Home
ဆောင်းပါး
ရှမ်းမြောက်ဒေသ စစ်ခေါ်ခရာ
DVB
·
June 16, 2024

ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲခြင်း ဟိုင်ဂင်သဘောတူညီချက် သက်တမ်း ၅ လလောက် အကြာမှာ အကြမ်းဖက်စစ်တပ်က စစ်ခေါ်ခရာကို စတင်မှုတ်လိုက်တယ်။

ဇွန် ၉ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က မိုးမိတ်မြို့နယ်အတွင်းရှိ တအောင်းတပ်မတော် TNLA တပ်စခန်းကို လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချခဲ့ရာမှာ TNLA ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်။ ဇွန်လ ၁ ရက်ကနေ ၉ ရက်အထိ အကြမ်းဖက်စစ်တပ်က TNLA တပ်စခန်းရှိရာကို လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်းလည်း TNLA က ထုတ်ပြန်ထားတာ တွေ့ရတယ်။

ဆက်လက်ပြီး ဇွန် ၁၂ ရက်မှာလည်း သီပေါမြို့နယ်ထဲက သီပေါ-နမ္မတူလမ်းမကို စစ်တပ်က ဘက်ဟိုးယာဉ်နဲ့ ကန့်လန့်ဖြတ်မြောင်းဖောက် ဖျက်ဆီးကာ ကားနဲ့ ဆိုင်ကယ်တွေ သွားလို့မရအောင် ပြုလုပ်ခဲ့ကြောင်း သိရပြန်တယ်။ အဲဒီလို လမ်းဖျက်ဆီးခြင်းဟာ TNLA အုပ်ချုပ်နေတဲ့ နမ့်ဆန်နဲ့ နမ္မတူမြို့တို့ဆီ ကုန်စည်စီးဆင်းမှုနဲ့ အများပြည်သူသွားလာမှုကို ကန့်သတ်လိုက်ခြင်းလို့ ဆိုတယ်။

ဒါ့အပြင် လားရှိုးမြို့နယ်ထဲက လမ်း ၃ လမ်းကိုလည်း ဇွန် ၁၃ ရက်မှာ စစ်တပ်က ကားနဲ့ ဆိုင်ကယ် သွားလို့မရအောင် ဖျက်ဆီးခဲ့ကြောင်း သတင်းတချို့က ဖော်ပြထားသေးတယ်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ လမ်းဖျက်ဆီးတာဟာ ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ပြီး ပြဿနာဖြစ်အောင် ဖော်ဆောင်နေတဲ့ လုပ်ရပ်လို့လည်း TNLA က ထုတ်ပြန်ခဲ့တယ်။

ဟိုင်ဂင် သဘောတူညီချက်ထဲမှာ ရှမ်းမြောက်ဒေသက ညီနောင် ၃ ဖွဲ့ ထိန်းချုပ်၊ သိမ်းပိုက်ထားတဲ့ နေရာအားလုံးကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်မှု မလုပ်ရဘူးလို့ ဖော်ပြထားတာကြောင့် စစ်ကောင်စီအနေနဲ့ သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်တယ်။ ပြောရရင် ရှမ်းမြောက်တခွင်လုံး မဟုတ်ရင်တောင် TNLA ထိန်းချုပ် သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ အချိန်မရွေး တိုက်ပွဲတွေ ပြန်လည်စတင်တော့မှာဖြစ်ကြောင်း စစ်ကောင်စီက ကြေညာလိုက်ခြင်းလည်း ဖြစ်တယ်။

ကချင်နဲ့ ရခိုင်ဒေသမှာ နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ကရင်နီနဲ့ ကရင်ဒေသမှာလည်း တိုက်ပွဲတွေ ခပ်စိပ်စိပ်၊ တခြားသော မြန်မာနိုင်ငံတဝန်းမှာလည်း တိုက်ပွဲတွေ ပြည့်နေတဲ့ကာလ။ ပြီးတော့ ကေအိုင်အေ ပူးပေါင်းတပ်ရဲ့ ထိုးစစ်ဟာ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားအနီး ရောက်ရှိလာတဲ့အထိ အကြမ်းဖက်စစ်တပ်က ငယ်သံပါနေတယ်။ ရွပ်ရွပ်ချွံချွံကို ရှုံးနိမ့်နေတယ်။ ရခိုင်စစ်မျက်နှာမှာလည်း ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်မှာ တိုက်တိုင်းရှုံးနေပြီး သိပ်များမကြာမီ ရခိုင်ပြည်နယ်တခုလုံး ထိုးအပ်ရတော့မှာလားလို့ မေးရင် မလွန်ဘူးဆိုတဲ့ အခြေအနေကို ဆိုက်နေတယ်။

ကရင်စစ်မျက်နှာကို ကြည့်လိုက်ဦး။ မော်လမြိုင်ကနေ မြဝတီမြို့သို့ ၄ ရက်နဲ့အရောက် ချီမယ်ဆိုတဲ့ အောင်ဇေယျစစ်ကြောင်းဟာ ၂ လကျော်ကြာတဲ့အထိ ဒေါနတောင်ပေါ်မှာ ပိတ်မိကာ ရှေ့မတိုးနိုင်။ အဲဒီလို အလဲလဲအကွဲကွဲတွေရဲ့ကြား စစ်သားအင်အား ၅၀၀ ကျော်ကို ဆီဆိုင်မြို့ကနေ ကရင်နီပြည်နယ်ထဲ လွှတ်လိုက်သေးတယ်။

စစ်ကောင်စီတပ်ဟာ စစ်မျက်နှာတိုင်းမှာ သွေးရဲရဲသံရဲရဲနဲ့ အရေးပေါ်ခန်းထဲက မထွက်နိုင်တဲ့ကြား  အခု ရှမ်းမြောက်မှာ စစ်မျက်နှာတခု ထပ်ဖွင့်ဖို့ ကြိုးစားလာပြန်တော့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မင်းအောင်လှိုင်ရဲ့ မိုက်ဂုဏ်မြင့် ကျပ်မပြည့်မှုကို ချီးကျူးရမှာပဲ ဖြစ်တယ်။

၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ ရှမ်းမြောက်တခွင် အရှိန်ပြင်းပြင်းနဲ့ စတင်ခဲ့တယ်။ စစ်တပ်စခန်းများစွာ၊ ရှမ်းမြောက်ဒေသ မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်အပြီး လောက်ကိုင်က ကျားဖြန့်ဂိုဏ်းကိုလည်း ကိုးကန့်ဒေသကနေ လုံးဝရှင်းထုတ်ပြီးတဲ့အချိန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ဟိုင်ဂင် သဘောတူညီချက်အရ အပစ်ရပ်ခဲ့ကြတယ်။

ဟိုင်ဂင် သဘောတူညီချက် ဆိုတာကို တည့်တည့်ပြောရရင် စစ်ကောင်စီက တရုတ်ထံ ဒူးထောက် တောင်းပန်တာကြောင့် တရုတ်ရဲ့ ဖိအားပေး ခြိမ်းခြောက်မှုအရ တရုတ်နဲ့ ကင်းဖို့ခက်တဲ့ TNLA နဲ့ ကိုးကန့်တပ် MNDAA တို့က လက်ခံလိုက်ရခြင်းဖြစ်တယ်။ ပြီးတော့ ဟိုင်ဂင် သဘောတူညီချက်မှာ အပစ်ရပ်ခြင်းကလွဲလို့ တခြားနိုင်ငံရေးသဘောတူညီချက် ဘာမှမပါ၊ ရောက်တဲ့နေရာမှာ ရပ်၊ ကိုယ် ထိန်းချုပ်၊ သိမ်းပိုက်ထားတဲ့မြေဟာ ကိုယ့်မြေ၊ အပြန်အလှန်ပစ်ခတ်မှု မလုပ်နဲ့၊ အငြင်းပွားမှု၊ ပစ်ခတ်မှုဖြစ်လာရင် တွေ့ဆုံဆွေးနွေး အဖြေရှာ ဆိုတာလောက်ပဲ။

အဲဒီလို ယာယီအပစ်ရပ်ပြီးနောက် မတ်လ ၁-၃ ရက်မှာ တကြိမ်နဲ့ မေလ ၁၄-၁၆ ရက်မှာ နောက်တကြိမ် ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂင် ဧည့်ဂေဟာမှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ ရလဒ်က အပစ်ရပ်ထားတာထက် ရှေ့တလှမ်း ဆက်တိုးနိုင်ခြင်း မရှိ။

အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးကတည်းက ပျက်သွားခဲ့တဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြန်မဖွင့်နိုင်ခြင်းဟာ စစ်ကောင်စီအတွက် ဝင်ငွေအထိနာစေသလို တရုတ်အတွက်လည်း စိတ်ပျက်ရတယ်။ မေလအတွင်း ဟိုင်ဂင် ဆွေးနွေးပွဲမှာ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်စစ်မျက်နှာနဲ့ပတ်သက်ပြီး AA နဲ့ စစ်ကောင်စီတို့ ဆွေးနွေးခဲ့ကြပေမဲ့ ရလဒ်က သုညပဲ ထွက်တယ်။

ပြောရရင် တရုတ်ရဲ့ဖိအားဟာ ရှမ်းမြောက်ဒေသမှာ ယာယီအပစ်ရပ်ခြင်းအဆင့်သာ စွမ်းဆောင်နိုင်ကြောင်း ဖော်ပြနေပြီး ရှေ့တလှမ်း ဆက်မတိုးနိုင်ခြင်းက တရုတ်ကိုလည်း ပိတ်မိနေစေတယ်။ ဒါ့အပြင် ညီနောင် ၃ ဖွဲ့ရော စစ်ကောင်စီပါ သဘောတူနိုင်ခြေရှိတဲ့ ရှေ့ဆက်တိုးရမယ့် လမ်းကြောင်းတခု ဒီနေ့ထိတိုင် တရုတ် ရှာမပေးနိုင်ခြင်းကလည်း တရုတ်အတွက် ခေါင်းခဲစရာပါပဲ။

အဲဒီလို ခေါင်းခဲနေတဲ့ကြားထဲ ကိုယ့်အခြေအနေကိုယ် သေချာမသိတဲ့ စစ်ကောင်စီက စစ်ခေါ်ခရာ မှုတ်လိုက်ပြန်တော့ မြန်မာ့အရေး တရုတ်သံတမန်တွေကို အလုပ်ရှုပ်စေမှာ သေချာတယ်။ တရုတ်ကတော့ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ရှိရင်းစွဲ အပစ်ရပ်ခြင်းကနေ ကျည်ပြန်ပေါက်မယ့် အဖြစ်မျိုးကို ရှောင်ရှားဖို့ ဖိအားပေးမှာပါပဲ။

စစ်ကောင်စီတပ်က အပစ်ရပ်ကာလအတွင်း ရှမ်းမြောက်ဒေသတွင်း လူနဲ့ လက်နက်အင်အား ဖြည့်တင်းမှု လုပ်ဆောင်နေတာတွေနဲ့ လတ်တလော လေကြောင်းနဲ့ လက်နက်ကြီးသုံး တိုက်ခိုက်နေတာတွေက မကျေပွဲပြန်နွှဲမှာဖြစ်ကြောင်း သတင်းပေးပို့ချက်တွေပါပဲ။

ရှမ်းမြောက်ဒေသက ညီနောင် ၃ ဖွဲ့ သိမ်းထားတဲ့ မြို့တွေနဲ့ ငွေအဝင်ကြမ်းတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ဟိုင်ဂင် စားပွဲဝိုင်းကနေ သွားလို့ ပြန်မရနိုင်ဘူးဆိုတာ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ ကောင်းကောင်းသိကြတယ်။

TNLA နဲ့ MNDAA ကလည်း စစ်ကောင်စီတပ်က မျက်နှာချင်းဆိုင် လာတိုက်မယ့်နေ့ကို သေနတ်မောင်းတင်ပြီး စောင့်နေတာ သေချာတယ်။

ဟိုင်ဂင် အပစ်ရပ်သဘောတူညီချက်ဟာ မြို့တွေ၊ ရွာတွေ တပ်စခန်းတွေ ပြုတ်ပြုတ်ပြုန်းကုန်တာကြောင့် တရုတ်ဖိအားနဲ့ ခဏရပ်စေကာ စစ်တပ်ကို အားပြန်မွေးစေတာမျိုးပါပဲ။

အခု ဟိုင်ဂင်ဆိုတာ ပျက်လုပျက်ခင်ပဲ။ တရုတ်ဆေးမြီးတိုဟာ အတွင်းကြေ ကြေနေတဲ့ ဒဏ်ရာကို ကုနိုင်စွမ်းတာမှ မဟုတ်ဘဲ။ မြန်မာပြည်သူတွေက စစ်ကောင်စီတပ် စုတ်ပြတ်သတ်သွားတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ပြန်မျှော်လင့်နေကြတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024