DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် လူသားချင်းစာနာမှုအကူအညီ တနှစ် ဒေါ်လာ ၁ သန်းခွဲခန့် လိုအပ်နေ
DVB
·
September 22, 2023
ကရင်နီတွင် လူသားချင်းစာနာမှုအကူအညီ တနှစ် ဒေါ်လာ ၁ သန်းခွဲခန့် လိုအပ်နေ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်မှာ တနှစ်ကို လူသားချင်းစာနာမှုအကူအညီ အမေရိကန် ဒေါ်လာ တသန်းခွဲလောက် လိုအပ်နေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က  ထုတ်ပြန်ပါတယ်။

စစ်ဏာသိမ်းပြီးနောက် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကရင်နီပြည်နယ် နေရာအနှံ့ တိုက်ပွဲတွေ၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ကရင်နီအရပ်သားတွေ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး  ဆိုးရွားစွာ သက်ရောက်မှုရှိလို့ လူသားချင်းစာနာမှုအကူအညီ နည်းပါးမှုကြောင့်လည်း အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။

စက်တင်ဘာ ၂၁ ရက်က ပြုလုပ်တဲ့  ကရင်နီပြည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အခြေအနေနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး (၂)- ဗညားခွန်အောင်က ပြောပါတယ်။

“ကျနော်တို့ လက်ရှိအခြေအနေမှာ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေက တဆထက်တဆ တိုးလာတာပေါ့။ လျော့သွားတာမရှိဘူး။ အဲဒါကို သိစေချင်တယ်။ နံပါတ် ၂ က စစ်ပွဲတွေ အရမ်းပြင်းထန်တယ်။ အဲဒါကြောင့်မို့ humanitarians နဲ့ ဆက်စပ်ပြီး‌တော့မှလည်း တဖြည်းဖြည်း ကျပ်တည်းလာတယ်ပေါ့နော်။ ပြီးတော့ လူဦးရေဘယ်လောက်ကို ကျွေးမွေးပြီးတော့ အစာအာဟာရကို လိုအပ်လဲဆိုတဲ့ဟာတော့ သိစေချင်တယ်။ ဒုတိယတချက်က အကူအညီတွေကို ပေးတဲ့နေရာမှာ ကျနော်တို့က အမြဲတမ်းလိုလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို အမြဲတမ်းတောင်းဆိုခဲ့တာရှိတယ်။ ဒါပေမဲ့ တော်တော်များများ ထင်သလောက် အဆင်မပြေဘူးပေါ့နော်။ အထူးသဖြင့် UN agency ရဲ့ respond က ကျနော်တို့ ပြောပြောနေတဲ့ လူထုဆီ ရောက်ရှိဖို့အတွက် နောက်ပြီးတော့မှ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်က အရမ်းကိုအားနည်းတယ်။ စစ်ကောင်စီနဲ့ဆက်ပြီးတော့မှ အလုပ်လုပ်တယ်။ စစ်ကောင်စီနဲ့ ဆက်ပြီးတော့မှ MOU ထိုးခြင်းဟာလည်း Humanitarian crisis ကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့ဟာလည်း သိစေချင်တယ်ပေါ့နော်။ ”

လက်ရှိအချိန်အထိ ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်း ၂၀၀ ကျော်ရှိပြီး အရပ်သားပြည်သူ  ၂၅၀,၀၀၀ လောက်အိုးအိမ်မဲ့ဖြစ်ခဲ့ရကာ အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ရကြောင်း ကရင်နီပြည်ရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာအဖွဲ့ရဲ့ အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါပြည်တွင်းနေရပ်စွန့်ခွာရသူ အရပ်သားပြည်သူတွေကို လက်လှမ်းမီနိုင်တဲ့  နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီတွေ အရမ်းနည်းပါးနေပြီး စစ်ဘေးရှောင်စခန်းတွေမှာ  စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ရိက္ခာမဟုတ်သော ပစ္စည်းတွေ ပြတ်လပ်နေကာ အကူအညီတွေ အရေးပေါ် အလိုအပ်နေကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင် အိုင်ဒီပီ  တသိန်းခွဲအတွက် နှစ်စဉ် ဒေါ်လာ ၁,၄၅၇,၁၀၀ လိုအပ်နေကြောင်း၊ လူပေါင်း တသိန်းခွဲအတွက် လစဉ်ဆန် အိတ် ၅၀,၀၀၀၊ စားသုံးဆီတယောက်ကို ၀ ဒသမ ၇၅ လီတာနဲ့ ဆာ ၀ ဒသမ ၂၅ ကီလို လိုနေကြောင်းလည်း အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖော်ပြပါတယ်။

တခြားအိမ်အသုံးဆောင်ပစ္စည်းတွေဖြစ်တဲ ယာယီအမိုးအကာတဲအတွက်နဲ့ စောင်တွေဟာလည်း တနှစ်ကို မိသားစု ၃၀၀၀၀ အတွက် ဒေါ်လာ  ၄၅၄,၂၅၀ လိုအပ်နေကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် တကိုယ်ရေသန့်ရှင်းရေးအတွက် ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာနဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေအတွက်လည်း လစဉ် အမေရိကန်ဒေါ်လာ ၂၁၄, ၂၅၈ လိုအပ်နေပါတယ်။

ကရင်နီပြည်နယ်တွင်း သိန်းချီရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက် ကူညီနိင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းနဲ့ အကူညီပေးရေးအဖွဲ့တွေအနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို  ပြန်လည်သုံးသပ်ပြီး တခြား နည်းလမ်းနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးနိုင်အောင်နဲ့ နယ်စပ်မှာ အခြေစိုက်တဲ့ အန်ဂျီအို၊ အိုင်အန်ဂျီအိုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပိုမိုကူပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရကိုလည်း  လူသားချင်းစာနာမှုအကူအညီတွေ ဆက်ပြီးတော့မှ ပေးနိုင်ရေး  လမ်းကြောင်းတွေဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လက်ရှိထိုင်းနယ်စပ်ကိုရောက်လာတဲ့ စစ်ဘေးရှောင်တွေကို လက်ခံထားဖို့အတွက် ရယ်ပေါ့နော်။ ပြီးတော့မှ တပြိုင်နက်ထဲ သူတို့ကို ပြန်မပို့သေးဖို့အတွက် နေရာထိုင်ခင်း အဆင်ပြေတဲ့ခြေအနေမရှိသေးတဲ့ အထူးသဖြင့် ကျနော်တို့ ကရင်နီပြည်ထဲမှာ စစ်ရေးနိုင်ငံရေးအရ မတည်ငြိမ်သေးတဲ့ အချိန်ကာလအထိ စောင့်ဆိုင်းပေးဖို့ အတွက်ပါတာပေါ့နော်။ နောက် တခြားအချက်တွေကျတော့ ကျနော်တို့ Humanitarian assistant ကိုလည်း ဆက်ပြီးတော့မှ ကျနော်တို့ ဒီထိုင်းနိုင်ငံထဲမှာ ရောက်တဲ့သူဖြစ်စေ၊ နယ်စပ်မှာ ရောက်တဲ့သူဖြစ်စေ၊ ပေးနိုင်ဖို့အတွက် လမ်းကြောင်းတွေဖွင့်ပေးဖို့၊ သို့မဟုတ် humanitarian ပေးနိုင်အောင် စီမံခန့်ခွဲဖို့အတွက်ပေါ့နော်။ နောက်တခုက safe zone ထိုင်းနိုင်ငံထဲမှာ သေချာတဲ့ humanitarian safe zone တခုကို လုပ်ဆောင်ဖို့အတွက် တောင်းပါတယ်။” 

မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာ သူဦးရေဟာ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013