DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းဈေးသည်များကို မှတ်ပုံတင်ခိုင်းသဖြင့်  လုပ်ငန်းများ ရပ်တန့်နိုင်
DVB
·
October 16, 2023
အွန်လိုင်းဈေးသည်များကို မှတ်ပုံတင်ခိုင်းသဖြင့်  လုပ်ငန်းများ ရပ်တန့်နိုင်
Donate to DVB

အွန်လိုင်းမှာ အရောင်းအ၀ယ်လုပ်သူတွေအားလုံးကို မှတ်ပုံတင်ဖို့ စစ်ကောင်စီက  ကြေညာ ထားပေမယ့် တနိုင်တပိုင် လုပ်ကိုင်သူတွေက မှတ်ပုံတင်ဖို့ တွေဝေနေဆဲဖြစ်ပြီး တချို့ကတော့ လုပ်ငန်းရပ်ဖို့ စဉ်းစားနေကြတယ်လို့ အွန်လိုင်းမှာ အရောင်းအ၀ယ်လုပ်သူတွေက ပြောပါတယ်။

အွန်လိုင်းအသုံးပြုပြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ရောင်းချလုပ်ကိုင်သူတွေအားလုံးက မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတာပါ၊

မြန်မာနိုင်ငံက  အွန်လိုင်းအရောင်းလုပ်ငန်း အများစုက တနိုင်တပိုင် လုပ်ငန်းတွေဖြစ်တဲ့အတွက် မှတ်ပုံတင်ဖို့ အခက်အခဲတွေရှိနေသလို နောက်ပိုင်း အရောင်းအဝယ်တွေ မကောင်းတဲ့အတွက် လုပ်ငန်းရပ်ဖို့ စဉ်းစားနေကြတယ်လို့ အွန်လိုင်းက စားသောက်ကုန်‌ ရောင်းချသူနေသူ တစ်ယောက်က ပြောပါတယ်။

“မှတ်ပုံတင်တာက တင်လိုက်လို့ရတယ်ပေါ့။ ဒါပေမဲ့ နောက်ပိုင်း ကိုယ့်ရဲ့ လုံခြုံရေးအတွက်က လုံခြုံမှုရှိတော့မှာ မဟုတ်ဘူးပေါ့နော်။ အဲဒါမျိုးတွေတင်ဖို့ကို နည်းနည်းတော့ စဉ်းစားနေသေးတယ်။ သူများတွေ အခြေအနေလည်း စောင့်ကြည့်နေတာပေါ့နော်။ online shop ဆိုတာက တနိုင်ပိုင်လုပ်ကြတာ များတယ်ပေါ့နော်။ tax တွေ ဘာတွေ ကောက်လာတဲ့အခါကျရင် ဝင်ငွေနဲ့ ရတဲ့အမြတ်က ဘာမှမဟုတ်ဘူး အမြတ်က ဘာမှ မရှိတော့ဘူးလေ။ ပြီးတော့ အခုနောက်ပိုင်းက အရင်လိုမျိုးလည်း ရောင်းမကောင်းတော့ဘူးလေ။ လူတွေက အရင်လောက် သိပ်မသုံးကြတော့ဘူး။ ငွေမဖြုန်းနိုင်ကြတော့ဘူး။ ကုန်ဈေးနှုန်း အတက်အကျတွေ ကြမ်းနေတာ ဆိုတော့လေ။ အဲဒီ မဖြစ်မနေ တင်သင့်၊ မတင်သင့်ဆိုတာကို လုပ်ငန်းရဲ့ အမြတ်အပေါ် မူတည်ပြီးပဲ ဆုံးဖြတ်ရမှာပေါ့နော်။ ရတဲ့အမြတ်နဲ့ သူတို့ကိုဆောင်ရတဲ့ အခွန်နဲ့ ဘာမှမကွာဘူးဆိုရင်တော့ လုပ်ငန်းကို ရပ်လိုက်ဖို့ စဉ်းစားထားတယ်။”

အွန်လိုင်းကနေ ရောင်းချတဲ့လုပ်ငန်း လုပ်ကိုင်သူအများစုကတော့ မှတ်ပုံတင်ပြီး နောက်ဆက်တွဲအနေနဲ့ အခွန်အကောက်ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုထားတာ မရှိတဲ့အတွက် စိတ်ပူပန်နေကြတာပါ။

မှတ်ပုံတင်ခိုင်းသလို အင်တာနက်မကောင်းတာ လျှပ်စစ်မီးမမှန်တာတွေအတွက် တာဝန်ယူပေးဖို့ လိုအပ်တယ်လို့ Online sale လုပ်ကိုင်သူတွေက ပြောပါတယ်။

အွန်လိုင်းအရောင်း လုပ်ငန်းဆက်လက်လုပ်ကိုင်ဖို့အတွက် မဖြစ်မနေ မှတ်ပုံတင်ရမှာဖြစ်ပေမဲ့ အမြတ်နည်းတဲ့ လုပ်ငန်းတွေအတွက် အတင်းအကြပ် အခွန်ကောက်ခံမယ်ဆိုရင် လုပ်ငန်းရပ်ဖို့ စဉ်းစားထားတယ်လို့ အွန်လိုင်းကနေ ဒေသထွက်ကုန်တွေ ရောင်းချနေသူတစ်ယောက်က ပြောပါတယ်။

“အစ်မ အထင်တော့ အဓိက  သူတို့လုပ်ချင်တာ ဒီလုပ်ငန်းတွေဆီက  ပိုက်ဆံ ဘယ်လိုနည်းနဲ့ တောင်းရမလဲဆိုတာ ခေါင်းစဉ်တပ်တာပဲပေါ့။ တကယ်တမ်းပြောရရင် အခုက သူတို့လက်ခုပ်ထဲကရေ ဖြစ်နေကြတာဆိုတော့ တကယ့်ဘေးကြပ်နံကြပ်ဖြစ်နေတာ။ တကယ်လည်း ပိုပြီးခက်ခဲလာနေတာ။ အစ်မတို့ အလုပ်လေးဆို တပိုင်တနိုင် အိမ်တွင်းမှု အလုပ်လေး လုပ်နေတာဆိုတော့ ငွေအများကြီးနဲ့ ရင်းနှီးလည်ပတ်နေတာမဟုတ်ဘူး။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ပြီး လုပ်နေရတာ။ တခါတခါ အမြတ်ဆိုလည်း မြင်ရတာမဟုတ်ဘူး။ အဲဒီကြားထဲက သူတို့ ဆက်ကြေးတောင်းသလိုတွေ လုပ်လာရင်တော့ လုပ်ငန်းကို ရပ်ပစ်ရင် ရပ်ရမှာပဲ။ ဒါမှမဟုတ်ရင်  ဆက်လုပ်ဖြစ်မယ်ဆိုရင်တော့  လိုင်စင်လျှောက်ဆိုလည်း လျှောက်ရမှာပေါ့။ ဒါပေမဲ့ အစ်မက အခုထိတော့ စဉ်းစားနေတုန်း လျှောက်တော့ မလျှောက်ရသေးဘူး။”

အောက်တိုဘာ ၂ ရက်ကနေ ဒီဇင်ဘာ၃၁ ရက်အထိ ကို အွန်လိုင်းကနေ e-commerce system နဲ့ အခမဲ့ မှတ်ပုံတင် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အသိပညာပေးကာလ ကျော်လွန်တဲ့ရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းပြီး ကိုယ်တိုင် အွန်လိုင်းကနေ မှတ်ပုံတင်နိုင်မှာလည်း ဖြစ်ပါတယ်။

ပြည်တွင်းမှာတင်မကဘဲ ပြည်ပမှာရှိနေတဲ့ ဘယ်လိုလုပ်ငန်းမျိုးမဆို မြန်မာပြည်တွင်း နေထိုင်သူကို ဦးတည်ရောင်းချနေတယ်ဆိုရင် မှတ်ပုံတင်ရမယ်လို့ ဆိုထားပါတယ်၊ 

ထုတ်ပြန်ချက်ထဲမှာတော့ တစ်နှစ် တကြိမ် ပြန်လည်မှတ်ပုံတင်သက်တမ်းတိုးဖို့သာ ဖော်ပြထားပြီး တခြားအခွန်အကောက်ကိစ္စတွေတော့ ဖော်ပြထားတာမရှိပါဘူး။

ဇူလိုင် ၂၁ ရက်ကစလို့ ၆ လပြည့်တဲ့အနေ့အထိ မှတ်ပုံတင်ထားတာမရှိဘဲ အွန်လိုင်းကနေ အရောင်းအဝယ်ပြုလုပ်နေသူတွေကို အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013