Home
မြန်မာသတင်း
ထားဝယ်ခရိုင်က စစ်ဘေးသင့်ကလေးများကို သန်ချဆေးတိုက်ပြီး ကျန်းမာရေး အသိပညာပေး
DVB
·
October 21, 2023

ထားဝယ်ခရိုင်ထဲက ကျေးရွာတရွာမှာ စစ်ဘေးဒဏ်သင့် ကလေးသူငယ်တွေကို သန်ချဆေးတိုက်ပြီး ကျန်းမာရေးအသိပညာပေးခဲ့တယ်လို့ ‌ဒေါနတနင်္သာရီ-စစ်ရှောင်များ အထောက်အကူပြုအဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။

အဲဒီရွာက စာသင်ကျောင်း ၂ ကျောင်းမှာ လာရောက် သင်ကြားနေတဲ့ အသက် ၂ နှစ်နဲ့ အထက် ကလေးသူငယ်တွေကို သန်ကောင် တုတ်ကောင်တွေနဲ့ ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးခဲ့သလို ဗလာစာအုပ်တွေလည်း ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

သန်ကောင် တုတ်ကောင်တွေအကြောင်း သိသင့်သိထိုက်တာတွေကို အသိပညာ ပေးတာ၊ ဆွေးနွေးပွဲတက်‌လာသူတွေအထဲက သိလိုတာတွေကို မေးမြန်းတာနဲ့ ကလေးသူငယ်တွေကို မေးခွန်းတွေမေးမြန်းပြီး ဆုပေးတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့သလို ကလေးငယ် ၂၃၈ ယောက်ကို သန်ချဆေး တိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကလေးငယ်တွေထဲကမှ ကျောင်းနေအရွယ် ကလေးငယ် ၁၉၈ ယောက်ကို တယောက်ကို ဗလာစာအုပ် ၅ အုပ်နှုန်းနဲ့ စာအုပ်ပေါင်း ၉၉၀ ကိုလည်း မျှဝေ ကူညီပေးတယ်လို့ သိရပါတယ်။

ဒေါန-တနင်္သာရီစစ်ရှောင်ကူညီ‌ရေးအဖွဲ့ တာဝန်ခံတယောက်က “သန်ချဆေး တိုက်ကျွေး ဖြစ်တာကတော့ ကလေးငယ်တွေရဲ့ ဒေသလိုအပ်ချက်အရပါ။ ကလေးငယ်တွေမှာ သန်ချဆေးမသောက်ရတာ ၃ နှစ်ကျော်နေပြီ။ သံထတာတွေလည်း များနေတယ်ပေါ့။ ဒါကြောင့် သန်ချဆေးတိုက်ကျွေးဖြစ်တာပါ။ ဒီလို သန်ချဆေး တိုက်ကျွေးတဲ့ အခါမှာလည်း ဆေးတိုက်ပြီးတာနဲ့ ပြီးသွားတယ်ဆိုတာမျိုး မဟုတ်ဘဲ ကလေးငယ်တွေ ကိုယ်တိုင်မှာရော၊ ကလေးအုပ်ထိန်းသူတွေမှာပါ သန်ကောင် တုတ်ကောင် အန္တရာယ်က ဘယ်လို ကာကွယ်ကြရမလဲ၊ သန့်ရှင်းစွာနဲ့ ဘယ်လိုနေထိုင်ကြမလဲ စသဖြင့် အသိလေးတွေ ရှိသွားပြီး ကိုယ်တိုင်ဂရုစိုက်နိုင်အောင်၊ ကာကွယ်လို့ရအောင် ကျန်းမာရေး အသိပညာရေး အစီအစဉ်လေးပါ တွဲဖက်ပြီး လုပ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲဒီစာသင်ကျောင်းတွေဟာ စစ်ဘေးဒဏ်သင့်‌နေတဲ့ ကျေးရွာကနေ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေဖြစ်ပြီး ပညာသင်ကြားရေးပိုင်းမှာတော့ NUG ရဲ့ ပညာရေးမူဝါဒတွေ၊ လမ်းညွှန်ချက်တွေ၊ သင်ရိုးညွှန်းတမ်းတွေနဲ့အညီ သင်ကြား ပို့ချပေးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီကျောင်းတွေမှာ စာသင်‌ကြားနေတဲ့ ကလေးငယ်တွေဟာ တိုက်ပွဲဒဏ်တွေအပြင် စစ်ကြောင်းထိုးဝင်ရောက်တာတွေနဲ့ ဖိနှိပ်ချုပ်ချယ်ခံရတာတွေကြောင့် စားသောက်ဖို့ အတွက် အခက်အခဲတွေကြုံတွေ့နေကြရပြီး ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက် တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ရှောင်ကူညီ‌ရေးအဖွဲ့ တာဝန်ခံတယောက်က “စစ်ရှောင်ကလေးတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်ဘေးဒဏ်သင့်ကလေးတွေပါ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေစိုက်တဲ့ဒေသဖြစ်လို့ မကြာခဏ စစ်ကြောင်းထိုးတာမျိုးတွေရှိပါတယ်။ စစ်ကြောင်းမထိုးတဲ့အချိန်တွေမျိုးဆိုရင်လည်း အဲဒီနယ်မြေက ပြည်သူတွေက လွတ်လွတ်လပ်လပ်သွားလာဖို့၊ ရောင်းဝယ်ဖောက်ကားဖို့ကလည်း လမ်းပန်း ဆက်သွယ်ရေးကလည်း အဆက်မပြေဖြစ်တော့ ဝင်ငွေက အရမ်းအခက်အခဲ နေကြတာ ရှိပါတယ်” လို့ ဆက်ပြောပါတယ်။

ကျန်းမာရေးပိုင်းမှာတော့ လတ်တလောမှာ တည်ငြိမ်မှုရှိနေပေမဲ့ လာမယ့်ရက်ပိုင်းတွေ အတွင်းမှာ ရာသီအကူးအပြောင်း ဖြစ်ပေါ်လာနိုင်တဲ့အတွက် ရာသီတုပ်ကွေးရောဂါနဲ့ ကျန်းမာရေးပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒေါနတနင်္သာရီ-စစ်‌ရှောင်အထောက်အကူပြုအဖွဲ့အ‌နေနဲ့ ဒေသတွင်း လိုအပ်ချက်တွေနဲ့ ရောဂါဖြစ်ပွားမှုတွေအပြင် ရာသီဥတုအခြေအနေတွေအရ ပြည်သူလူထုအတွက် လိုအပ်တဲ့ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေနဲ့ ကာကွယ်ရေးလုပ်‌ငန်းတွေကို ထပ်လုပ်သွားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024