DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ပုပ္ပါးမျောက်မြီးရှည်များ မျိုးတုံးမည့်အန္တရာယ် ရင်ဆိုင်နေရ
DVB
·
June 23, 2023
ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ပုပ္ပါးမျောက်မြီးရှည်များ မျိုးတုံးမည့်အန္တရာယ် ရင်ဆိုင်နေရ
Donate to DVB

ပုပ္ပါးမျောက်မြီးရှည်တွေဟာ လန်ဂါမျောက်မျိုးစိတ်တမျိုးဖြစ်ပြီး တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် မျိုးတုံးတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ 

ပုပ္ပါးမျောက်မြီးရှည်တွေကို မျောက်မျက်ကွင်းဖြူ၊ ပုပ္ပါးလန်ဂါ စသဖြင့် ခေါ်ဝေါ်ကြပြီး မျိုးစိတ်သစ်အဖြစ် ၂၀၂၀ ပြည့်နှစ်မှာ စတင်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

တကမ္ဘာလုံးမှာ ဒီမျောက်တွေရဲ့ အကောင်အရေအတွက်ဟာ ၂၅၀ မှ ၃၀၀ ကြားသာရှိတော့ တဲ့အတွက် မျိုးတုံးဖို့ အလွန်အန္တရာယ်ရှိနေတဲ့ မျိုးစိတ်အဖြစ် မှတ်တမ်းတင်ခံထားရပါတယ်။

ပုပ္ပါးမျောက်မြီးရှည်တွေကို အဓိက အိမ်မွေးတိရစ္ဆာန်အဖြစ်ရောင်းဝယ်တာ၊ မွေးမြူတာတွေ လုပ်ဖို့အတွက် အမဲလိုက်ကြပြီး အိမ်နီးချင်းနိုင်ငံတွေကို အစားအစာအဖြစ် ရောင်းချတာတွေ လည်း ရှိနေပါတယ်။ 

ဒါ့အပြင် သူတို့ရဲ့ ကိုယ်လက်အင်္ဂါတွေကို တိုင်းရင်းဆေးဝါးဖော်စပ်ရာမှာ အသုံးပြုဖို့အတွက် ရောင်းချနေတာတွေလည်း ရှိတယ်လို့ Native Species Conversation and Identification in Myanmar ရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဝင်းပိုင်ဦးက DVB ကို ပြောပါတယ်။

"လန်ဂါမျောက်မျိုးတွေဟာ တရားမဝင် အမဲလိုက်သတ်ဖြတ်ခံနေရပြီး မျောက်အမေကိုသတ်၊ မျောက်ကလေးကို ဖမ်းရောင်းတဲ့အဖြစ်တွေကြောင့် အကောင်အရေအတွက် သိသိသာသာ ကျဆင်းနေပြီး အခုဆိုရင် မြန်မာမှာရှိတဲ့ လန်ဂါမျိုးစိတ်တိုင်းဟာ ရှားပါးတဲ့အခြေအနေမှာ ရှိနေပါတယ်ဗျ။" 

ပုပ္ပါးမျောက်မြီးရှည်တွေဟာ မြန်မာနိုင်ငံတနိုင်ငံမှာပဲ တွေ့ရှိရတာကြောင့် မြန်မာ့ဂုဏ်ဆောင် မျောက်မျိုးရင်းအဖြစ် သတ်မှတ်ခံထားရပြီး ဧရာဝတီမြစ်နဲ့သံလွင်မြစ်ကြားဒေသတွေမှာ နေထိုင် တယ်လို့ ကိုဝင်းပိုင်ဦးက ပြောပါတယ်။

"ပုပ္ပားလန်ဂါလို့ခေါ်တဲ့ မျောက်မျိုးစိတ်ကို မြန်မာနိုင်ငံအပြင် တခြားဘယ်နိုင်ငံမှာမှ မတွေ့နိုင်ဘဲ မြန်မာနိုင်ငံတနိုင်ငံထဲမှာပဲ တွေ့ရပါတယ်ဗျ။ အခုလိုမျိုး နိုင်ငံတနိုင်ငံထဲမှာပဲ တွေ့ရတဲ့မျိုးစိတ်ကို ပညာရှင်တွေက ဒေသဌာနေရင်းမျိုးစိတ် (endemic species) လို့ သတ်မှတ်ကြပါတယ်။" 

လန်ဂါမျောက်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်မှာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်ခွဲ(က)အရ မြန်မာနိုင်ငံမှာရှိတဲ့ လန်ဂါမျောက်(မျောက်မျက်ကွင်းဖြူ)တွေကို လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန် (Completely Protected Species) အဖြစ် သတ်မှတ်ခဲ့တာပါ။ 

ဒီမျောက်တွေကို အမဲလိုက်သတ်ဖြတ်နေတာနဲ့ ပက်သက်ပြီး ဥပဒေအရ အရေးယူတာတွေ၊ မျောက်လေးတွေကို ထိန်းသိမ်းတာတွေကိုတော့ မကြားမိသေးဘူးလို့ ကိုဝင်းပိုင်ဦးက ဆက်ပြောပါတယ်။

မျိုးတုံးတော့မယ် လန်ဂါမျောက်တွေကို အချိန်မီထိန်းသိမ်းနိုင်ဖို့အတွက် ကျက်စားရာနေရာတွေကို နိုင်ငံတကာအဆင့်မီဘေးမဲ့တောတွေ၊ အမျိုးသားဥယျာဉ်တွေ တည်ဆောက်ပေးပြီး ဒေသခံတွေကို အမျိုးသားဥယျာဉ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်ဖန်တီးပေးခြင်းဖြစ်တယ်လို့ မြန့်မာဇီဝမျိုးစိတ်များ ထိန်းသိမ်းရေးအတွက် လှုပ်ရှားနေသူတဦးက ပြောပါတယ်။

အခုလို ရှားပါးတိရစ္ဆာန်တွေကို အမဲလိုက်ကြခြင်းရဲ့ အဓိကအကြောင်းအရင်းက ပြည်သူလူထုဟာ အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်ပြီး ဖမ်းဆီးသတ်ဖြတ်သူတွေကိုချည်းပဲ အပြစ်တင်လို့ မရဘူးလို့ ဆိုပါတယ်။

တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းတဲ့နေရာမှာ အရှေ့တောင်အာရှနိုင်ငံတွေထဲ မြန်မာနိုင်ငံဟာ အတော်လေးအားနည်းနေပြီး မြန်မာ့တောရိုင်းတိရစ္ဆာန်များ မျိုးတုံးပျောက်ကွယ်မသွားဖို့အတွက် လူငယ်တွေအနေနဲ့လည်း မြန်မာ့တောရိုင်းတိရစ္ဆာန်လေးတွေရဲ့အကြောင်းကို လေ့လာထားဖို့လိုတယ်လို့ ကိုဝင်းပိုင်ဦးက ပြောပါတယ်။

"ကျနေတို့ရဲ့ Native Species Conservation & Identification Grou‌ေ( https://m.facebook.com/groups/nscimy/?ref=share&mibextid=DcJ9f) မှာဆိုရင် ပြည်တွင်းမှာရှိတဲ့ အသိပညာအတတ်ပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေနဲ့ ဒေသန္တရ ထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်းမှ အစ်ကိုအစ်မတွေဟာ မြန်မာ့ဇီဝမျိုးစိတ်တွေရဲ့ အရေးပါမှုတွေ၊ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်မှုတွေကို အမြဲတစေ တင်ပြပြီး ဆွေးနွေးနေကြပါတယ်။ မြန်မာ့သဘာဝရေမြေနဲ့ တိရစ္ဆာန်လေးတွေအကြောင်းကို လေ့လာလိုသူတိုင်းအတွက် အဆင်သင့်ကြိုဆိုနေကြောင်းလည်း အသိပေးချင်ပါတယ်။"

ဘားအံဒေသခံ ခရီးသွားဘလော့ဂါတဦးဖြစ်သူ ကိုစောကိုဦး (Backpacker's Notes) ကလည်း ပုပ္ပါးမျောက်မြီးရှည်များကို ထိန်းသိမ်းကာကွယ်ဖို့ အသိပညာပေးဖို့အတွက် ‘ကျနော်လန်ဂါ’ ဆိုတဲ့ ပရောဂျက်ကို စတင်နေပြီလို့ ပြောပါတယ်။ 

"ကျနော်လန်ဂါ ဆိုတဲ့ပရောဂျက်လေးကို WWF ရဲ့ အကူအညီနဲ့စတင်ခဲ့တာဖြစ်ပြီး လန်ဂါဆိုတဲ့ Character လေးဟာ Popa Langur ထိန်းသိမ်းရေးတခုတည်းမဟုတ်ဘဲ အခြားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာပါ ဆက်လက်ပါဝင်သွားမယ်။” 

ဓာတ်ပုံ - Toe Naing Htun

( Wildlife Photographer )

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013