DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ ၂,၈၀၀ ပြန်လက်ခံရန် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် သွားရောက်
DVB
·
October 31, 2023
ရိုဟင်ဂျာ ၂,၈၀၀ ပြန်လက်ခံရန် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် သွားရောက်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးလည်းဖြစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးစောနိုင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ နေရပ်စွန့်ခွာသွားတဲ့ ရိုဟင်ဂျာ ၂,၈၀၀ ပြန်လည်လက်ခံဖို့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်နေတယ်လို့ ပြန်လည်လက်ခံရေး တာဝန်ရှိတွေထံက သိရပါတယ်။

ဒုက္ခသည်ပြန်လည်နေရာချထားပေးရေး တာဝန်သူတဦးက  “အဓိကကတော့ မြန်မာဘက်ကို ပြန်လာချင်လို့ စာရင်းပေးထားတဲ့ မိသားစုတွေနဲ့ တွေ့ဆုံသွားမှာ။ သူတို့ပြန်လာနိုင်ဖို့ စီစဥ်ဆောင်ရွက်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ အသေးစိတ် ဆွေးနွေးသွားဖို့ရှိတယ်။ ဒီပွင့်လင်းရာသီမှာ နေရပ်စွန့်ခွာသူ ၂,၈၀၀ လောက်အထိ လက်ခံဖို့ ပြင်ဆင်ထားတယ်။”

ဦးစောနိုင် ဦးဆောင်တဲ့အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတဦး ပါဝင်ပြီး စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်နဲ့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေဦးနဲ့ တခြား လ.ဝ.က အရာရှိတွေ လိုက်ပါသွားခဲ့ကြပါတယ်။

မြန်မာဘက်မှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်တွေကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြရတဲ့ ရိုဟင်ဂျာ ၆ သိန်းကျော်အနက် ၂,၈၀၀ ကို ပြန်လည်ခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။

အဲဒီလို ပြန်လည်လက်ခံပြီး နေရာချထားပေးရာမှာ မောင်တောတောင်ပိုင်း ကျေးရွာတွေ မပါဝင်ဘဲ မောင်တောမြောက်ပိုင်းက ကျေးရွာ ၁၅ ရွာအထိသာ ပြန်လည်နေရာချထားပေးဖို့ စီစဥ်ထားကြောင်း တာဝန်သူတဦးက ဆိုပါတယ်။

“ပြန်လည်ဝင်ရောက်လာသူတွေကို မောင်တောမြောက်ပိုင်းက ကျေးရွာ ၁၅ ရွာမှာပဲ ပြန်လည်နေရာချထားပေးဖို့ စီစဥ်ထားတယ်။ တောင်ပိုင်းကျေးရွာတွေ မပါဘူးဗျ။ မြောက်ပိုင်းမှာပဲ ချပေးသွားမှာ။”

မောင်တောမြောက်ပိုင်းက စစ်ကောင်စီ ပြန်လည်နေရာချထားမယ့် ကျေးရွာတွေမှာ လှဖိုးခေါင်၊ သဲချောင်း၊ ကျောက်လှေကား၊ သက်ကယ်ပြင်၊ ဒါးကြီးစား၊ စံပယ်ကုံး၊ ဒိုးတန်း၊ ဘင်္ကာဂုံးနား၊ ကြိမ်ချောင်းတောင်၊ ကျောက်ပြင်ဆိပ်အရှေ့၊ ကျောက်ပြင်ဆိပ်အနောက်၊ ကျောက်ပြင်ဆိပ်တောင်၊ ပွင့်ဖြူချောင်း၊ ကျွန်းပေါက်ပြင်စုနဲ့ မြို့မိချောင်းတို့ ဖြစ်တယ်လို့ ထွေအုပ်စာရင်းများအရ သိရပါတယ်။

မတ်လ ၁၅ ရက်ကလည်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာဘက် ပြန်လာနိုင်ရေး တွေ့ဆုံစည်းရုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013