DVB Logo
Home
မြန်မာသတင်း
ဘုံသဘောတူညီချက် ၅ ရပ်လိုက်နာရေး စစ်ကောင်စီအားဖိအားပေးရန် အာဆီယံကို NUG တိုက်တွန်း
DVB
·
May 26, 2024
ဘုံသဘောတူညီချက် ၅ ရပ်လိုက်နာရေး စစ်ကောင်စီအားဖိအားပေးရန် အာဆီယံကို NUG တိုက်တွန်း
Donate to DVB

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အချိန်အကန့်အသတ်တခုအတွင်းမှာ စစ်ကောင်စီက မဖြစ်မနေလိုက်နာဖို့ အာဆီယံက ဖိအားပေးသင့်တယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက တိုက်တွန်းလိုက်ပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေအစပျိုးလာချိန် ၂၀၂၁ ဧပြီ ၂၄ ရက်မှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ထုတ်ပြန်ပြီး မြန်မာ့အရေးကို ကြားဝင်စေ့စပ်ဖို့ ကြိုးစားခဲ့တာပါ။ အဲ့ဒီတုန်းက ဒီအချက်တွေကိုလိုက်နာမယ်ဆိုပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပေမဲ့ အချိန် ၃ နှစ်ကျော်လာတဲ့အထိ အကောင်အထည်မဖော်ခဲ့တာကြောင့် အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ ရပ်လမ်းကြောင်းဟာ အကျိုးသက်ရောက်မှုမရှိဖြစ်ခဲ့ပါတယ်။ 

စစ်ခေါင်းဆောင်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုလေးစားလိုက်နာဖို့ တိကျတဲ့အချိန်တခု အာဆီယံဘက်က သတ်မှတ်ပြီး ဖိအားပေးတာ၊ လိုက်နာမှုမရှိရင် ဆက်လက်ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို တရားဝင်ထုတ်ဖော်သတိပေးတာတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော် က ပြောပါတယ်။

“အာဆီယံအထူးကိုယ်စားလှယ်အသစ်က State Holder အကုန်လုံးနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ဟာ ပြောကြားပြီးတော့ ထိတွေ့ဆက်ဆံတဲ့ လုပ်ငန်းစဉ်တခုလို့ ယူဆပါတယ်။ အရင်ပြောထားတဲ့အတိုင်းပဲ State Holder အကုန်လုံးနဲ့ ထိတွေ့ဆက်ဆံပြီးတော့ ပြည်သူလူထုတွေ ခံစားနေရတဲ့ဒုက္ခတွေကို အကူအညီပေးနိုင်ဖို့အတွက် နည်းလမ်းရှာမယ်လို့လည်း ယုံကြည်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတခုတည်းနဲ့ ဆက်ဆံလို့ကတော့ အကြမ်းဖက်မှုတွေသာ ပိုများလာမယ်။ NUG၊ တိုင်းရင်းသားအင်အားစုတွေ၊ မြေပြင်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့လိုမယ်။ အကြမ်းဖက်စစ်ကောင်စီက လူသားစာနာအကူအညီတွေကို လက်နက်တခုအနေနဲ့ အသုံးချနေတာဖြစ်တယ်။ ဒါကြောင့် NUG ရယ်၊ တိုင်းရင်းသားအင်အားစုတွေနဲ့ ထိတွေ့ညှိနှိုင်းပြီးတော့ ထိရောက်တဲ့ အကူအညီတွေပေးနိုင်ဖို့အတွက် ဆောင်ရွက်သင့်ပါတယ်။ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတည်ပြုတာ ၃ နှစ်ကျော်ကာလအတွင်းမှာ မြန်မာပြည်အတွင်းမှာ စစ်ဘေးဒုက္ခသည် ၃ သန်းကျော်လာခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ လူသားစာနာအကူအညီလိုအပ်တဲ့လူဦးရေ ၁၉ သန်းလောက်ရှိနေပြီ။ လူငယ်တွေ တခြားနိုင်ငံတွေထွက်ပြေးတိမ်းရှောင်ကြတယ်။ ဒေသရဲ့လုံခြုံရေးတည်ငြိမ်မှုကိုလည်း ထိခိုက်စေတယ်။ ဒါကြောင့် ထိထိရောက်ရောက် စစ်ကောင်စီကို ဖိအားပေးအရေးယူဖို့အတွက် တိုက်တွန်းပြောကြားချင်ပါတယ်။”

၂၀၂၄ အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို လာအိုနိုင်ငံကတာဝန်ယူထားတာဖြစ်ပြီး မေ ၁၅ ရက်နေ့တုန်းက အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုခင်ဟွန်းနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကဲအို ကစ်တီကွန်တို့ဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အာဆီယံဘက်က စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးတာမျိုး ရှိနေပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ အာဆီယံဘက်က ပေါ်ပေါ်ထင်ထင် အသိအမှတ်ပြုထိတွေ့လာတာမျိုးတော့ မရှိသေးပါဘူး။ 

မြန်မာ့အရေးကို ချဉ်းကပ်ဖို့ ထိုင်းနိုင်ငံ နယ်စပ်စည်းကနေတဆင့် လူသားစာနာအကူအညီတချို့ ပေးအပ်တဲ့နည်းလမ်းကို အာဆီယံနိုင်ငံတွေက ၂၀၂၄ ခုနှစ်မှာ ပိုပြီးအသုံးပြုလာတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူ လူမှုသဟဇာတဖြစ်ရေးအဖွဲ့မှ ကိုသက်ဆွေဝင်းက  ပြောပါတယ်။

“အခုအချိန်အထိ အာဆီယံတခုလုံးရဲ့မူက စစ်တပ်ကို ဖြုတ်ချဖို့ထက်စာလို့ရှိရင် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပြီးတော့ ၂၀၂၁ မတိုင်ခင် အခြေအနေကို ပြန်သွားဖို့ဆိုတဲ့ဟာမျိုးလောက် အများစုက ဆွေးနွေးနေတာမျိုးတွေရှိတယ်။ NUG အနေနဲ့ကတော့ တော်တော် သတိကြီးကြီးထားပြီးတော့ ကိစ္စတွေကို ကိုင်နေပုံရတယ်။ NUG မှာ ကျနော် ဘာသွားတွေ့ရလဲဆိုတော့ ထိုင်းလိုနေရာမျိုးမှာတောင်မှ NUG ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ထိုင်းနဲ့ ပုံမှန်စေ့စပ်ဖို့အတွက် လမ်းကြောင်းတွေဖွင့်ဖို့အတွက် စတဲ့ဟာတွေ အကုန်လုံးက အခုချိန်အထိ ဘာမှမဖြစ်နေသေးဘူး။ NUG အနေနဲ့ အဲ့ဒီဟာတွေကို အဓိကထားကြိုးစားရမယ်။ အိမ်နီးချင်းနိုင်ငံတွေကို ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့လိုတယ်။ ခုချိန်အထိကတော့ NUG ရဲ့နိုင်ငံခြားရေးပေါ်လစီအရတော့ ဒေသတွင်းနိုင်ငံတွေကို အဓိကမထားဘဲနဲ့ နိုင်ငံတကာက နိုင်ငံတွေကို အဓိကထားစည်းရုံးနေတဲ့ပုံစံမျိုးလို့ ကျနော့်အနေနဲ့သုံးသပ်ပါတယ်။"

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကတော့ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ရေး၊ သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံ အထူးသံတမန်က ကြားဝင်ညှိနှိုင်းပေးရေး၊ အာဆီယံကတဆင့် စာနာမှုအကူအညီတွေပေးရေးနဲ့ အာဆီယံအထူးသံတမန် မြန်မာပြည်ကိုလာပြီး သက်ဆိုင်တဲ့အဖွဲ့တွေ အားလုံးနဲ့တွေ့ဆုံရေးတို့ဖြစ်ပါတယ်။ 

ဘုံသဘောတူညီချက် ၅ ရပ်ထုတ်ပြန်ပြီး ၃ နှစ်ကျော်ကြာချိန်မှာ အကျိုးသက်ရောက်မှုတစုံတရာ မရှိခဲ့တာကြောင့် ထိုင်းအပါအဝင် အာဆီယံနိုင်ငံတချို့ဟာ တနိုင်ငံချင်းစီအလိုက် မြန်မာ့အရေးကို ချဉ်းကပ်ဖို့ လတ်တလောမှာ ကြိုးစားနေကြပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013