DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းသင့် ရခိုင်ပြည်သူ ၃၈၀,၀၀၀ ခန့်ကို ကုလစားနပ်ရိက္ခာထောက်ပံ့၊ စစ်အုပ်စု ကန့်သတ်မှုက အခြေအနေ ပိုမိုဆိုးရွားစေ
DVB
·
June 23, 2023
မုန်တိုင်းသင့် ရခိုင်ပြည်သူ ၃၈၀,၀၀၀ ခန့်ကို ကုလစားနပ်ရိက္ခာထောက်ပံ့၊ စစ်အုပ်စု ကန့်သတ်မှုက အခြေအနေ ပိုမိုဆိုးရွားစေ
Donate to DVB

စစ်အုပ်စုရဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကြားက ရခိုင်ပြည်နယ်တခုတည်းမှာပဲ မုန်တိုင်းသင့်ပြည်သူ ၃၈၀,၀၀၀ နီးပါးအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ ပံ့ပိုးပြီးဖြစ်သလို လူပေါင်း ၁၄၄,၀၀၀ ကျော်အတွက် အမိုးအကာနဲ့ တခြား လိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး တလကျော်အကြာမှာ သက်ဆိုင်ရာအာဏာပိုင်တွေက လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေကို လက်ရှိ ထုတ်ပေးထားတဲ့ ခရီးသွားခွင့်ပြုမိန့်တွေ ယာယီဆိုင်းငံ့ထားပြီး လူမှုကယ်ဆယ်ရေးအကူအညီတွေ ဖြန့်ဝေခွင့်နဲ့ ဝင်ရောက်ကူညီခွင့်အတွက် ကနဦးခွင့်ပြုချက်ကို ကန့်သတ်ထားတာက ပြည်နယ်တဝန်း ဆောင်ရွက်ဆဲ မိုခါမုန်တိုင်းတုံ့ ပြန်ကူညီမှုလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဒီလို ရုတ်တရက်ဆုံးဖြတ်ချက်က မုန်တိုင်းဒဏ်သင့်ဒေသခံလူထုရဲ့ ဆိုးရွားနှင့်ပြီးသား စားဝတ်နေထိုင်ရေးအခြေအနေတွေကို ပိုမိုဆိုးရွားစေသလို မုတ်သုန်ရာသီနဲ့ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် ရေကြီးရေလျှံဖြစ်ပွားမှုတွေကလည်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ဒေသတွေကို ပြင်းထန်တဲ့အကျိုးဆက်တွေရှိနေသလို တချိန်တည်းမှာပဲ လိုအပ်ချက် တွေ များပြားနေ တဲ့ဒေသခံတွေဆီကို ဝင်ရောက်ကူညီခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိဖို့အတွက် နေပြည်တော်နဲ့ ပြည်နယ်အဆင့်ရှိ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလည်း ဆောင်ရွက်နေတယ်လို့ UNOCHA Myanmar က ပြောပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၁၂,၅၀၀ နီးပါးအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပေးနိုင်ခဲ့သလို ရခိုင်ပြည်နယ်ရဲ့ ဦးစားပေး ၈ မြို့နယ်ထဲက အသက် ၅ နှစ်အောက်ကလေး ၇,၀၀၀ ကျော်နဲ့ ပြုစုစောင့်ရှောက်ပေးသူ ၁,၅၀၀ ကျော်တို့အတွက် အစာအာဟာရအကူအညီတွေ ပံ့ပိုးနိုင်ခဲ့ပြီးတော့ ရခိုင်ပြည်နယ်မြို့နယ် ၃ မြို့ နယ်က ညစ်ညမ်းရေကန် ၇၀ ကိုလည်း သန့်ရှင်းပြီး ရေပြန်လည်ဖြည့်သွင်းခြင်းတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာရှိတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော်ကို ကူညီဖို့လျာထားတဲ့ အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းတောင်းခံထားရာမှာလည်း လတ်တလောအချိန်ထိ ၂၄ ဒသမ ၂ သန်းလောက်သာ ရရှိထားတဲ့အတွက် ရန်ပုံငွေဆက်လက်ထည့်ဝင်ဖို့လည်း အရေးတကြီးလိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရကလည်း မိုခါမုန်တိုင်းအရေးပေါ် တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမယ်လို့ ကနဦးထုတ်ပြန်ထားပြီး အဆိုပါပံ့ပိုးမှုတွေကိုတော့ NUG အစိုးရ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ လက်အောက်ကနေ မြေပြင်စာရင်းဇယား ကောက်ယူတာ၊ အပျက်အစီးတွေ ရှင်းလင်းတာ၊ ယာယီ အမိုးအကာတွေ ဖန်တီးပေးတာ၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ပေးတာ၊ လူသားချင်းစာနာမှု အထောက်အပံ့ပေးတာတွေနဲ့ Lifelines တွေ ပြန်လည်ချိတ်ဆက်ရေး ကိစ္စတွေကို သက်ဆိုင်ရာ ဒေသအသီးသီးက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့အတူ စစ်အုပ်စုရဲ့ ဒေသတွင်း သွားလာခွင့် ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် မုန်တိုင်းရိုက်ခတ်မှုဒဏ်ခံရအပြီး အချိန် ၁ လကျော် ကြာလာတဲ့တိုင်အောင် ရခိုင်ဒေသမှာ ထောက်ပံ့ကူညီမှုတွေ လက်လှမ်းမီ ရရှိဖို့ မသေချာတဲ့အပြင် နောက်ဆက်တွဲ ရောဂါကူးစက်ပျံ့ပွားမှုနဲ့ အဓိကစားနပ်ရိက္ခာ အကျပ်အတည်းက အမှန်တကယ် ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013