DVB Logo
Home
မြန်မာသတင်း
ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်ခံရ
DVB
·
August 16, 2023
ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်ခံရ
Donate to DVB

ကေအန်ယူ တပ်မဟာ ၂ နယ်မြေ၊ တောင်ငူခရိုင်ရှိ ထိုလွီဝါး အထက်တန်းကျောင်းအုပ်လည်းဖြစ် ကရင်ပညာရေးနဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးသူလည်းဖြစ်တဲ့ နော်ဟေသီဂျူးကို ၂၀၂၂ ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ရွေးချယ် ချီးမြှင့်လိုက်ပါတယ်။

နော်ဟေသီဂျူးဟာ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှု ကျောင်းအုပ်ဆရာမဖြစ်ပြီး သူ့ရဲ့ ဦးဆောင်မှုကြောင့် ကျောင်းကို အငယ်တန်းကောလိပ်အဆင့်ကို တိုးချဲ့နိုင်ခဲ့သလို ကျောင်းသား ၈၂ ဦး၊ ဆရာ ၁၀  ဦး ရှိရာကနေ ကျောင်းသား ၇၀၀ နဲ့ ဆရာ ၃၀ ဦးအထိ တိုးချဲ့နိုင်ခဲ့ကာ လူငယ်တွေအတွက် ခေါင်းဆောင်မှုသင်တန်းတွေ ပံ့ပိုးပေးခဲ့သူဖြစ်တယ်လို့ ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာပါတယ်။

သူ့ကို Karen Student Network Group (KSNG) ကနေ အမည်စာရင်း တင်သွင်းခဲ့ပြီး ဖန်းဖောင်ဒေးရှင်းက သူ့ကို ရွေးချယ်ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

ဖန်းဖောင်ဒေးရှင်း တွဲဘက်တည်ထောင်သူနဲ့ ဒါရိုက်တာလည်းဖြစ် ပဒိုမန်းရှာလားဖန်းရဲ့ သမီးငယ်လည်းြဖစ်တဲ့ နန့်ဇိုယာဖန်းက “နော်ဟေသီဂျူးဟာ အသိအမှတ်ပြုမှုနဲ့ ပံ့ပိုးမှုနဲ့ ထိုက်တန်တဲ့ ထူးခြားပြောင်မြောက်တဲ့ လူငယ်ခေါင်းဆောင်တဦးပါ။ သူ့ရဲ့ခေါင်းဆောင်မှုဟာ  အမျိုးသမီးခေါင်းဆောင်တွေဟာ ကျမတို့အသိုင်းအဝိုင်းမှာ ဘယ်လိုပြောင်းလဲနိုင်တယ် ဆိုတာကို ပြသနေတာဖြစ်တယ်။ နော်ဟေသီဂျူးလို ငယ်ရွယ်ပြီး ထိရောက်တဲ့ ခေါင်းဆောင်တွေကို ရာထူးတိုး ပံ့ပိုးပေးခဲ့တဲ့ ဖခင်ကြီး ပဒိုမန်းရှာကို အမှတ်ရစေလိုပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

နော်ဟေသီဂျူးဟာ တောင်ငူမှာ မွေးဖွားကြီးပြင်းလာသူဖြစ်ပြီး ၁၀ တန်းအောင်မြင်ပြီးနောက် နယ်စပ်ဒေသ လူငယ်ခေါင်းဆောင်မှု ကောလိပ်ကျောင်းတွေမှာ ဆက်လက်ပညာသင်ယူအပြီး ၂၀၁၅ ခုနှစ် ကေအန်ယူ တပ်မဟာ ၂ ခေါင်းဆောင်တွေ ဦးဆောင်ဖွင့်လိုက်တဲ့ ထိုလွီဝါး ဆိုတဲ့ကျောင်းမှာ ကျောင်းဆရာမအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်စပြီး ကေအန်ယူနဲ့ အစိုးရအကြား အပစ်ခတ်ရပ်စဲပြီးတဲ့နောက်ပိုင်း ၂၀၁၅ ခုနှစ်မှာ တောင်ငူခရိုင်အတွက် အထက်တန်းကျောင်း လိုအပ်လို့ဆိုပြီး ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဒေသတွင်း မူလတန်းပြီးတဲ့ ကျောင်းသူကျောင်းသားတွေ ပညာဆက်လက်သင်ယူနိုင်ရေး အဆိုပါကျောင်းကို Grade 7 ကနေ Grade 12 ထိ စဖွင့်လှစ် ပညာသင်စေခဲ့ပါတယ်။

နော်ဟေသီဂျူးကတော့ ကျောင်းစတင်ဖွင့်လှစ်တဲ့ ၂၀၁၅ ခုနှစ်မှာကတည်းက ကျောင်းဆရာမ အနေနဲ့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုမှာ အဆိုပါကျောင်းကို ဦးဆောင်တဲ့ ကျောင်းအုပ်က ကျန်းမာရေးကြောင့် အနားယူခဲ့တဲ့အတွက် ထိုလွီဝါးရဲ့ ကျောင်းအုပ်အနေနဲ့ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ဦးဆောင်မှုနဲ့ ထိုလွီဝါးကျောင်းကို အထက်တန်းကျောင်းကနေပြီး Junior college အဖြစ် ကျောင်းကို အဆင့်မြှင့်ခဲ့ပါတယ်။ ဒီ ၂၀၂၃ ခုနှစ်မှာ‌တော့ အဆိုပါကျောင်းမှာ အထက်တန်းကျောင်း အပါအဝင် ကောလိပ်ကျောင်းသူကျောင်းသားပေါင်း ၁,၀၀၀ လောက် ပညာသင်ယူနေပါတယ်။

ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ရွေးချယ်ချီးမြှင့်တဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်းနဲ့ ဒီဆုရရှိခြင်းအားဖြင့် နဂိုကတည်းကမှ လုပ်ဆောင်နေတဲ့ အရာတွေကို ဆက်လုပ်ဖို့ တွန်းအားပေးစေတယ်လို့ နော်ဟေသီဂျူးက ပြောပါတယ်။

“ဒီဆုရတဲ့အပေါ်မှာ၊ မရခင်လည်း ကိုယ်လုပ်ရမယ့်ဟာ၊ လုပ်ချင်တဲ့အရာတွေ အများကြီး ရှိတာပေါ့နော်။ ကျမအနီးမှာရှိတဲ့ ကျမတို့လူထုဆိုရင် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ ဆိုလို့ရှိရင် အသိဉာဏ်တွေပိုင်းမှာ တိုးတက်စေချင်တယ်။ ပြီးရင် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာ ဆောင်ရွက်ချင်တဲ့အခါကျတော့ စာသင်ရင်းနဲ့ ကလေးတွေကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာကိုလည်း အမြဲတမ်း awareness လုပ်ပေးတယ်ပေါ့နော်။ နောက်ပြီး ကရင်လူမျိုးထဲမှာ မတရားဖိနှိပ်ခံရတဲ့ကိစ္စပေါ့နော်။ ကျမတို့ ငယ်ငယ်တုန်းက အဲလောက်မကြုံရပေမဲ့ အခုနောက်ပိုင်း ပိုပြီးသိလာတယ်။ အဲတော့ တတ်နိုင်တဲ့ဘက်က တဖက်တလမ်း ကိုယ်တတ်မြောက်ထားတဲ့ ပညာကို တဖက်တလမ်းကနေ ပြန်ကူညီပေးနိုင်မယ်လို့ ထင်တဲ့နောက်ပိုင်း လုပ်နိုင်သလောက် လုပ်တယ်ပေါ့နော်။ လုပ်နေရင်းနဲ့ ကျမက ဒီဆုကို ရသွားတယ်ပေါ့နော်။ ဒီဆုရတဲ့အတွက် ကျမကို အသိပေးသလိုပေါ့နော်၊ လူထုအတွက် ပိုပြီး တာဝန်ကြီးလာတယ်ပေါ့ အဲလိုမျိုးပေါ့။ ဒီထက်ပိုပြီးတော့ ကြိုးစားရဦးမယ်။ ဒီဆုက ကျမကို ဂုဏ်ယူစေသလို ပြန်ပြီး remind လုပ်ပေးတယ်ပေါ့နော်။”

ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုဟာ မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပညာရေး၊ လူ့အခွင့်အရေးနဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ စတဲ့ ကရင်လူမျိုးအရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးသူ အသက် ၃၅ နှစ်အောက် ကရင်လူငယ်တွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆုငွေကို ဒေါ်လာ ၄,၀၀၀ ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။

ရရှိလာတဲ့ ဆုငွေတွေကို ဒေသတွင်းအတွက် လိုအပ်နေတဲ့အရာတွေကို ဖြည့်ဆည်း သုံးစွဲသွားမယ်လို့လည်း နော်ဟေသီဂျူးက ပြောပါတယ်။

“ကျမ အခု ကျောင်းမှာဆိုလို့ရှိရင် ကျမ ပညာရေးမှာ လုပ်တဲ့အတွက် ပိုပြီးတော့ သုံးဖြစ်မယ်ပေါ့နော်။ အထူးသဖြင့် စာကြည့်တိုက်ပေါ့နော်။ ကျမတို့မှာ သီးသန့် စာကြည့်အဆောက်အဦ မရှိဘူး။ ရှိတဲ့ စာသင်ဆောင်တခုကိုပဲ ကျောင်းစာကြည့်တိုက်အနေနဲ့ လုပ်ထားတာ ရှိတယ်ပေါ့နော်။ စာအုပ်တွေကလည်း တချို့အလှူရှင်တွေ လှူသလို ဒီထက် စာအုပ်တွေ ဖြည့်ဖို့လည်း ရှိတယ်ပေါ့နော်။ နောက်တခုက ဒီနှစ်အတွင်း ထိုလွီဝါးကျောင်းအပြင် တခြားကျောင်းတွေနဲ့လည်း နှီးနှောဖလှယ်ပွဲတခု လုပ်ချင်တယ်။ အဲဒီအတွက်လည်း သုံးချင်တယ်။ နောက်တခုက ကျောင်းစဖွင့်တဲ့ ဇွန်လမှာကတည်းက ကျမ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့အရာ အများကြီး မလုပ်ဖြစ်ပေမဲ့ ရွာတွေမှာ အမှိုက်ကောက်တဲ့စနစ် လုပ်ဖြစ်တယ်ပေါ့နော်။ ပြီးခဲ့တဲ့နှစ်က ကရင်သဘာဝပတ်ဝန်းကျင် အဖွဲ့က ဆရာတဦးနဲ့ ပေါင်းပြီး zero waste project တခု လုပ်ထားတယ်ပေါ့နော်။ အခုတော့ ပြီးပြီ။ လုပ်ဖြစ်တဲ့အချိန်က ဒီ ကျမတို့ ထိုလွီဝါးကျောင်းနဲ့ အနီးအနားကျေးရွာ ထိတွေ့တဲ့ရွာ အနည်းဆုံး ၆ ရွာကို အဓိက ကျမက zero waste awareness ကို လုပ်ထားတာပေါ့နော်။ လုပ်ထားတဲ့အတွက် ကော်မတီဖွဲ့ထားပြီး အဲဒါကို ဆက်လုပ်ဖို့ရှိတယ်ပေါ့နော်။ အဲဒီကော်မတီနဲ့ ပူးပေါင်းပြီး‌တော့ အမှိုက်လျေှာ့ချရေး၊ ပလတ်စတစ်သုံးစွဲမှု လျေှာ့ချတဲ့ ကိစ္စတွေကို ဆက်ပြီး လုပ်ဖို့ရှိတဲ့အခါကျတော့ ကျမတို့က တခြား ဝင်ငွေမရှိတဲ့အတွက် ကျမ ဒီဆုငွေထဲကလည်း သုံးသွားမယ်လို့ ကျမစဉ်းထားတယ်ပေါ့နော်။”

ထိုင်း-မြန်မာနယ်စပ်မှာ လုပ်ကြံခံခဲ့ရတဲ့ ကေအန်ယူခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ သားသမီးတွေက ဖန်းဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013