DVB Logo
Home
မြန်မာသတင်း
ပုဂံရှေးဟောင်းဘုရားများအနီး သစ်ပင်စိုက်ပျိုးမှုအပေါ် ဝေဖန်မှုမြင့်တက်
DVB
·
June 27, 2023
ပုဂံရှေးဟောင်းဘုရားများအနီး သစ်ပင်စိုက်ပျိုးမှုအပေါ် ဝေဖန်မှုမြင့်တက်
Donate to DVB

ပုဂံရှေးဟောင်းနယ်မြေက နာမည်ကြီး ဘုရားစေတီ အနီးအနားမှာ သစ်ပင်စိုက်ပျိုးနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို အခုထက်ပိုပြီး မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်လို့ ပြည်သူတွေကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ပုဂံဒေသဟာ အပူပိုင်းဒေသဖြစ်တဲ့အပြင် ရေကန်တွေ ခန်းခြောက်ကုန်ပြီး သစ်ပင်တွေရှိလည်း ပူနေမှာဖြစ်ပြီး အခုလို ဘုရားစေတီအနားမှာ သစ်ပင်တွေစိုက်တာထက် အရင်ရှိခဲ့တဲ့ ကန်တွေ၊ ချောင်းတွေကို ပြုပြင်ပြီး အသက်သွင်းဖို့ လိုအပ်တယ်လို့ ထောက်ပြ ပြောဆိုနေကြပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးပညာရှင် ကိုဇေမျိုးလင်းက “အပင်တွေ များလာတော့ မိုးရွာတိုင်း မြေအောက်ရေခိုအောင်းမှု များလာတယ်။ အပင်တွေ ဝေဝေဆာဆာ ဖြစ်လာတဲ့အခါ မိုးနဲ့ ဆောင်းအခါမှာ ပုဂံလေထုထဲမှာ စိုထိုင်းဆများလာတယ်။ ဘုရားထဲမှာ ရှိတဲ့ စိုထိုင်းဆက ရှေးကထက် ၂ ဆနီးပါး များလာတော့ နံရံဆေးရေးတွေရှိတဲ့ အတွင်းနံရံက ပလာစတာတွေ ထိခိုက်ပျက်စီးလာမယ်။ ပူအိုက်စွတ်စိုမှုကြောင့် အင်းဆက်ပိုးကောင်တွေ ခိုအောင်းနေထိုင်မှု၊ အကောင်ပေါက်မှု ပိုများလာမယ်။ ဘုရားထဲက ဆေးရေးတွေ ပျက်စီးမှုနှုန်း ပိုမြန်လာမယ်။ အနုပညာလက်ရာတွေရှိတဲ့ ပစ္စယံဖောင်းတန်းတွေ၊ စဉ့်ထည်၊ အင်္ဂတေပန်းလက်ရာတွေလည်း ကြွေကျနိုင်ပြီး အပင်တွေရဲ့ ဆိုးကျိုးတွေထဲမှာ ဘုရားတွေရဲ့ ဖောင်ဒေးရှင်းလို့ခေါ်ရမယ့် ပန္နက်ခုံ၊ ပန်းတင်ခုံ၊ အုတ်ဖိနပ်ခုံနဲ့ မဟာရံတံတိုင်းတွေ အမြစ်ထိုးလို့ ပျက်စီးကြွေကျတာမျိုးလည်း ထည့်တွက်ရမယ်။ အပင်စိုက်တာအစား ပုဂံမှာ ဘာမှမလုပ်ပါနဲ့။ ဘုရားဖူးတာ၊ ဓာတ်ပုံရိုက်တာ၊ လေ့လာရေးလုပ်တာတွေပြီးရင် ကိုယ့်အမှိုက် ကိုယ်သိမ်းပြီး အေးဆေးပြန်ကြဖို့ပဲ ပြောချင်ပါတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

ပုဂံဒေသမှာ မိုးဒဏ်ကြောင့်၊ စိုထိုင်းမှုဒဏ်ကြောင့် ပျက်စီးသွားတဲ့ အပိုင်းအစတွေကို အကောင်းတိုင်း ပြန်ရအောင် ပြုပြင်ထိန်းသိမ်းဖို့ မလွယ်ကူနိုင်တာကြောင့် ပျက်စီးသွားတဲ့ ဘုရားတွေကို ထိန်းသိမ်းဖို့ ဆိုတာထက် ပိုအရေးကြီးနေတာက ထပ်မံ မပျက်စီးအောင် ကြိုတင်ကာကွယ်ထိန်းသိမ်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ပုဂံဒေသခံတဦးကလည်း “အပင်တွေရဲ့‌ ရေသောက်မြစ်တွေက စေတီပုထိုးတွေနားဆိုတော့ အမြဲအစိုဓာတ်ရှိနေမယ်။ အဲ့ဒီအစိုဓာတ်‌တွေကြောင့်ပဲ ဘုရားအပေါ်မှာ မှိုတွေဆွဲတာ ဖြစ်နိုင်တယ်။ အခု ဘုရားတွေနား စိုက်လိုက်တဲ့ အပင်တွေက တောထပြီး အမြစ်တွေက အားပိုကြီးလာရင် ရှေးဟောင်းစေတီတွေ ပဲ့ကျတာ၊ ပြိုပျက်တာထိ ဖြစ်လာနိုင်တယ်။ အဖွဲ့အစည်းတချို့အနေနဲ့ စိမ်းလန်းစိုပြည်ရေး ခေါင်းစဉ်နဲ့ တနှစ်တခါ ပုံမှန်လာစိုက်ပြတာတွေ မြင်ရတော့ ရှေးဟောင်းဘုရားတွေရှိတဲ့ ပုဂံအတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေ ကြုံနေရတယ်” လို့ ပြောပါတယ်။

ပုဂံဒေသမှာ မိုးရာသီရောက်တိုင်း မိုးရေစိမ့်ယိုမှုတွေကြောင့် ပျက်စီးလာတဲ့ စေတီပုထိုး၊ ဘုရားတွေ များစွာရှိနေပေမဲ့ နိုင်ငံတော်အဆင့်အနေနဲ့ ထိန်းသိမ်းပြုပြင်ခြင်းမရှိတဲ့ အားနည်းချက်တွေကြောင့် ဒီလိုအဖြစ်တွေက ခေတ်အဆက်ဆက်မှာ နှစ်တိုင်း ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013