Home
မြန်မာသတင်း
တရုတ်၊ အိန္ဒိယ အဝယ်လိုက်၍ မတ်ပဲစျေးတက်
DVB
·
August 6, 2023
365396174_212351005109628_5844002051987148938_n

တရုတ်နဲ့ အိန္ဒိယတို့ဘက်က အဝယ်လိုက်နေတာကြောင့် ပြည်တွင်း မတ်ပဲစျေး မြင့်တက်နေတယ်လို့ မတ်ပဲရောင်းဝယ်ရေးကုန်စည်ဒိုင်တွေဆီက သိရတယ်။

မတ်ပဲစျေးနှုန်းဟာ ဇူလိုင် ၂၀ က ၁ တင်း(ပိဿာ ၂၀)ကို ကျပ် ၇၂,၅၀၀ ပဲ ရှိခဲ့ရာကနေ သြဂုတ် ၅ ရက်မှာတော့ ၁ တင်းကို ၇၈,၁၅၀ကျပ် အထိ မြင့်တက်လာပြီး ၂ ပတ်အတွင်း ၁ တင်းကို ကျပ် ၅,၆၅၀ မြင့်လာခဲ့ပါတယ်။

မတ်ပဲရောင်းဝယ်သူတယောက်က "မတ်ပဲကစျေးတက်နေတာ ၂ ပတ်လောက်ရှိပါပြီ။ အဓိက ကတော့ နိုင်ငံခြား(တရုတ်နဲ့အိန္ဒိယ)က အဝယ်လိုက်လာလို့ပါ။ အရောင်းအဝယ် ကတော့ သူ့ဖာသာ ပုံမှန်အနေအထားလောက်ပဲဖြစ်နေတာ။ အများကြီး ဖြစ်နေတာတော့ မဟုတ်ပါဘူး" လို့ပြောပါတယ်။

အခုလိုဈေးတက်နေပေမယ့် တောင်သူတွေလက်ထဲမှာ မတ်ပဲလက်ကျန်မရှိတော့ဘဲ နယ်ပွဲစားနဲ့ ကုန်သည်တွေ လက်ထဲမှာသာပဲ ကျန်တော့တယ်လို့ မတ်ပဲဝယ်ယူတဲ့ ကုန်သည်တယောက်က ပြောပါတယ်။

"နယ်ပွဲစားနဲ့ကုန်သည်တွေလက်ထဲမှာ မတ်ပဲအများကြီးမဟုတ်ပေမယ့် ကျန်တော့ ကျန်ပါသေးတယ်။ ကုန်သည်အများစုကတော့ ပဲစျေးတက်မှာ စောင့်နေတဲ့အတွက် မရောင်းထုတ်သေးပါဘူး။ ပဲတတင်း ၈၀,၀၀၀ စျေး ပြန်ရရင်တော့ ထုတ်မယ်ထင်တယ်။ မတ်ပဲအသစ်ထွက်တဲ့ ၉ လပိုင်းကျော်လောက်မှာတော့ စျေးတမျိုး ပြောင်းလဲသွားနိုင် ပါတယ်" လို့ ပြောပါတယ်။

အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံက မတ်ပဲနဲ့ပဲစဥ်းငုံတွေ လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ကို လာမယ့် ၂ဝ၂၄  မတ် ၃၁ ရက်နေ့အထိ ခွင့်ပြုထားပြီး မြန်မာနိုင်ငံက ပဲတင်သွင်းရာမှာလည်း အခွန်ကင်းလွတ်ခွင့်ပေးထားပါတယ်။

မတ်ပဲကို ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ အများဆုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းမှာလည်း မိုးသီနှံအဖြစ်စိုက်ပျိုးကြပါတယ်။

၂၀၂၁-၂၂ စာသုံးသူရေးရာဦးစီး​ဌာနစာရင်းအရ ပြည်တွင်းမှာ မတ်ပဲစိုက်ဧက ၂၂ သိန်းလောက် ရှိပြီး အထွက်နှုန်း တင်းသိန်းပေါင်း ၄၁၀ ကျော် ထွက်ရှိပါတယ်။

၂ဝ၂၂-၂၃ ဘဏ္ဍာနှစ်မှာ ပင်လယ်ရေကြောင်းကတဆင့် မတ်ပဲ ၃၄၉,၅၃ဝ တန်၊ နယ်စပ်ကုန်သွယ်ရေးကတဆင့် ၁ဝ၉,၆၈၈ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၄၆ သန်းကျော်ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024