistance to a New Trump Administration Has Already Started" ကို ဘာသာပြန်သည်။

Photo- Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024