DVB Logo
Home
Lead Story
စင်ကာပူပြည်သူပြည်သားများ အမှတ်ရနေကြမည့် နိုင်ငံပြုသုခမိန် ဝန်ကြီးချုပ် လီရှန်လွန်း
DVB
·
May 15, 2024
စင်ကာပူပြည်သူပြည်သားများ အမှတ်ရနေကြမည့် နိုင်ငံပြုသုခမိန် ဝန်ကြီးချုပ် လီရှန်လွန်း
1 / 6
Donate to DVB

အရှေ့တောင်အာရှဒေသက စီးပွားရေးအင်အားကြီး စင်ကာပူနိုင်ငံကို နှစ်ပေါင်း ၂၀ ကြာ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် လီရှန်လွန်းဟာ မျိုးဆက်သစ်ခေါင်းဆောင် လောရင့်စ်ဝေါင်ကို မေ ၁၅ ရက်နေ့မှာ အာဏာလွှဲခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ်မှာ အာဏာရခဲ့တဲ့ စင်ကာပူခေါင်းဆောင်ဟောင်း လီကွမ်ယုရဲ့ မျိုးဆက်  လီရှန်လွန်းဟာ အသက် ၇၂ နှစ်အရွယ်မှာ အာဏာစွန့်ခဲ့တာပါ။

ရှေ့ကဝန်ကြီးချုပ်တွေလိုပဲ သူဟာ စီနီယာဝန်ကြီးအဖြစ် ဆက်ရှိဦးမှာဖြစ်ပေမဲ့ အဓိက ခေါင်းဆောင်မှုပိုင်းကတော့ လောရင့်စ်ဝေါင် ဦးဆောင်တဲ့ 4G လို့ခေါ်တဲ့ စတုတ္ထမျိုးဆက် ခေါင်းဆောင်တွေက လက်လွှဲယူကြတော့မှာ ဖြစ်ပါတယ်။

သစ်ပင်တပင်ရဲ့ အမြင့်ကို လဲကျသွားမှ တိုင်းတာနိုင်သလို ခေါင်းဆောင်တဦးရဲ့ အောင်မြင်မှုတွေကိုလည်း သူအနားယူမှသာ မှန်မှန်ကန်ကန် ချိန်ဆနိုင်မှာ ဖြစ်ပါတယ်။

လီရှန်လွန်းကို စင်ကာပူဖခင်ကြီး လီကွမ်ယုရဲ့ သားကြီးဖြစ်သူ၊ စင်ကာပူရဲ့ ဒီမိုကရေစီမှာ နန်းမွေခံသလို ဆက်ခံခွင့်ရသူလို့ ထင်မှတ်မှားနိုင်ပါတယ်။ တကယ်တော့ စင်ကာပူဟာ ခေါင်းဆောင်ကောင်းတယောက် ရခဲ့တာသာဖြစ်ပြီး ကမ္ဘာကြီးက ပညာရှင်တယောက် ဆုံးရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

လီရှန်လွန်းကို ၁၉၅၂ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဗြိတိသျှကိုလိုနီခေတ် စင်ကာပူမှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူလိုပဲ ပညာရည်ထူးချွန်သူဖြစ်ပြီး သမ္မတ ပညာသင်ဆု၊ တပ်မတော် ပညာသင်ဆုတွေရပြီး ဗြိတိန်မှာ ပညာသင်ကြားခွင့်ရခဲ့ပါတယ်။

ဗြိတိန်က နာမည်ကျော် ကိန်းဘရစ်ဂျ်တက္ကသိုလ်၊ ထရီနတီကောလိပ်မှာ ပညာသင်ကြားစဉ်က လီဟာ “ဗြိတိန်မှာ ဆွတ်ခူးနိုင်တဲ့ အကြီးကျယ်ဆုံး အသိဉာဏ်ပညာ” ဆိုင်ရာ အောင်မြင်မှုလို့ တင်စားကြတဲ့ Senior Wrangler အဖြစ် သင်္ချာဘာသာရပ်မှာ ဗိုလ်စွဲခဲ့ဖူးပါတယ်။ အင်မတန်ခက်တယ်လို့ နာမည်ကြီးတဲ့ သင်္ချာထရိုင်ပို့စ် စာမေးပွဲမှာ ပထမရတဲ့သူ Senior Wrangler အများစုဟာ ကမ္ဘာကျော် သင်္ချာပညာရှင်တွေ၊ ရူပဗေဒပညာရှင်တွေ ဖြစ်လေ့ရှိပါတယ်။

လီဟာ ဒီကနေ့ခေတ် ကိန်းဘရစ်ချ် ကွန်ပျူတာမဟာဘွဲ့နဲ့တူတဲ့ အဲဒီတုန်းက ကွန်ပျူတာသိပ္ပံ ဒီပလိုမာဘွဲ့လည်း ရခဲ့ပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူရဲ့ ဆန္ဒအတိုင်းသာ လျှောက်လှမ်းခဲ့တဲ့ လီဟာ ဟားဗတ်မှာ ပြည်သူ့အုပ်ချုပ်ရေးမဟာဘွဲ့ ယူပြီး အုပ်ချုပ်ရေးပိုင်းအတွက် ပြင်ခဲ့ရပါတယ်။

ဒီနောက် စင်ကာပူတပ်မတော်မှာ တာဝန်ယူခဲ့ပြီး အသက်အငယ်ဆုံး ဗိုလ်မှူးချုပ် ဖြစ်လာခဲ့ပါတယ်။ ၁၉၈၄ မှာတော့ တပ်ကထွက်ပြီး နိုင်ငံရေးနယ်ပယ်ထဲဝင်ခဲ့ကာ လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ ဖခင် လီကွမ်ယုနဲ့ ဂိုချောက်တောင်တို့ ဝန်ကြီးချုပ်လက်ထက် နှစ်ဆက်မှာ ရာထူးအမျိုးမျိုးနဲ့ သင်ယူခဲ့ပြီး ၂၀၀၄ မှာ ဝန်ကြီးချုပ်နေရာကို ဆက်ခံခဲ့ပါတယ်။

ပထမ ၂ နှစ်အတွင်းမှာ သူ့အစိုးရဟာ တပတ်ငါးရက် အလုပ်ချိန်သတ်မှတ်တာ၊ မီးဖွားခွင့် ရက်တိုးပေးတာတွေ လုပ်ခဲ့ပါတယ်။ စင်ကာပူမှာ ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ဘက်စုံအပန်းဖြေစခန်း ၂ ခု တည်ဆောက်ဖို့ အဆိုပြုချက်ကနေ မာရီနာဘေးဆန်းစ်နဲ့ ရီဆော့စ်ဝေါ ဆန်တိုဆာတို့ ပေါ်ပေါက်လာခဲ့ပါတယ်။ စီးပွားပျက်ကပ်မှာလည်း ၂ နှစ်အတွင်း တိုင်းပြည်ကို ပြန်လည်နာလန်ထူစေခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့မှုနဲ့ နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပါတယ်။ စင်ကာပူဟာ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားအပေါ် အရေးယူပိတ်ဆို့ရဲတဲ့ တခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။

၂၀၂၂ မှာပဲ လီအစိုးရဟာ အမျိုးသားတွေအကြား လိင်တူဆက်ဆံမှုကို ပြစ်မှုမြောက်စေတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၇၇(က) ကို ပယ်ဖျက်ခဲ့ပါတယ်။ စင်ကာပူဟာ ကမ္ဘာမှာ အဂတိလိုက်စားမှု အနည်းပါးဆုံးနိုင်ငံအဖြစ် ဆက်ထိန်းနိုင်ခဲ့သလို လီဟာ ကမ္ဘာမှာ တရားဝင် လစာအများဆုံးရတဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူ့အကြောင်း ဝေဖန်ရင်တော့ နည်းနည်းမှအလွဲမခံဘဲ ဂျာနယ်လစ်တွေ၊ နိုင်ငံရေးပြိုင်ဘက်တွေကို “တရားမ” ကြောင်းအရ တရားစွဲတတ်လို့လည်း နာမည်ကြီးသူ ဖြစ်ပါတယ်။

လီဟာ ဖခင်ဖြစ်သူရဲ့ အိမ်ကိစ္စနဲ့ ပတ်သက်ပြီး မောင်နှမတွေနဲ့ အငြင်းပွားခဲ့ရတဲ့ ကိစ္စကလည်း ကျနော်တို့ဆီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သူ့အစ်ကို ခြံအမှတ် ၅၄ အမှုကိုတောင် အမှတ်ရစေပါတယ်။ လွှတ်တော်မှာပါ ဆွေးနွေးရတဲ့အထိ ဖြစ်ခဲ့ပေမဲ့ လီရဲ့ တင်ပြမှုကို အတိုက်အခံအမတ်တွေပါ လက်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာ အမှုကို မိသားစုကြားမှာပဲ ညှိနှိုင်းပြေလည်ခဲ့ကြပါတယ်။

လီမှာ အိမ်ထောင် ၂ ဆက်ရှိပြီး ပထမအိမ်ထောင်ကတော့ မလေးရှားနွယ်ဖွား ဝေါင်မင်းယန် ဖြစ်ပါတယ်။ သမီးတယောက် သားတယောက် ရခဲ့ပေမဲ့ ဇနီးသည်ဟာ အသက် ၃၁ နှစ်အရွယ် ၁၉၈၂ မှာပဲ နှလုံးဖောက် ဆုံးပါးသွားခဲ့ပါတယ်။

ဒီနောက် လီဟာ ထူးချွန်တဲ့ အစိုးရဝန်ထမ်းတဦးဖြစ်တဲ့ ဟိုချင်းနဲ့ ၁၉၈၅ မှာ လက်ထပ်ခဲ့ပါတယ်။ ဟိုဟာ စင်ကာပူနိုင်ငံပိုင် တီမားဆက် ဦးပိုင်လုပ်ငန်းစုကြီးရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၀၄ ခု ခင်ပွန်းသည် ဝန်ကြီးချုပ်မဖြစ်မီကတည်းက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ သူလည်း ၂၀၂၁ မှာ အနားယူခဲ့ပါတယ်။ လီနဲ့ ဟိုမှာ သားနှစ်ယောက် ရှိပါတယ်။

လီဟာ သွေးကျိတ်ကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာအတွက် ၁၉၉၀ ပြည့်လွန်နှစ်တွေ ကတည်းက ကုသမှု ခံယူခဲ့ရပြီး ဓာတ်ကင်ကုထုံးတွေပါ လုပ်ဆောင်ခဲ့ရပါတယ်။ ဆီးကျိတ်ကင်ဆာအတွက်လည်း စက်ရုပ်အကူအညီနဲ့ ၂၀၁၅ မှာ ခွဲစိတ်မှု လုပ်ခဲ့ရပါတယ်။ လီဟာ ကွန်ပျူတာ ပရိုဂရမ်မင်းမှာ ဝါသနာပါသူဖြစ်ပြီး အားလပ်ချိန်မှာ C++ နဲ့ ဆူဒိုခု ဖြေရှင်းတဲ့ ဆော့ဖ်ဝဲတခု ရေးခဲ့ဖူးပါတယ်။

ဒီမိုကရေစီစံနှုန်းအရ အငြင်းပွားစရာတွေ ရှိကောင်းရှိနိုင်ပေမဲ့ ဖအေတူသား နိုင်ငံပြုသုခမိန် တယောက်အဖြစ် လီရှန်လွန်းကို စင်ကာပူနဲ့ ကမ္ဘာကြီးက အမှတ်ရနေကြမှာ ဖြစ်ပါတယ်။

Source - Reuters

Photo Credit-Lee Hsien Loong Facebook

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013