Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်ရန် ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုက်တွန်း
DVB
·
November 3, 2023

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်အောင် ကမ္ဘာ့နိုင်ငံကြီးတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပြီး ယေဘုယျပိတ်ဆို့တာမျိုးမဟုတ်ဘဲ ပစ်မှတ်ထား ပိတ်ဆို့တာမျိုးကို လုပ်ဆောင်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွန်မ်အမ်ဒရူးစ်နဲ့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

မြန်မာစစ်တပ်ကို လက်နက်တင်သွင်းဖြန့်ဖြူး၊ ငွေကြေးထောက်ပံ့နေတဲ့ ခရိုနီတွေ၊ ကုမ္ပဏီတွေ၊ စစ်ကောင်စီဝန်ကြီးတွေနဲ့ အရာရှိတွေကို ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့က ပူးပေါင်းပြီး အောက်တိုဘာ ၃၁ ရက်က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု အသစ်တွေ ထပ်မံ ချမှတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူ တွန်မ်အန်ဒရူးစ်က ဒီဗွီဘီနဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။

အလားတူ အမေရိကန်အစိုးရကလည်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပိတ်ပင်ကန့်သတ် အရေးယူလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက အောက်တိုဘာ ၃၁ ရက်မှာ သီးခြားထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုလို မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားငွေ အများဆုံးရရှိနေတဲ့ မြန်မာ့ရေနံ့နဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူတာက ကမ္ဘာ့နိုင်ငံတွေရဲ့ ညှိနှိုင်းလုပ်ဆောင်မှုကို မြင်တွေ့ ရတာဖြစ်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ဆောင်တာ‌တွေ ရပ်တန့်ဖို့ နိုင်ငံတကာအနေနဲ့ ဆွေးနွေး လုပ်ဆောင်သင့်တယ်လို့ တွန်မ်အန်ဒရူးစ်က ဒီဗွီဘီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။

တွန်မ်အန်ဒရူးစ်က “ပထမဆုံးအချက်ကတော့ ကနေဒါအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ လေယာဉ်ဆီ တင်သွင်းမှုကို အားပေးအားမြှောက်ပြုနေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေရ လုပ်ငန်းတွေအပေါ်  ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာဟာ အလွန်မှ အရေးပါတဲ့ဆုံးဖြတ်ချက် တခုဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ အမေရိကန်အစိုးရက မြန်မာစစ်ကောင်စီရဲ့ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ MOGE လုပ်ငန်းကို ထပ်မံ အရေးယူပိတ်ဆို့လိုက်ခြင်းပဲ ဖြစ်ပါတယ်။ တတိယအချက်ကတော့ နိုင်ငံတကာအစိုးရတွေအချင်းချင်း မြန်မာ့အရေးအပေါ်မှာ ညှိနှိုင်းပြီး လုပ်ဆောင်နေတယ်ဆိုတာ ညွှန်ပြနေခြင်းပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်အပေါ် အခုလို အရေးယူပိတ်ဆို့မှုတွေ တပြိုင်နက်ချမှတ်လိုက်တာဟာ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ အစိုးရတွေကြားမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ချိတ်ဆက်လုပ်ဆောင်မှုတွေရှိနေတယ်ဆိုတာ ပေါ်လွင်ပါတယ်။ အဲဒီလိုပဲ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကိုလည်း တခြားနိုင်ငံတွေ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ပြီး အရေးယူပိတ်ဆို့မှုတွေ့ ထပ်မံလုပ်သင့်ပါတယ်။  ကျနော် အကြံပြုလိုတာက တခြားနိုင်ငံက အစိုးရတွေ တွေ့ဆုံပြီး မြန်မာစစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေအပေါ် ဘယ်လိုကြောင့်နဲ့ ဘာလို့ အကြမ်းဖက်မှုတွေဆက်ပြီး ကျူးလွန်နေနိုင်သလဲ ဆိုတာကို ဆွေးနွေးသင့်ပါတယ်။ နောက်ပြီး နိုင်ငံတကာ အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ ဒီအကြမ်းမှုတွေကို ရပ်တန်းကရပ်အောင် ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးပြီး အတူတကွ အကောင်အထည်ဖော်ကြရမှာပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ  ရပ်အောင် ကျနော်တို့ ဝိုင်းဝန်းစဉ်စားဖို့ လိုကိုလိုနေပါပြီ”လို့ ပြောပါတယ်။

ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါတို့ ပူးပေါင်းပြီး အထူးသတ်မှတ် အရေးယူပိတ်ဆို့မှုအဖြစ်  စစ်ကောင်စီကို လက်နက်နဲ့ ငွေကြေးထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေ၊ ခရိုနီတွေဖြစ်တဲ့ စစ်တိုင်းအောင်၊ ကျော်မင်းဦး၊ ထူးထက်တေဇ၊  ပြည့်ဖြိုးတေဇစသူတွေ၊ စစ်ကောင်စီဝန်ကြီး ဦးချာလီသန်း၊ ဒေါက်တာ ကံဇော်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေအောင်၊ ဦးဇော်မင်းတို့အပြင်  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ကို ဒဏ်ခတ်မှု စာရင်းမှာ ထည့်သွင်းထားတာပါ။

မြန်မာ့နိုင်ငံအရေး လေ့လာသူ ပညာရှင်တစ်ယောက်ကတော့ ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်တာမျိုး ပိုလိုလားတယ်လို့ပြောပါတယ်

“အကြောင်းကတော့ မြန်မာစစ်ကောင်စီဆီ ပိုက်ဆံဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်တာပါ။ ကနေဒါ၊ ယူကေတို့ ပူးပေါင်းကြပါတယ်။ ဒါပေမဲ့ လုံးဝပိတ်ဖို့တော့ မဖြစ်နိုင်ပါဘူး၊ သိပ်ထိခိုက်မှုမရှိဘူးလို့ ပြောရတာက တကယ်လို့ ယူအက်စ်ကပိတ်ဆို့ရင် တရုတ်က ဝင်ယူမှာပါ။ အဲသလိုထပ်ပိတ်ရင်လည်း အိမ်နီးချင်းနိုင်ငံတွေကြောင့် ရှောင်လွှဲစရာလမ်းတွေ ရှိနိုင်ပါတယ်။ နောက်တခုက မြန်မာ ဂတ်စ်ကလည်း အထွက်ကျနေပါပြီ။ ထိုင်းက နောက်ဆုတ်မယ့် သဘောလည်း မရှိဘူး။ နောက်ထပ် ဆန်ရှင်မှာ ရည်ရွယ်ထားတာက Myanmar Citizens Bank၊ A Bank နဲ့ United Amara Bank တို့လို့ ဆိုပါတယ်။ အဲလို လာလိမ့်မယ်လို့ ကျနော် ထင်တယ်။  စစ်ကောင်စီက သူ့ဘာသာလုပ်တဲ့ မူဝါဒတွေကြောင့် ခက်နေပြီးသားပါ။ ဆန်ရှင်ဆိုတာ တင်းပုတ်လိုပဲဆိုတော့ အခုလို ယေဘုယျ ဆန်ရှင်ချတာ အများပြည်သူကိုလည်း ထိခိုက်ပါတယ်။ တဖက်မှာ စစ်တပ်က ပိုတော့ ကျပ်တည်းလာနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့က Targeted sanction ပစ်မှတ်ထား လုပ်တာမျိုးကို ပိုထောက်ခံပါတယ်။”

MOGE ကို ပိတ်ဆို့ ဒဏ်ခတ်တာကို ကြိုဆိုပေမဲ့ တစိတ်တဒေသပိတ်ဆို့တာက စစ်တပ်ကို အများကြီး ထိခိုက်စေမှာ မဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေနဲ့ အရပ်ဘက်အဖွဲ့တွေက‌ ပြောပါတယ်။

MOGEကို အနောက်အင်အားစုတွေ အပြင် NUG ရဲ့ မိတ်ဖက်နိုင်ငံတွေအားလုံးက ပိတ်ဆို့ အရေးယူတာတွေ ပြုလုပ်ဖို့ ဆက်လက်ကြိုးစားတိုက်တွန်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက  ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ စစ်တပ်က MOGE ကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ ဘီလီယံ ရခဲ့ပြီး စစ်အသုံးစရိတ်အဖြစ် တနှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ  အသုံးပြုခဲ့တယ်လို့  သွေးစွန်းငွေ Blood money campaign  ရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံဟာ နိုင်ငံခြားတိုင်းပြည်တွေနဲ့  ကုန်သွယ်စီးပွားလုပ်ရာမှာ ငွေကြေးစနစ်နဲ့ ဘဏ်စနစ် အမျိုးအမျိုးကို အသုံးပြုနေတာ ဖြစ်လို့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ ထိခိုက်မှုမရှိဘူးလို့ ပြောထားပါတယ်။

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024