DVB Logo
Home
မြန်မာသတင်း
ယူကေ၊ အမေရိကန်နှင့် ကနေဒါတို့က မြန်မာစစ်အုပ်စုအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုထပ်မံပြုလုပ်
DVB
·
November 1, 2023
ယူကေ၊ အမေရိကန်နှင့် ကနေဒါတို့က မြန်မာစစ်အုပ်စုအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုထပ်မံပြုလုပ်
Donate to DVB

မြန်မာစစ်တပ်ကို လက်နက်တင်သွင်းဖြန့်ဖြူးပေးနေသူတွေ၊ ငွေကြေးထောက်ပံ့နေတဲ့ ခရိုနီဦးတေဇရဲ့ သားတွေအပါအဝင် ကုမ္ပဏီတွေ၊ စစ်ကောင်စီဝန်ကြီးတွေနဲ့ အရာရှိတွေကို ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့က ပူးပေါင်းပြီး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု အသစ်တွေ ထပ်မံ ချမှတ်လိုက်တယ်လို့ အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ယူကေနဲ့ မိတ်ဖက်နိုင်ငံတွေဟာ မြန်မာစစ်အစိုးရအပေါ် ဖိအားတွေ တိုးမြှင့်တဲ့အနေနဲ့  စစ်တပ်လုံခြုံရေးတပ်ဖွဲ့တွေထံ ကန့်သတ်ကုန်ပစ္စည်းတွေ တင်သွင်း၊ လက်နက်တင်သွင်းဖြန့် ဖြူးပေးသူတွေနဲ့ စစ်တပ်ကို ငွေကြေးထောက်ပံ့နေသူတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့လိုက်တာလို့ဆိုပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေစာရင်းမှာတော့ ကန့်သတ်ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံသို့ တင်သွင်းပြီး  အရပ်သားပြည်သူတွေအပေါ် ဖိနှိပ်မှုမှာပတ်သက်နေတဲ့ Dynasty International ကုမ္ပဏီရဲ့  ဝယ်ယူထောက်ပံ့ရေးဌာနမှူး မျိုးသစ္စာ၊   စစ်တပ်လုံခြုံရေးတပ်ဖွဲ့တွေထံ ငွေကြေး ဒါမှမဟုတ် စီးပွားရေးရင်းမြစ်တွေ ထောက်ပံ့ပံ့ပိုးပေးနေတဲ့ ခရိုနီဦးတေဇရဲ့သား  ထူးကုမ္ပဏီအုပ်စုရဲ့ ဒါရိုက်တာ ထူးထက်တေဇ၊  Myanmar Avia Services ၊ Yangon Aircraft Engineering ကုမ္ပဏီက ပြည့်ဖြိုးတေဇ၊  Sky Aviator ကုမ္ပဏီ ဒါရိုက်တာ ကျော်မင်းဦး၊ Yatanarpon Aviation Services ဒါရိုက်တာ စစ်တိုင်းအောင်တို့အပြင် International Group of Entrepreneur Services (IGE) ကုမ္ပဏီတို့  ပါဝင်ပါတယ်။

အလားတူ အမေရိကန်အစိုးရကလည်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပိတ်ပင်ကန့်သတ် အရေးယူလိုက်တယ်လို့  အမေရိကန်ဘဏ္ဍာရေးဌာနက အောက်တိုဘာ ၃၁ ရက်မှာ သီးခြားထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က စတင်သက်ရောက်မှုရှိမယ့် အရေးယူမှုတွေထဲမှာ   အမေရိကန် ကုမ္ပဏီတွေ၊ အမေရိကန်နိုင်ငံသားတွေအနေနဲ့   MOGE အပါအဝင် ပိတ်ဆို့ခံရတဲ့စာရင်းမှာပါဝင်တဲ့ ကုမ္ပဏီတွေနဲ့  မပတ်သက်ဖို့ ချေးငွေ၊ ဘဏ်၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးဝန်ဆောင်မှု ကုန်သွယ်စီးပွားကိစ္စတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

ဒါ့အပြင် အထူးသတ်မှတ် အရေးယူပိတ်ဆို့မှုအဖြစ်  စစ်လက်နက်ဝယ်ယူပေးတဲ့ ကုမ္ပဏီတွေနဲ့ ဆက်စပ်နေတဲ့ Sky Royal Hero ကုမ္ပဏီ၊ မြန်မာစစ်တပ်အတွက် လက်နက်ပစ္စည်းတွေ ဝယ်ယူပေးနေပြီး စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ စစ်တိုင်းအောင်ဆိုသူရဲ့ Suntac နည်းပညာကုမ္ပဏီ နဲ့ Suntac နိုင်ငံတကာကုန်သွယ်မှုကုမ္ပဏီ၊  စစ်ကောင်စီဝန်ကြီးတွေဖြစ်ကြတဲ့ ဦးချာလီသန်း၊ ဒေါက်တာ ကံဇော်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေအောင်၊ ဦးဇော်မင်းတို့အပြင်  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ကို ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

အခုလို ပိတ်ဆို့ဒဏ်ခတ်မှုဟာ  မြန်မာပြည်သူတွေအပေါ်  မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ လက်နက်တွေဝယ်ယူမှုကို လျှော့ကျသွားအောင် ရည်ရွယ်လုပ်ဆောင်တာလို့ အမေရိကန်က ဆိုပါတယ်။

MOGE ဟာ မြန်မာစစ်တပ်အတွက် နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ အဓိက အရင်းမြစ်တခုဖြစ်ပြီး စစ်တပ်ကို နှစ်ဝင်ငွေ ဒေါ်လာသန်းရာနဲ့ချီ ထောက်ပံ့ပေးနေကြောင်း၊ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ စစ်လက်နက်ပစ္စည်း  ဒေါ်လာ ၁ ဘီလီယံကျော်ဖို့ တင်သွင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလို ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီး ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး  အန်းမရီထရီဗဲလ်ရန်က “ မြန်မာပြည်သူပြည်သားတွေအပေါ် ကျူးလွန်တဲ့ စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ယူကေအစိုးရက ပြတ်သားစွာ ရှုတ်ချပါတယ်။ ကျမတို့ရဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ လက်တွဲပြီး မြန်မာနိုင်ငံက လက်နက်တင်သွင်းဖြန့်ဖြူးပေးသူတွေနဲ့ စစ်တပ်ကို ငွေကြေးထောက်ပံ့နေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေနဲ့ အပြီးသတ် ပိတ်ပင်လိုက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စစ်အစိုးရရဲ့ အဓိကရင်းမြစ်နဲ့ ၀င်ငွေရရှိနေတဲ့လမ်းကြောင်းတွေကို အကန့်အသတ်ဖြစ်စေပြီး ရက်စက်တဲ့တိုက်ခိုက်မှုတွေကို တားဆီးနိုင်စေဖို့ ရည်ရွယ်ပါတယ်”လို့ ထုတ်ပြန်ပြောပါတယ်။

ယူကေအစိုးရအနေနဲ့ မြန်မာစစ်တပ်အား တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေဖို့၊ မြန်မာနိုင်ငံမှာ တရားမျှတမှုရှိစေဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဆက်လက်တောင်းဆိုသွားမှာ ဖြစ်သလို ငြိမ်းချမ်းပြီး  ဒီမိုကရေစီရှိတဲ့အနာဂတ်ကို လိုလားမျှော်မှန်းကြတဲ့ မြန်မာပြည်သူပြည်သားတွေကို ယူကေက ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ပံ့ပိုးပေးသွားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းသိမ်းပြီးနောက်  ယူကေအစိုးရက  လူပုဂ္ဂိုလ် ၂၆ ဦးနဲ့ အဖွဲ့အစည်း ၂၉ ခု၊ စစ်တပ်ရဲ့ အဓိကလုပ်ငန်းစုကြီးနှစ်ခုနဲ့ လုပ်ငန်းခွဲ ၁၁၁ ခုကို ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဖမ်းဆီးထောင်ချ သတ်ဖြတ်၊ အရပ်သားတွေ ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့တာ၊၊ လူနေအိမ်တွေ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦတွေကို မီးရှို့ဖျက်စီးခဲ့တာတွေကြောင့် ပြည်သူ ၂ သန်းလောက် အိုးအိမ်တွေကို စွန့်ခွာ စစ်ဘေးရှောင်နေကြရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013