DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူသို့ တရုတ် ၃၀၀ ကျော်ရောက်လာ၊ အမ်းတွင် လေကြောင်းတိုက်ခိုက်သဖြင့် လူငယ် ၁ ဦးသေ
DVB
·
May 5, 2024
ကျောက်ဖြူသို့ တရုတ် ၃၀၀ ကျော်ရောက်လာ၊ အမ်းတွင် လေကြောင်းတိုက်ခိုက်သဖြင့် လူငယ် ၁ ဦးသေ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံသား ၃၀၀ ကျော် ရောက်ရှိလာပြီး အမ်းမြို့နယ်မှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် လူငယ် ၁ ယောက် သေဆုံး၊ ကလေး ၂ ယောက် အပါအဝင် ၅ ယောက် ဒဏ်ရာရသွားပါတယ်။

အမ်းမြို့နယ်၊ မင်းတပ်ကျေးရွာကို စစ်ကောင်စီက မေ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေလာရောက်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် မောင်အောင်သူရဖြိုး သေဆုံးပြီး ၁၃ နှစ် အရွယ် မိန်းကလေး ၂ ယောက် အပါအဝင် အသက် ၃၀ ကျော် အရွယ် အမျိုးသား ၃ ယောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူဟာ မျက်နှာကို ဗုံးစထိမှန်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသွားသူတွေဟာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတဲ့သူတွေ ပါတယ်လို့ အခြေအနေကို သိတဲ့သူတယောက်က ပြောပါတယ်။

“ယောကျ်ားလေး တယောက်တော့ နေရာမှာတင် ဗုံးစထိပြီး သေသွားတယ်။ နောက် အသက်မပြည့်သေးတဲ့ မိန်းကလေး တယောက် အပါအဝင် အမျိုးသား ၃ ယောက်လည်း ထိခိုက်ဒဏ်ရာ ရသွားတယ်။ မိန်းကလေးငယ် နှစ်ယောက်ရဲ့ ဒဏ်ရာကလည်း ပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်” လို့ပြောပါတယ်။

မိန်းကလေး ၂ ယောက်ဟာ မင်းတပ်တံတားအနီးမှာ ဟင်းရောင်းနေကြချိန်မှာ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်က လာရောက် ဗုံးကြဲ တိုက်ခိုက်တာလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသွားသူတွေဟာ နီးစပ်ရာဆေးရုံတွေ ဆေးကုသနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အမ်းမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ အေအေ တိုက်ပွဲဖြစ်ပွားနေပေမဲ့ အခု လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ နေရာမဟုတ်ဘဲ အရပ်သားတွေကို တမင်ရည်ရွယ်ပြီး တိုက်ခိုက်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေ ဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ အမ်း၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တို့မှာ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင် အာရက္ခတပ်တော်(အေအေ)က မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာကြောင့် စစ်ကောင်စီနဲ့ စစ်ရေးပြင်းထန်နေချိန်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်တည်ရှိတဲ့ မဒေးကျွန်း ရေနက်ဆိပ်ကမ်းကို ဧပြီ ၂၈ ရက်နေ့က တရုတ်နိုင်ငံသား ၃၀၀ ကျော်နဲ့ စက်ယန္တရားတွေ တင်ဆောင်လာတဲ့ သင်္ဘောတစင်း ရောက်လာတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူဒေသခံတယောက်က “အဓိကတော့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဖို့ ယူဆရတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ဒီလောက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ချိန်မှာ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတာကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမယ်” လို့ပြောပါတယ်။

အခုရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ စက်ယန္တရားတွေကို လာပို့သွားတဲ့ သင်္ဘောဟာ ဧပြီ ၃၀ ရက်နေ့မှာ မဒေးကျွန်းကနေ ပြန်လည်ထွက်သွားတယ်လို့ ဒေသခံတွေဆီက သိရပြီး ရောက်ရှိလာကြတဲ့ တရုတ်နိုင်ငံသားတွေထဲက တချို့ဟာ မဒေးကျွန်းနဲ့ ကျောက်ဖြူမြို့ကို နေ့ချင်း သွားလာပြီး အလုပ်လုပ်ကိုင်နေကြတာလို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်အကြား စစ်ရေးပြင်ဆင်မှုတွေ ရှိနေကြပြီး မြို့ခံတွေ မြို့က စွန့်ခွာနေချိန်မှာ တရုတ်နိုင်ငံသားတွေ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားတွေကို ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို သွားလာခွင့်ပြုလိုက်တာက စစ်ကောင်စီဘက်က ဝါဒဖြန်ဖို့ လုပ်လာတာဖြစ်နိုင်သလို စစ်ရှိန်ကိုလျှော့ချဖို့ ကြိုးပမ်းတာလည်း ဖြစ်နိုင်တယ်လို့ ကျောက်ဖြူမြို့ခံ နောက်တယောက်က ပြောပါတယ်။

“ကျောက်ဖြူဘက်မှာ နှစ်ဖက် စစ်ရေးတင်းမာနေချိန်မှာ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ဆိုပြီး တရုတ်နိုင်ငံသားတွေ ရောက်လာတာက နည်းနည်းတော့ ထူးခြားမှုရှိတယ် ပြောရမယ်။ တဖက်မှာလည်း စစ်ကောင်စီက ရခိုင်မှာ သူတို့အုပ်ချုပ်ရေးရှိနေသေးတယ်ဆိုပြီး ဝါဒဖြန့်နိုင်ဖို့ ကြိုးပမ်းတာလည်း ဖြစ်နိုင်သလို ကျောက်ဖြူအထူးစီးပွားရေဇုန်မှာ တရုတ်တွေ ရှိနေရင် စစ်ရှိန်ကို လျှော့နိုင်မယ်ဆိုပြီး ကြိုးပမ်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ နှစ်နိုင်ငံ သဘောတူစာချုပ် စတင်ချုပ်ဆိုခဲ့ကြတာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့  တရုတ်-မြန်မာနှစ်နိုင်ငံအကြား ထပ်မံ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ဒေါ်လာသန်း ထောင်နဲချီတဲ့ စီမံကိန်းတခုလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီဖက် နေ့တိုင်းဆိုသလို လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေရှိသလို အေအေဘက်ကလည်း မြို့ခံတွေကို ရနိုင်တဲ့နည်းနဲ့ ထွက်ခွာကြဖို့ ပြောဆိုထားတာတွေ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013