Home
ဆောင်းပါး
တော်လှန် ဂီတပန်းတပွင့် 
DVB
·
March 18, 2024

စစ်မက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်ထဲမှာ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေ မနည်းမနောပဲ ရှိနေကြပါတယ်။ သူတို့တွေထဲက တချို့သော ငွေကြေးမရှိ၊ မပြည့်စုံတဲ့ ဒေသခံတွေလည်း ရှိနေပြီး ဒီးမော့ဆိုမြို့ထဲမှာရှိတဲ့ သူ့တို့အိမ်တွေမှာပဲ ဗုံးခိုကျင်းတွေတူးပြီး နေထိုင်ကြရပါတယ်။

ဒီးမော့ဆိုမြို့နယ် တနေရာမှာပဲ လူငယ်တစု ရှိနေပါတယ်။ သူတို့ဟာ လေယာဉ်မကြောက်၊ လက်နက်ကြီး မကြောက် ဂီတသံတအေးအေးနဲ့ ဘဝကို ဖြတ်သန်းနေကြပါတယ်။

အဆိုပါလူငယ်လေးတွေကတော့ ၁၃ နှစ်ကနေ ၂၅ နှစ်ဝန်းကျင်အရွယ် တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ဂီတအတတ်သင်ကျောင်းလေးတခုဖြစ်တဲ့ Htel Phoe Music Learning Center ဖြစ်ပါတယ်။ Htel Phoe ဆိုတာက ကယားဘာသာစကားနဲ့ ရွှေပန်းကလေးတွေ ဖြစ်တယ်လို့ ကျောင်းတည်ထောင်သူက ပြောပါတယ်။

လူငယ်တစုကို စုစည်းတည်ဆောက်ကာ ဦးဆောင်နေတာကတော့ အသက် ၂၄ နှစ်အရွယ် ကယားတိုင်းရင်းသူ မော်ဖရေးမြာပဲ ဖြစ်ပါတယ်။ သူ့ကို နဲနဲ လို့ ခေါ်လို့ရတယ်လို့ သူက မိတ်ဆက်စဉ်မှာ ပြောပြပါတယ်။ သူဟာ စစ်တပ်အာဏာမသိမ်းခင်ကတော့ အခုလို တောတောင်တွေမှာ နေထိုင်လေ့ရှိသူတဦး မဟုတ်ပါဘူး။

နဲနဲက သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဂီတကျောင်းတခု ဖွင့်နိုင်ဖို့အတွက် ဂီတာတီးခတ်တာနဲ့ တယောထိုးတာကို ရန်ကုန်မြို့က အနုပညာကျောင်းတခုမှာ သွားရောက်သင်ယူနေရင်း ဒုတိယနှစ် အရောက်မှာ ကိုဗစ်ကပ်ရောဂါကြောင့် နေရပ် ကရင်နီပြည်နယ်ကို ပြန်လာရင်းကနေ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ကြုံတွေ့လိုက်ရတာကြောင့် ပညာရေးတပိုင်းတစနဲ့ တော်လှန်ရေးအတွင်းကို ဝင်ရောက်လာသူဖြစ်ပါတယ်။

အခုအချိန်မှာတော့ မျှော်လင့်ထားသလို မဟုတ်ပေမဲ့ သူရဲ့ ကျောင်းတည်ထောင်ချင်တဲ့ အိပ်မက်တွေကတော့ တကယ်ကို ဖြစ်လာလို့နေပါပြီ။ သူဟာ သူတတ်မြောက်ထားတဲ့ တယောထိုးတာကို စစ်ရှောင်စခန်းတွေမှာ လိုက်လံဖျော်ဖြေနေရင်းနဲ့ တယောက်စ နှစ်ယောက်စကို သင်ပေးရာကနေ အခုလို ကျောင်းဖြစ်လာတာလို့ ဆိုပါတယ်။

နဲနဲက “စစ်ရှောင်ရတဲ့ ပြည်သူတွေက သူတို့သားသမီးတွေ ရှေ့ထွက်တိုက်နေတဲ့အချိန်မှာ ငါတို့က မိဘတွေကို အားပေးနိုင်ပါတယ်၊ ကူညီနိုင်ပါတယ် ဆိုတဲ့ အတွေးလေး ဝင်ခဲ့တယ်။ အဲကနေစပြီးတော့ ဆရာတို့ကို ခွင့်တောင်းတယ်၊ ခွင့်တောင်းတော့ သူတို့က လုပ်လို့ရတယ်၊ သွား၊ စစ်ရှောင်တွေဆီသွား အားပေးစကားတွေပြောလို့ ပြောခဲ့တယ်။ အဲကနေ ကျမလို Volunteer တွေနဲ့ သွားရောက်ခဲ့တာကနေ စတင်ခဲ့တာ” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းကာစက သူဟာ နိုင်ငံရေးအကြောင်းကို လုံးဝမသိပါဘူး။ “အာဏာသိမ်းတယ် သိမ်းပြီးခဏပေါ့” ဆိုတဲ့အတွေးပဲ ရှိနေသူပါ။ အဲကနေ လွိုင်ကော်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ကျောင်းသားထု၊ ဆရာဝန်ထုနဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် လက်နက်နဲ့ အင်အားသုံး ဖြိုခွင်းလာခဲ့တဲ့အခါမှာတော့ အာဏာသိမ်းတာဟာ သူ့အထင်နဲ့ တက်တက်စင်အောင် လွဲနေခဲ့ပါပြီ။

လမ်းပေါ်ကို သူ လက်သုံးချောင်းထောင်ကာ ထွက်လာခဲ့ပါပြီ။ သူ အာဏာသိမ်းမှုကို စတင်တော်လှန်ပါပြီ။ သူကိုယ်တိုင် မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေနဲ့ ဖြိုခွင်းတာကို ကြုံတွေ့ခဲ့ရပါတယ်။ တခြားမြို့တွေမှာလည်း ကျည်အစစ်သုံးလို့ လူသေတယ် ဆိုတာမျိုးတွေ ဖြစ်လာနေပြီဆိုတာ လူမှုကွန်ရက်တွေကနေ သူ စတင်သိမြင်ခဲ့ရပါတယ်။

“ပထမ သပိတ်မလိုက်သေးဘူး။ အိမ်မှာနေရင်း စောင့်ကြည့်တာပေါ့။ အိမ်ကလည်း မထွက်ခိုင်းဘူး။ အိမ်ထဲမှာနေရင်း စာဖတ်တယ်၊ သတင်းလိုက်ကြည့်တယ်။ ဘာဖြစ်သွားတာလဲ၊ အာဏာသိမ်းတယ်ဆိုတာ ဘယ်လိုမျိုးလဲ၊ အဲအချိန်မှာ သမိုင်းကြောင်းတွေ တက်လာတယ်။ ဘယ်ခေတ်ကတော့ အာဏာသိမ်းတာ ဘယ်လိုပုံစံမျိုးဆိုတာတွေ၊ ငါမသိခဲ့တဲ့ သမိုင်းကြောင်းတွေ၊ ငါစိတ်မဝင်စားခဲ့တဲ့ အရာတွေပါလားဆိုပြီး သေချာလေ့လာဖြစ်ခဲ့တယ်။ အဲကနေ စပြီး သပိတ်လိုက်ခဲ့တယ်။ တောက်လျှောက်ပဲ၊ ရက်တိုင်းလိုက်ခဲ့တယ်” လို့ နဲနဲက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

စစ်တပ်ရဲ့ မကောင်းမှုတွေနဲ့ အကြမ်းဖက်နှိမ်နင်းတာတွေ သိမြင်ကြုံတွေ့ပြီးတဲ့ အခါမှာတော့ နဲနဲဟာ ဘာဆက်လုပ်ရမလဲမသိ ဖြစ်နေခဲ့ပြီး သူဟာ လူငယ်တယောက်အနေနဲ့ ဘာတွေလုပ်နိုင်မလဲဆိုတာ တွေးတောကြံဆရင်း ၂၀၂၁ မတ်လမှာ တောတွင်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖြစ်ခဲ့တယ်လို့ သူက ပြောပြပါတယ်။

“လူငယ်တယောက် ဖြစ်တယ်၊ လူတွေ သေရတာတော့ မဖြစ်သေးဘူးပေါ့။ ကိုယ်နိုင်တဲ့ဘက်ကနေ ပါဝင်မှရမယ်ဆိုတဲ့ အတွေးမျိုးလည်း ဝင်လာခဲ့တယ်။ ဘာလုပ်နိုင်မလဲ လိုက်ကြည့်တယ်ပေါ့၊ လိုက်ရှာတယ်။ လူငယ်တယောက်အနေနဲ့က အတွေ့အကြုံလည်း မရှိ၊ အချိတ်အဆက်လည်းမရှိ၊ တွဲခေါ်ပေးမယ့်သူလည်း မရှိ၊ ရှာရင်းရှာရင်းကနေ သူငယ်ချင်းတယောက်က ပြောလာခဲ့တယ်၊ သင်တန်းလိုက်တက်မလားတဲ့၊ အမတွေနဲ့ တိုင်ပင်ပြီး စစ်သင်တန်းကို တောင်ပေါ်မှာ စတင်တက်ရောက်ခဲ့တယ်” လို့ နဲနဲက ပြောပါတယ်။

သင်တန်းရောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့တဲ့အခါမှာတော့ စိတ်ဓာတ်ခွန်အားတွေ အများကြီးရရှိခဲ့ပြီး သူကိုယ်တိုင်က သူပုန်လို့ သတ်မှတ်ခဲ့တဲ့ သူတို့လူမျိုး လက်နက်ကိုင်တွေဟာ ဒီလိုလူတွေပါလားဆိုတဲ့ အတွေးမျိုးတွေ ရရှိခဲ့ရပြီး သူဟာ စစ်သင်တန်းကာလ မပြည့်စုံမှု၊ ခက်ခဲကြမ်းတမ်းမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

“သင်တန်းသား အယောက် ၄၀၀ - ၅၀၀ လောက် ရှိတဲ့အထဲမှာ ကျွမ်းမထိုးနိုင်လို့ ထိုင်ငိုရတဲ့ အခါတွေ၊ တောင်အောက်ကနေ တောင်ပေါ်ကို ဆန်အိတ်သယ်ရင်လည်း ကိုယ်တပြည်သယ်နိုင်တယ်ဆိုပြီး နိုင်သလောက် ကူသယ်ခဲ့တာတွေ၊ သေနတ်ပစ်ပြိုင်ပွဲမှာ ပေါက်ကွဲသံ နားမထောင်နိုင်ပေမဲ့ ကိုယ်တိုင်ပစ်ခတ်ပြီး ထိချက်မှန်ခဲ့တာတွေဟာ အမှတ်တရတွေ” လို့ နဲနဲက ရယ်ရယ်မောမောနဲ့ ပြောပြပါတယ်။

စစ်သင်တန်းပြီးဆုံးတဲ့ အခါမှာတော့ သူဟာ ကျန်းမာရေးချို့တဲ့တာကြောင့် အခက်အခဲတွေ အများကြီး တွေ့ကြုံဖြတ်ကျော်ခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် စစ်မတိုက်နိုင်ဘူးလို့ ထင်မြင်လာခဲ့ပြီး အဲကနေမှ ဂီတလမ်းကြောင်းပေါ်ကို ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ သူက ပြောပြပါတယ်။

သူ ဆေးရုံအဖွဲ့တဖွဲ့နဲ့ volunteer အဖြစ် လိုက်ပါနေစဉ်မှာ စစ်ရှောင်စခန်းတွေကို စိတ်ဒဏ်ရာ နှစ်သိမ့်ဆွေးနွေး အစီအစဉ်တွေ၊ ဂီတဖျော်ဖြေတာတွေ ပြုလုပ်ခဲ့ပြီး သူနဲ့ မိသားစုလိုဖြစ်လာတဲ့ ဆေးရုံအဖွဲ့ကို သင်တန်းဖွင့်ချင်ကြောင်း တိုင်ပင်ပြီး အားပေးမှုပေါင်းများစွာနဲ့ သူဟာ ဂီတကျောင်းလေးကို ၂၀၂၄ ခုနှစ် ၁ လပိုင်း ၁၅ ရက်နေ့မှာ တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကျောင်းသား ၃၆ ဦးနဲ့ ဆရာ ဆရာမ အင်အား ၁၃ ဦးရှိတဲ့ အဲဒီကျောင်းမှာ ပင်တိုင်အလှူရှင်ရယ်လို့ မရှိတာကြောင့်နဲ့ ရက်သတ္တပတ်ကို ဆန် ၄ အိတ်ခန့် ကုန်တာကြောင့် တနေ့စာ တနေ့နဲ့ပဲ ဖြတ်သန်းနေရကြောင်းကိုလည်း သူက ရင်ဖွင့်ပြောဆိုလာပါတယ်။

“ကလေးတွေအရှေ့ဆိုရင်ကျတော့ မညည်းချင်ဘူး။ ညည်းတာတွေ မကြားစေချင်ဘူး။ အဲဒါကြောင့် သူတို့လေးတွေရှေ့မှာဆို စားစရာရှိတာ ဝအောင်သာစား ဆိုတာမျိုးတွေပဲ ရယ်မောပြီး ပြောဖြစ်ပါတယ်။ နောက်ပြီး ကျောင်းက အခုမှဖြစ်လာတာဆိုတော့ အခြေခိုင်ပြီးသား ကျောင်းတွေလို သိန်း ၁၀၀၊ သိန်း ၅၀ ကိုင်မထားနိုင်ဘူး။ တကယ် တနေ့စာ တနေ့နဲ့ပဲ ဖြတ်သန်းနေရတာပါပဲ။”

စာသင်ဆောင်တဆောင်၊ စာကြည့်တိုက်၊ အိပ်ဆောင်နှစ်ဆောင်၊ ထမင်းစားဆောင်၊ စိုက်ခင်း၊ ဝက်မွေးမြူရေးခြံ၊ ကြက်မွေးမြူရေးခြံနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ထဲဖိုးဂီတရိပ်မြုံလေးဟာတော့ လက်နက်ကြီးသံ၊ လေယာဉ်သံတွေ ကြားထဲမှာ ဂီတသံလေးတွေ ထွက်ပေါ်နေဆဲပါ။

သင်ထောက်ကူ အခက်အခဲတွေ ရှိပေမဲ့ ဂီတအနုပညာရှင်တွေ မွေးထုတ်ပေးနိုင်အောင် အကောင်းဆုံး ကြိုးစားနေတဲ့ အဲဒီကျောင်းလေးမှာ ဂီတအပြင် သက်မွေး၊ အင်္ဂလိပ်စာ၊ ခေါင်းဆောင်မှုပညာရပ်၊ နိုင်ငံရေးသိပ္ပံ ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်။

သူရဲ့ အကြီးမားဆုံးသောအိပ်မက်ကတော့ ပညာသင်ဆုရခဲ့ရင် အီတလီက သံစုံတီဝိုင်းပွဲ တခုခုကို ရှေ့ဆုံးတန်းက သွားကြည့်ချင်တာဖြစ်ပြီး တယောနဲ့ ပတ်သက်တာတွေကို ရှေ့ဆက် သင်ယူသွားချင်တဲ့ ရည်မှန်းချက်ကို ဖြစ်အောင်လုပ်မယ် ဆိုတာ အသေအချာပဲလို့ ယုံကြည်နေ မိပါတယ်။

ဂနိုက်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024