DVB Logo
Home
မြန်မာသတင်း
မီဇိုရမ်တွင် ကုလအေဂျင်စီများကို ရုံးဖွင့်ပေးပြီး စစ်ဘေးရှောင်များကို ကူညီရန် ချင်းအရပ်ဘက်အဖွဲ့ များ တောင်းဆို
DVB
·
June 29, 2023
မီဇိုရမ်တွင် ကုလအေဂျင်စီများကို ရုံးဖွင့်ပေးပြီး စစ်ဘေးရှောင်များကို ကူညီရန် ချင်းအရပ်ဘက်အဖွဲ့ များ တောင်းဆို
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကို အိန္ဒိယအစိုးရက ရုံးဖွင့်ခွင့်ပေးပြီး စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးစေချင်တယ်လို့ ချင်းအရပ်ဘက်အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

ချင်း၊ စစ်ကိုင်း၊ မကွေး ဒေသ ၃ ခုမှာ စုစုပေါင်းစစ်ဘေးသင့်ပြည်သူ ၁ သန်းဝန်းကျင်ရှိလာပြီး အိန္ဒိယနယ်စပ်ကို စုပြုံရောက်ရှိသွားနိုင်တာကြောင့် အခုလို တောင်းဆိုတာဖြစ်တယ်လို့ Chin Association of Maryland တာဝန်ရှိသူက ပြောပါတယ်။ 

ချင်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခဲ့တဲ့ ချင်းတိုင်းရင်းသား ၄၀၀၀၀ ကျော်၊ မီနီပူးလ်နဲ့ နယူးဒေလီကို ရောက်ရှိနေတာက ၁၀၀၀၀ ဝန်းကျင်၊ စုစုပေါင်း အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ စစ်ဘေးသင့် ချင်းတိုင်းရင်းသား ၅၀၀၀၀ ကျော်အထိ ရှိနေတယ်လို့ Chin Association of Maryland တာဝန်ရှိသူက ပြောပါတယ်။

ဇွန်လ ၂၇ ရက်နေ့မှာ Chin Association of Maryland က ၄ကြိမ်မြောက် သူတို့ရဲ့အစီအရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်က ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံတာကနေ ရရှိလာတဲ့ အချက်အလက်တွေကို အမေရိကန်အစိုးရနဲ့ ဒီမိုကရက်အဖွဲ့အစည်းတွေသိအောင် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ မူလကတည်းက လူဦးရေ ၁ သန်းကျော်သာ နေထိုင်တဲ့ ဧရိယာကျဉ်းတဲ့ ပြည်နယ် ဖြစ်တာကြောင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ စုပြုံဝင်ရောက်လာရင် စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲတွေ ကြုံတွေ့လာရနိုင်ပါတယ်။

Chin Association of Maryland အဖွဲ့ရဲ့ ဒါရိုက်တာ ဇိုသုန်းမှုန်က “မီဇိုရမ်ကိုသွားပြီးတော့ ဒုက္ခသည်တွေကို တွေ့တယ်၊ စာစောင်ကို ကောင်းကောင်းလေးပြုစုပြီးတော့ ရေးတယ်၊ ပြီးတော့ US အစိုးရက ကူညီထောက်ပံ့ဖို့ပေါ့ အဲ့လိုပဲ ကျနော်တို့ ကြိုးစားပါတယ်။ UN Agencies တွေ၊ ပြီးတော့ North east India မှာ ရှိနေတဲ့ UNICEF လိုမျိုး WFP လို အစုအဖွဲ့မျိုးတွေကိုလည်း မီဇိုရမ်ကိုသွားပြီးတော့ နေစေချင်တယ်။ အဲ့လို မီဇိုရမ်မှာ သူတို့ အလုပ်သွားလုပ်မယ်ဆိုရင် ဒုက္ခသည်တွေအတွက် ထိထိရောက်ရောက်ကူညီနိုင်မယ်၊ အဲ့ဒီအပြင် ချင်းညီအကိုတွေကို ကူညီနေတဲ့ ဒေသတွင်း မီဇိုးလူ့အဖွဲ့အစည်းအတွက်လည်း တော်တော်လေးအကျိုးရှိမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲ့ဒီလို ကူညီတဲ့အဖွဲ့အစည်းတွေ မီဇိုရမ်ကို သွားဖို့ဆိုရင် အိန္ဒိယက နေခွင့်ပြုဖို့လိုတယ်၊ အခုအထိ သူတို့က သွားလို့မရသေးဘူး၊ ထိုင်းမှာဆိုရင် UNHCR ရုံးက ဗန်ကောက်မှာ ရှိတယ်၊ အခုနယ်စပ် မဲဆောက်တို့ မယ်ဟောင်ဆောင်တို့မှာလည်း ရှိပါတယ်၊ အခု UNHCR ရုံးက နယူးဒေလီမှာ ရှိပါတယ်၊ ဒါပေမဲ့ မီဇိုရမ်မှာ မရှိဘူး၊ မီနီပူးလ်မှာလည်း မရှိဘူး၊ ထိုင်းမှာလိုပဲ ရှိစေချင်တယ်”လို့ ပြောပါတယ်။

ချင်းပြည်နယ်ထဲမှာ ပိတ်မိကျန်ရစ်နေတဲ့ စစ်ဘေးသင့်ပြည်သူ ၅၀,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းမှာ စစ်ဘေးသင့်ပြည်သူ ၇၆၀,၀၀၀ ကျော်၊ မကွေးတိုင်းမှာ စစ်ဘေးသင့်ပြည်သူ ၂သိန်းနီးပါး၊ စုစုပေါင်း စစ်ဘေးသင့်ပြည်သူ ၁ သန်းဝန်းကျင်ဟာ စားဝတ်နေရေး ကျပ်တည်းလာတဲ့ နောက်ဆုံး အခြေအနေမှာ အိန္ဒိယနိုင်ငံဘက်ကို ရွှေ့ပြောင်းသွားလာဖို့ အလားအလာရှိနေတာပါ။

ကုလသမဂ္ဂလက်အောက်ခံအေဂျင်စီတွေ၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ သူတို့ရဲ့ဝန်ထမ်းတွေဟာ အိန္ဒိယအစိုးရရဲ့ ခွင့်ပြုချက်မရရင် နယ်စပ်အထိဆင်းပြီး ရွှေ့ပြောင်းဒုက္ခသည်တွေကို အကူအညီပေးဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်မှာ ကုလနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အထိုင်ချခွင့်ရရင် မြန်မာပြည်ထဲမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို နယ်စပ်ကနေလှမ်းပြီး အကူအညီပေးဖို့ အခွင့်အရေးတွေ ပိုရလာနိုင်တယ်လို့ ချင်းအဖွဲ့အစည်းတွေက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦးမှ ဆလိုင်းထက်နီက “ကျနော်တို့ ချင်းပြည်နယ်က တလျှောက်လုံး မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ် ဖြစ်တယ်။ ဆင်းရဲမွဲတေမှုရဲ့ ၇၀ရာခိုင်နှုန်း အောက်ကျတဲ့ ပြည်နယ် ဖြစ်တယ်။ မြေပြန့်ကနေ စစ်ဆင်ရေးကြီးထိုးလာတယ်၊ ကျနော်တို့ တိုက်ပွဲတွေ ဖြစ်တဲ့အခါ အကူအညီအထောက်အပံ့တွေဆိုတာက တပြည်လုံးလိုလို ဖြစ်နေတာဆိုတော့ လမ်းပန်းဆက်သွယ်ရေးက အင်မတန်မှ ခက်ခဲသွားတယ်ပေါ့။ အတတ်နိုင်ဆုံးရှာကြံပြီး လုပ်ရမယ့်အနေအထား ဖြစ်ပါတယ်။ နိုင်ငံတကာ ပံ့ပိုးသူ၊ ကူညီသူ၊ စေတနာရှင်တွေလည်း အဲဒါကို သတိချပ်ပြီးတော့မှ ကျနော်တို့သက်ဆိုင်ရာဆီကို တိုက်ရိုက်ဆက်သွယ်ပြီးတော့ ပံ့ပိုးမှုတွေ ပေးစေချင်တယ်၊ ခုလည်း မိုးကရွာနေပြီဆိုတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်တော့ အင်မတန်မှ ခက်ခဲမှာပါပဲပေါ့။ မြန်မြန်ဆန်ဆန်လေး အဲဒါတွေ ဖြေရှင်းပေးနိုင်ဖို့က ကျနော်တို့ အင်မတန်မှ လိုချင်နေတဲ့ဆန္ဒဖြစ်ပါတယ်။"

ချင်းပြည်နယ်ဒေသတွင်း CDF တွေက ချင်း-စစ်ကိုင်း-မကွေးနယ်စပ်အထိ ဆင်းပြီး ချင်းတောင်ပေါ်ကို စစ်ကောင်စီတပ်တွေ တက်မလာနိုင်အောင် ကြိုးစားနေသလို စစ်ကောင်စီကလည်း ချင်း- စစ်ကိုင်းနယ်စပ် ကလေးမြို့နယ်၊ ချင်း-မကွေးနယ်စပ် ယောနယ်တွေမှာ နယ်မြေထိန်းချုပ်ရေးအတွက် နေ့စဉ် ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ကလေးနယ်ခံ LPDF တစ်ယောက်က ပြောပါတယ်။

ကလေး LPDF ဝေကြီးက “နေ့စဉ်ရက်ဆက် နေ့ရောညရော ပတ်ချာလည်ထုနေတာ။ အဲဒီရွာတွေက တော်လှန်ရေးအင်အားစုတွေ ဝင်ထွက်သွားလာလှုပ်ရှားနေတဲ့ နေရာတွေလို့ သတ်မှတ်ပြီးတော့ အဲဒီလိုပဲထုတယ်လို့ ထင်တယ်။ ပစ်ချင်တိုင်း ပစ်မိန့်ပေးထားတဲ့အခါကျတော့ ပစ်ချင်ရာ လျှောက်ပစ်နေကြတော့တာပေါ့။ ရက်လည်းတော်တော်လေးကို စိပ်လာတယ်၊ အခုက နေ့တိုင်းလိုလို ဖြစ်လာတယ်၊ အသံတွေ နေ့တိုင်းလိုလိုကို ကြားနေရတယ်၊ ပတ်ဝန်းကျင်အနီးနာ ၆ မိုင် ၇ မိုင်လောက်အထိကို ရွာပေါင်း ၃၀ ကျော်လောက်ရှိမယ်ဗျ။ ပြည်သူတွေအကုန်လုံးက ညရေးညတာဆိုရင်တော့ လက်နက်ကြီးသံကြားရင် အကြောက်တရားတွေနဲ့ပဲ ရင်ဆိုင်နေရတာပေါ့။ မိုက်ရိုင်းသထက်ကို မိုက်ရိုင်းလာတယ်လို့ ခံစားရတာပေါ့”လို့ ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်စည်းဟာ မိုင်ပေါင်း ၉၀၀ ကျော် ၁၀၀၀ နီးပါး ရှည်လျားပြီး မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေက အိန္ဒိယနိုင်ငံရဲ့ နယ်စပ်တည်ငြိမ်ရေးနဲ့ လုံခြုံရေးအပေါ် သက်ရောက်မှုတွေ ရှိနေတာပါ။

အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ဇွန်လ ၂၁ ရက်နေ့ကနေ ၂၄ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး အာရှဒေသတွင်း စိန်ခေါ်မှုတွေအတွက် သမ္မတဂျိုးဘိုင်ဒင်နဲ့ ဆွေးနွေးခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ သမ္မတဘိုင်ဒင်နဲ့ ဝန်ကြီးချုပ် မိုဒီတို့ ပူးတွဲတောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013