DVB Logo
Home
Lead Story
ဒီတောင်ကို ရအောင်ကျော်ကြမယ်
DVB
·
January 16, 2024
ဒီတောင်ကို ရအောင်ကျော်ကြမယ်
Donate to DVB

တလောက ရန်ကုန်မြို့နေ သူငယ်ချင်းတယောက် ကျပ် ၇၀၀ ကျသင့်တဲ့ ပဲကတ္တီပါပြုတ် သုပ်ပုံကို သူ့လူမှုကွန်ရက်ပေါ် တင်ထားတာ တွေ့လိုက်တယ်။ ပဲကတ္တီပါပြုတ်က ၅၀၀ ဖိုး။ ကျန် ၂၀၀ က ကြက်သွန်နီနည်းနည်း၊ ဆီနဲ့ ဆား ကုန်ကျစရိတ်။ သူ့ ၅၀၀ တန် ပဲကတ္တီပါပြုတ်က ပါတယ်ဆိုရုံ အလုံးရေ ရေတွက်လို့တောင်ရတဲ့ အနေအထားမို့ အံ့ဩရ။ အဲဒီ ပဲကတ္တီပါပြုတ် ၇၀၀ တန်ကို စိစိစစ်စစ်လေးစားမှ အာသာပြေရုံ ထမင်းတနပ် ပြီးမြောက်မယ့်ကိန်း။

“ပဲကတ္တီပါပြုတ် ၅၀၀ ဖိုးဆိုတာ ငါတို့လို ဆင်ခြေဖုံးရပ်ကွက်တွေမှာပဲ ရောင်းတော့တယ်။ အခြေကြီးတဲ့ ရပ်ကွက်တွေမှာဆို ပဲကတ္တီပါပြုတ်တောင် ၁,၀၀၀ ဖိုးဝယ်မှ ရောင်းတော့တယ်” လို့လည်း သူငယ်ချင်းက ပြောပြတယ်။

အာဏာမသိမ်းခင်က ပဲကတ္တီပါပြုတ် ၁၀၀ ဖိုးတောင် အခု ၅၀၀ ဖိုးထက် များဦးမယ်လို့လည်း သူက ဆက်ပြောတယ်။ ရန်ကုန်မြို့ကြီးမှာ အဲဒီပဲကတ္တီပါပြုတ် ၇၀၀ ဖိုးကိုတောင် ထမင်းတနပ်အတွက် ဟင်းအဖြစ် မစားနိုင်တဲ့သူ ဒုနဲ့ဒေးပဲလို့လည်း သူကဆိုတယ်။ သူငယ်ချင်းက အသက် ၅၀ အရွယ် ဆောက်လုပ်ရေးအင်ဂျင်နီယာ။ သူ့ကိုယ်သူ အခေါ်ဆိုရင်တော့ အလုပ်သမားခေါင်း။ သူကိုယ်တိုင်ကလည်း ဒီခေတ်ကျပ်ကြီးထဲ ဒီအလုပ်လေးရှိနေတာကြောင့် သက်ပြင်းတွေ မရှည်ရတာလို့ ဆိုသလို သူ့လက်အောက်က နေ့စားအလုပ်သမားတွေရဲ့ဘဝ အလုပ်မရှိတဲ့ ရက်တွေမှာ ထမင်းချည်းသက်သက်ကိုတောင် မိသားစု ခွဲတမ်းကျ စားရကြောင်း ပြောပြတယ်။

“အခု ကိုယ်တိုက်ဆပ်ပြာဆိုတာ ထောင်ကျော်တွေချည်းပဲ။ သွားတိုက်ဆေးဆိုလည်း အပေါစားတောင် ၂,၀၀၀ လောက် ဖြစ်နေတယ်ဆိုတော့ ရန်ကုန်မှာ ဆပ်ပြာကြမ်းကိုတောင် အကုန်မြန်မှာစိုးလို့ ဖွဖွလေး ကိုယ်တိုက်နေတဲ့သူတွေ။ သွားတိုက်ဆေးအစား ဆားနဲ့ပဲ သွားတိုက်နေသူတွေ အများကြီး” လို့လည်း သူက ဆက်ပြောပါတယ်။

အခု ဇန်နဝါရီ ၁၀ ရက် ညမှာလည်း သူငယ်ချင်းက သူ့ဖေ့စ်ဘွတ်ခ်ပေါ် ပို့စ်တခု ထပ်တင်ပြန်တယ်။ “မုန့်ဟင်းခါးတပွဲ ၁,၀၀၀။ ငွေတသိန်းဆိုရင် မုန့်ဟင်းခါး ပွဲ ၁၀၀ ပဲရမယ်။ ဒါတောင် အကြော်မပါဘူး” တဲ့။ သူ့ရဲ့ရည်ရွယ်ချက်က ဒီနေ့ခေတ် ရန်ကုန်၊ မအောင်မြင်တဲ့ အာဏာသိမ်းကာလ ကြောက်မက်ဖွယ် ကုန်ဈေးနှုန်းအကြောင်း အများသိအောင် ပြောပြ မှတ်တမ်းတင်နေခြင်းလို့ ကျနော် နားလည်မိတယ်။ အကြော်မပါတဲ့ မုန့်ဟင်းခါး ပွဲ ၁၀၀ ကိုတောင် တသိန်းပေးနေရတဲ့ ဆိုးဆိုးရွားရွားကာလမို့ ကိုယ့်ဘဝကိုယ် လွတ်ကျမသွားအောင် သတိကြီးကြီး ထားနေရတယ်လို့လည်း သူကဆိုတယ်။

“အလုပ်လေး ပုံမှန်ခေါ်အောင် နေ့စားအလုပ်သမားတွေက ငါ့ကို တော်တော်မျက်နှာလုပ်ကြတယ်။ ငါကလည်း ဒီအလုပ်လေးမြဲအောင် အလုပ်ရှင်စိတ်တိုင်းကျဖို့ ကြိုးစားရတယ်။ ငါ့အလုပ်ရှင်ကလည်း သူ့ကုမ္ပဏီ မပြုတ်ရင်ပြီးရော နည်းနည်းပဲမြတ်လည်း လုပ်မယ်ဆိုတဲ့စိတ်နဲ့ ကာစတန်မာအလိုပြည့်ဖို့ ကြိုးစားရတယ်။ ဒါပေမဲ့ အလုပ်သမားတွေရော၊ ငါရော၊ ငါ့အလုပ်ရှင်ရောက ဒီစစ်တပ်ကြောင့် ငါတို့တတွေ အခုလို ဖြတ်သန်းနေရတယ်ဆိုတာ ကောင်းကောင်းသိကြတယ်။ အနိမ့်ဆုံးအဆင့် တော်လှန်ရေးအတွက် ငါတို့နိုင်သလောက် ကူရမယ်ဆိုတာ သိကြတယ်။ ဘာလို့လဲဆိုတော့ ဒီစစ်တပ်မရှိမှဘဲ ဒီတောင်ကို ငါတို့ကျော်နိုင်မယ် မဟုတ်လား” လို့ သူက ဆက်ပြောတယ်။

အောက်အလွှာလည်းပြာ၊ လူလတ်တန်းစားလည်း ပြာ၊ သူဌေးတွေလည်း ပြာနေရတဲ့ကာလ။ ပြည်ပပို့ကုန်လုပ်ငန်းရှင် သူငယ်ချင်းသူဌေးတဦးက အလုပ်လုပ်ရင် ရှုံးဖို့များပြီး အခန့်အသင့်ရင် စစ်အုပ်စုရန်ရှာခြင်းဒဏ် ခံရကာ ထောင်ထဲရောက်သွားနိုင်တာမို့ ၂၀၂၃ နှစ်လယ်ကတည်းက ပြတ်ပြတ်သားသား လုပ်ငန်းများရပ်။ ဒီကောင်တွေရှိနေသမျှ ငုတ်တုတ်ထိုင်စားတော့မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တယ်တဲ့။ သူတို့ခမျာလည်း စစ်ခေါင်းဆောင်တွေရဲ့ ဒေါ်လာ လည်မျိုညှစ်တဲ့ဒဏ်ကို ကောင်းကောင်းခံရတယ် မဟုတ်လား။ ဘယ်သူမဆို အချိန်မရွေး စစ်တပ်သတ်လို့ သေသွားနိုင်တဲ့ကာလမှာ လုပ်ငန်းရှင် အကြီး၊ အငယ် ထောင်ထဲဝင်ရတာ မဆန်းဘူး ဆိုပေမဲ့ ဘယ်သူက ထောင်ထဲဝင်ချင်ပါ့မလဲ။

ရန်ကုန်မြို့မှာ ဘီအီးဆိုင်ဖွင့်ထားပြီး တသက်တာ သာယာခဲ့တဲ့ ငယ်သူငယ်ချင်း လူပျိုကြီးခမျာလည်း လည်မျိုလာညှစ်တဲ့ အခွန်ငွေ မသွင်းရင် ဆိုင်ပိတ် ထောင်ကျ ခြိမ်းခြောက်ခံရတာမို့ ပြီးခဲ့တဲ့လကပဲ သိန်းအစိတ် သွားသွင်းလိုက်ရ။ တသက်တာ မညည်းခဲ့ဘူးတဲ့ သူငယ်ချင်းလူပျိုကြီးလည်း မင်းအောင်လှိုင်နဲ့တွေ့တော့ မခံနိုင်။ စီးပွားတွေလည်း ပျက်၊ ညည်းညည်းညူညူနဲ့ ကြိတ်မှိတ်လို့။

“ရန်ကုန်မှာ ဒီလောက် လူကြိုက်များတဲ့ ဘီအီးတောင် မင်းအောင်လှိုင်နဲ့တွေ့မှ စီးပွားပျက်တော့တယ်။ ရန်ကုန်မှာ အကုန်ကျပ်တယ်။ အရက်သောက်တဲ့သူ မလျော့သွားပေမဲ့ အရက်ပဲ နိုင်နိုင်သောက်ကြတော့တာ။ အမြည်းစားအား မရှိတော့ဘူး” တဲ့။

သူ့ခမျာ ၂၀၂၁ ခုနှစ် တတိယလှိုင်း ကိုဗစ်အပြီး ခွက်ပုန်းဆိုင်လေးအဖြစ်နဲ့ တကိုယ်တော် ပြန်လည်စတင်ခဲ့ရာမှာ ဒီနေ့ထိတိုင် စားပွဲထိုးလေးတဦးသာ ခေါ်နိုင်ပြီး သူပဲ အရက်ရောင်း၊ သူပဲ အမြည်းလုပ်၊ အသုတ် သုတ်ရတဲ့ဘဝ။ မိုးထိုးနေတဲ့ ကုန်ဈေးနှုန်းအရ လုပ်ရင်း စားရင်း မမြတ်ရင်းနဲ့ အသက်ရှူကျပ်နေရတဲ့ဘဝ။

“ကိုယ့်ဆိုင်မှာ လာသောက်နေတဲ့ နေ့စားသမားဘဝတွေ ဘယ်လောက်ထိ ဆိုးနေသလဲဆိုတာ သိတော့ မနေနိုင်လို့ ညည်းနေပေမဲ့ ညည်းပြီးရင်လည်း ရှက်မိတယ်။ ကြောက်စရာခေတ်ပျက်ကြီးထဲ ရောက်နေကြတာ” လို့ သူကဆိုတယ်။

ရန်ကုန်မှာ အပေါ်လွှာ ပါးပါးလျလျကလွဲ အားလုံးဟာ ငေးငေးငေါင်ငေါင်။ အခန့်အသင့်ရင် အသက်ပျောက်သွားနိုင်တယ်။ အခန့်မသင့်ရင် ထောင်ထဲရောက်သွားနိုင်တယ်။ အခန့်မသင့်ရင် အလုပ်ပြုတ် ထမင်းအိုးကွဲ မနက်ဖြန် ဘာနဲ့စားကြမလဲလို့ မီးတောက်ကြရ။ ဒါပေမဲ့ ရန်ကုန်မှာ သန်းခေါင်ထက် ညမနက်၊ ဒီတောင်ကို ကျော်နိုင်မှဖြစ်မယ်ဆိုပြီး တလူလူလွင့်နေသူတွေ နီစွေးလို့။

ရန်ကုန်မှာ စစ်အုပ်စုက ပြည်သူတို့ရဲ့ ဘဝပေါင်းများစွာကို သေကွဲတွေ ရှင်ကွဲတွေအဖြစ် ဖျက်၊ အလုပ်အကိုင်တွေလည်း ဖျက်၊ အိမ်တွေလည်း ဖျက်၊ နောက်ထပ် ဖျက်စရာ အသက်ဓာတ်များစွာပေါ် ကျည်ဆန်နဲ့ ဗုံးမိုးရွာခြင်းသာ ကျန်တော့ပေမဲ့ စစ်အုပ်စု မျှော်လင့်ထားသလို အကြောက်ကြီးကြောက် ဒူးထောက်ဖို့ ဝေးစွ။ ပြည်သူတွေ ကြံ့ကြံ့ခံနေမြဲ။ ဒီတောင်ကို ရအောင်ကျော်ကြမယ်ဆိုတဲ့စိတ်က ပြည်သူတို့ရဲ့ သွေးသားထဲ နေ့ညမပြတ် လှုပ်ခတ်နေဆဲ ဖြစ်တယ်။ ပြီးတော့ ဒီတောင်ကို ကျော်နိုင်မယ်လို့လည်း ပြည်သူတို့ ယုံကြည်မှု ပိုမိုခိုင်မာလာကြတယ်။

ထွန်းလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013