
ဖယ်ဒရယ်ယူနစ်တခုအဖြစ် ကော်သူးလေပြည်ကို အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ပြောခွင့်ရသူ ပဒိုစောတောနီးက ဒီဗွီဘီကို ပြောပါတယ်။
ဩဂုတ် ၁၀ ရက်ကကျင်းပတဲ့ ကေအန်ယူဗဟိုကော်မီတီသစ်ရဲ့ ရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲမှာ ကော်သူးလေပြည်နယ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြေညာပြီးနောက် အခုကော်သူးလေပြည်ကို ဖော်ဆောင်နေတာလို့ ပဒိုစောတောနီးက ဒီဗွီဘီနဲ့ မေးမြန်းမှုမှာ ထပ်လောင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။
ပဒိုစောတောနီးက “ကျနော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဒီတိုင်းပြည်ကို ဖယ်ဒရယ်ဒီမိုကရေစီနဲ့ တည်ဆောက်မှာဖြစ်တဲ့အတွက် ဖယ်ဒရယ်အရဆိုရင် ကျနော်တို့ ပြီးခဲ့တဲ့ ရှိတဲ့အစိုးရအဖွဲ့၊ ရှိတဲ့စစ်တပ်တွေနဲ့ ကျနော်တို့ ညှိနှိုင်းခဲ့တယ်။ ဒါပေမဲ့ ဘာမှ အဖြေရလဒ်တွေ မထွက်လာဘူး။ အဲဒါကြောင့်မို့လို့ ဒီနေ့ဒီကာလမှာ ဒီလို ညှိနှိုင်းနေတာထက် ကိုယ်မှာ ဘာဖြစ်လို့လဲဆိုတော့ ဖယ်ဒရယ်ပြည်ထောင်စုတခု တည်ဆောက်မယ်ဆိုရင်အဓိက အောက်ခြေကအဓိက ဖြစ်တယ်ဆိုတာ ဘယ်ပြည်ထောင်စုမဆို သွားကြည့်ပါ။ အဲဒါကြောင့်မို့ ကျနော်တို့ အောက်ခြေကပဲ အဓိကထားပြီး အောက်ခြေက တက်လာတဲ့ အနေအထားမှာ ကျနော်တို့က ကော်သူးလေပြည် ဆိုပြီးတော့ အဲဒီမှာ ကျနော်တို့ ဒီနေ့ ဒီအချိန်ကစပြီးတော့ အဲဒါ အကောင်အထည်ဖော်တော့မယ်။ ဆိုတဲ့အခါမှာ ကျနော်တို့ ဘယ်အပေါ်မှာပဲ အခြေပြုမလဲဆိုတော့ ကျနော်တို့ ရှိထားတဲ့ ခရိုင် ၇ ခရိုင်မှာ အခြေပြုပြီးတော့ အဲဒီမှာ ထိတွေ့ဆက်စပ်နေတဲ့လူမျိုးအားလုံး၊ အထူးသဖြင့် ကျနော်တို့ ထိတွေ့ဆက်စပ်နေတဲ့ ဗမာလူမျိုးရော၊ ရှမ်းလူမျိုး၊ ပအိုးဝ်ရော၊ နောက်ပြီးတော့ မွန်လူမျိုးရော ကျနော်တို့ ထိစပ်နေရာမှာ ရှိသမျှအားလုံးနဲ့ ကျနော်တို့ ထိတွေ့၊ အထူးသဖြင့် ဆွေးနွေးတိုင်ပင်ကြပြီးတော့ အဲဒီ ကော်သူးလေပြည်ကို ဘယ်လိုတည်ဆောက်ကြမလဲ၊ အဓိက ကျနော်တို့ ကော်သူးလေးပြည်ဟာ ဒါ ဖယ်ဒရယ်တခုလုံးမှာ ကျနော်တို့ ရှိထားတဲ့ ယူနစ်တခုပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီဟာကို ခိုင်ခိုင်ခံ့ခံ့တည်ဆောက်မယ်။ ပြည်နယ်တွေအားကောင်းမယ်၊ အဲဒီကတဆင့် ပြည်ထောင်စု တည်ဆောက်ဖို့ အင်တိုက်အားတိုက်ဖြစ်သွားမယ်၊ အားကောင်းမောင်းသန် ဖြစ်သွားမယ်လို့ ကျနော်တို့ ယုံကြည်တဲ့ပေါ်မှာ ဒါ ကျနော်တို့ အကောင်အထည်ဖော်မယ်” လို့ ပြောပါတယ်။
လက်ရှိ ကေအန်ယူ ထိန်းချုပ် အုပ်ချုပ်စီမံကွပ်ကဲနိုင်တဲ့ ဒေသအားလုံး ပါဝင်တဲ့ နယ်မြေအကျယ်အဝန်းနဲ့ တည်ဆောက်ထားတဲ့ ခရိုင် ၇ ကို ကော်သူးလေပြည်အဖြစ် သတ်မှတ် အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
ကေအန်ယူ ထိန်းချုပ်ခရိုင် ၇ ခုကတော့ တပ်မဟာ ၁ သထုံခရိုင်၊ တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၄ မြိတ်/ထား ဝယ်ခရိုင်၊ တပ်မဟာ ၅ မူတြော်ခရိုင်၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်၊ တပ်မဟာ ၇ ဘားအံခရိုင်တွေဖြစ်ပြီး ဒီနေရာတွေကို ကော်သူးလေပြည်အဖြစ် သတ်မှတ်ကောင်အထည်ဖော်ဆောင်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကော်သူးလေရဲ့ နယ်နိမိတ်ကိုတော့ တိတိကျကျတိုင်းတာ သတ်မှတ်ထားတာ မရှိသေးပါဘူး။
ကော်သူးလေအရေးတက်ကြွလှုပ်ရှားသူ နော်ဇဲဘာဖောက “ကော်သူးလေ ပြည်နယ် တည်ဆောက်မှုမှာ နိုင်ငံရေးအရ စနစ်တွေ တည်ဆောက်နေမှုနဲ့ စစ်ရေးအရ နယ်မြေစိုးမိုးနိုင်မှု တည်ဆောက်မှုတွေကို အခုဆက်သွားနေတာဖြစ်ပါတယ်။ ဆက်ပြီးတော့မှ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးပိုင်းမှာလည်း နိုင်ငံရေးကနေပြီးတော့မှ လုပ်ဆောင်ချက်တွေ ရှိနေသလိုမျိုး စစ်ရေးအရလည်း စစ်ရေးအပိုင်းမှာ နိုင်ငံရေးရဲ့ မူချမှတ်ထားတဲ့အရာတွေကို ဖော်ဆောင်နေတာလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်လောက်ထိ ပြီးပြီလဲဆိုတာ ရာခိုင်နှုန်းအားဖြင့် ပြောပြဖို့တော့ ခက်ပါသေးတယ်”လို့ ပြောပါတယ်။
အရင်ဘိုးဘွား အစဉ်အဆက်ကရင်လူမျိုးတွေ နေထိုင်လာခဲ့တဲ့နေရာကို ကော်သူးလေအနေနဲ့ သတ်မှတ်ခဲ့တာ ရှိပြီးသားဖြစ်တယ်လို့လည်း နော်ဇဲဘာဖောက ပြောပါတယ်။
“ကော်သူးလေ တည်ဆောက်မှုလို့ ပြောရင် အပိုင်း နှစ်ပိုင်းရှိပါတယ်။ state building တည်ဆောက်ခြင်းနဲ့ Nation building တည်ဆောက်ခြင်းဆိုပြီးတော့ နှစ်ပိုင်းရှိပါတယ်။ state ကတော့ နိုင်ငံရေးအတိုင်းတာနဲ့ နယ်မြေတည်ဆောက်ခြင်းဖြစ်ပါတယ်။ Nation building ကတော့ National sprite တည်ဆောက်ဖြစ်ဖြစ်ပါတယ်။ အဲတော့ ကော်သူးလေ National Spriture ကတော့ a Land without evil မကောင်းမှုတွေ ကင်းစင်သော နယ်မြေနေရာလို့ အဓိပ္ပါယ်ရပါတယ်။ ကော်သူးလေပြည်နယ် state တည်ဆောက်ရင်တော့ လက်ရှိ ကော်သူးလေ အစိုးရက စိုးမိုးအုပ်ချုပ်နိုင်တဲ့နယ်မြေတွေကို ကော်သူးလေ ပြည်နယ်လို့ ဖြစ်ပါတယ်။ စနစ်ကတော့ နိုင်ငံရေးအရ တရားမျှတပြီးတော့ တန်းတူညီမျှတဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာတွေကို လေးစားတန်ဖိုးထားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျကျ ကျင့်သုံးသင့်ပါတယ်။”
ကေအန်ယူအနေနဲ့ ကြိုးစားနေတဲ့ ကော်သူးလေပြည်နယ် သို့မဟုတ် ယူနစ်ဟာ တရားမျှတရေး၊ တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတို့ကို အခြေခံကြောင်း ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကော်သူးလေပြည်နယ် တည်ထောင်ဖို့ ကြိုးစားနေတာဟာ ရှိပြီးသား နယ်နိမိတ်ကို တိုးချဲ့ဖို့ မဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုမှ ချဉ်းကပ်ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
“ကော်သူးလေပြည်နယ်” ဆိုတဲ့ အခေါ်အဝေါ်ဟာ ပြီးခဲ့တဲ့ ၁၉၆၄ ကနေ ၁၉၇၄ ကြားကာလတွေမှာ တရားဝင် သုံးစွဲမှုတွေ ရှိခဲ့ပါတယ်။
သမိုင်းကြောင်းအရ ဗြိတိသျှတို့ဆီက လွတ်လပ်ရေးရပြီးနောက် ကရင်အမျိုးသားတွေ နေထိုင်တဲ့ သံလွင်ခရိုင်နဲ့ ဆက်စပ်ဒေသတွေကို ကရင်ပြည်နယ်လို့ ၁၉၄၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။
ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ၁၉၆၄ မှာ “ကရင်ပြည်နယ်” လို့ ၁၇ နှစ်ခန့်ကြာ သတ်မှတ်ထားလာခဲ့တဲ့ နေရာကို ‘ကော်သူးလေပြည်နယ်’ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
၁၉၇၄ ခုနှစ်မှာတော့ ကော်သူးလေပြည်နယ် အမည်ကနေ ကရင်ပြည်နယ် အမည်သို့ ပြန်ပြောင်းသတ်မှတ်ခဲ့ပါတယ်။
“ကော်သူးလေပြည်နယ်” သို့မဟုတ် “ကရင်ပြည်နယ်” လို့ စည်းပုံအခြေခံဥပဒေ အဆက်ဆက်က သုံးစွဲခဲ့ပေမဲ့ အုပ်ချုပ်ရေးအပါအဝင် စီမံခန့်ခွဲမှုအားလုံးနီးပါးဟာ ရန်ကုန်နဲ့ နေပြည်တော်အခြေစိုက် ပြည်ထောင်စုအစိုးရတွေရဲ့ ဗဟိုချုပ်ကိုင်မှုအောက်မှာပဲ ရှိခဲ့ကြတာ ဖြစ်ပါတယ်။
အခုတဖန် ကော်သူးလေပြည်ကို ကရင်အမျိုးသားအစည်းအရုံးက ဖယ်ဒရယ်ဒီမိုကရေစီ အနှစ်သာရနဲ့ ဖော်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
သံလွင်ပြည်သူ့ရေးရာမူဝါဒအင်စတီကျုနဲ့ School of Governance and Public Administration တို့ကို တည်ထောင်ခဲ့တဲ့ လက်ရှိ School of Governance and Public Administration ရဲ့ အမှုဆောင်ဒါရိုက်တာ ဆရာစောကပီကတော့ ကော်သူးလေ အရွယ်အစားကတော့ စိတ်ကူးယဉ်ဆန်ပေမဲ့ အနာဂတ်မှာ ကော်သူးလေ ပြည်သူပြည်သားအားလုံး တန်းတူအခွင့်အရေး ရစေမယ့် အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး ယန္တရားတွေကို တည်ဆောက် ထားရှိဖိုလိုတယ်လို့ ပြောပါတယ်။
“ကော်သူးလေ အရွယ်အစားကတော့ ပိုပြီး စိတ်ကူးယဉ်ဆန်တယ်လို့ယူဆနိုင်သလို သမိုင်းကြောင်းအရ အခြေအတင် စကားများရမယ့် အနေအထားမျိုးလည်း ဖြစ်လာနိုင်ပါတယ်၊ လက်ရှိ ကေအန်ယူအုပ်ချုပ်နယ်မြေ အပေါင်း လက်ရှိ ကရင်ပြည်နယ်လို့ သတ်မှတ်ထားတဲ့ နယ်နိမိတ်အပြင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ရဲ့ နယ်မြေတချို့လည်း ပါဝင်ရမှာဖြစ်ပါတယ်။ ဘယ်လို(အကျယ်အဝန်းနဲ့) ကော်သူးလေကို တည်ဆောက် တည်ဆောက်ပါစေ ကရင်လူမျိုး တတမျိုးတည်းနေထိုင်တာမျိုးတော့ ဖြစ်နိုင်မယ်မထင်ပါ။ တခြားသော လူမျိုးများလည်း ရောပြွန်းနေထိုင်ကြတဲ့ ကော်သူးလေ ဖြစ်ပါလိမ့်မယ်။ လူမျိုးစုံနေထိုင်ရာ ကော်သူးလေကို အုပ်ချုပ်စီမံခန့်ခွဲဖို့ မတူကွဲပြားမှုတွေကို အသိအမှတ်ပြုလက်ခံတဲ့ အုပ်ချုပ်ရေးစနစ်မျိုးကို တည်ဆောက်ရမှာ ဖြစ်ပါတယ် — the State of Kawthoolei that accommodates cultural and language diversity ပေါ့။”လို့ပြောပါတယ်။
ကော်သူလေးပြည်မှာ အခွင့်ထူးခံ လူတန်းစားတစ်ရပ်ပေါ်မလာဖို့ အဖိနှိပ်ခံလူထုရယ်လို့ မဖြစ်စေဘဲ တန်းတူအခွင့်အရေးရစေဖို့ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း စောကပီက ပြောပါတယ်။
“အနာဂတ်ကော်သူးလေမှာ လူတစ်ဦးတစ်ယောက်စီရဲ့ ကြိုးစားအားထုတ် မှုနဲ့ အရည်အချင်းကိုအသိအမှတ်ပြု၊ သူ့ရဲ့သိမှုတတ်ကျွမ်းမှုအပေါ်မှာ မူတည်ပြီး အခွင့်အရေးပေးတဲ့ လူမှုအသိုက်အဝန်း Merit-based Society တစ်ခုကိုတည်ဆောက်နိုင်ဖို့လည်း အရေးကြီးပါတယ်။ အခွင့်ထူးခံ လူတန်းစားတစ်ရပ် မပေါ်ထွန်းလာဖို့လိုသလို သာမန်ပြည်သူတွေအနေနဲ့ အဖိနှိပ်ခံလူထုရယ်လို့ မခံစားရလေအောင်၊ ကော်သူးလေ ပြည်သူပြည်သား အားလုံး တန်းတူအခွင့်အရေးရစေမယ့် အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး ယန္တရားကို တည်ဆောက် ထားရှိရမှာဖြစ်ပါတယ်။ ကော်သူးလေရဲ့နယ်နိမိတ် သတ်မှတ်ရာမှာ အငြင်းပွါးစရာတွေ ညှိနှိုင်းဆောင်ရွက်ရမှာတွေ အများကြီးရှိနေပေမဲ့ တည်ဆောက်ရမယ် အုပ်ချုပ်ရေး စီမံခန့်ခွဲရေး ယန္တရားတွေကိုတော့ ကြိုတင်တွက်ဆထားလို့ရပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေလည်း အခုပဲစလုပ်ရတော့မှာပါ။ အချိန်တွေကုန်လွန်ခဲ့တာမှန်ပေမဲ့ အခုပဲစလိုက်ကြရင်တော့ မနှောင်းသေးဘူးလို့ပဲ ယူဆရပါတယ်။”
အခုတဖန် ကော်သူးလေပြည်ကို ကရင်အမျိုးသားအစည်းအရုံးက ဖယ်ဒရယ်ဒီမိုကရေစီ အနှစ်သာရနဲ့ ဖော်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ကော်သူးလေပြည်တည်ဆောက်မှုနဲ့ ပတ်သက်လို့ နယ်နိမိတ်သတ်မှတ်ချက်၊ အုပ်ချုပ်မှုနစ်တွေ အတွက် မေးခွန်းထုတ်စရာတွေဖြစ်ပေမဲ့ ဖယ်ဒရယ်စနစ်တခုအောက်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်တခု ဒါမှမဟုတ် ကော်သူးလေဆိုတာ ကရင်လူမျိုးတွေရဲ့ ရင်ထဲကနေ မြင်ယောင် တောင့်တနေတဲ့ ဖြူစင်တဲ့တိုင်းပြည်တခု ဖြစ်လာမယ်လို့ ကရင်အမျိုးသားတွေ မျှော်လင့်တောင်းတ ယုံကြည်ထားတဲ့ အရာဖြစ်လည်း ဖြစ်ပါတယ်။
Photo - KNU