
ညီနောင်တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA ၊ AA အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ ဇွန် ၁ ရက်က တွေ့ဆုံဆွေးနွေးရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းပေးရေး၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေးနဲ့ မတရားအသင်း အဖြစ်ကနေ ပယ်ဖျက်ပေးရေးကိစ္စတွေ ပါဝင်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)တို့က ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့ရှိ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်မှာ မနေ့မွန်းလွဲပိုင်းကစတင် ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က အကြီးတန်းအရာရှိနဲ့ နီးစပ်သူတဦးက "တပ်ဘက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဋ္ဌာန်းပေးမယ်။ ခွဲထွက်ခွင့်မပေးဘူး။ မတရားအသင်းက ပယ်ဖျက်ပေးမယ်။ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ကိစ္စတွေပါတယ် ဒီနေ့လည်း ထပ်ဆွေးနွေးမှာ" လို့ပြောပါတယ်။
တွေဆုံဆွေးနွေးရာမှာ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းမြတ်ရွှေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေပါဝင်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။
နှစ်ဖက်ဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာစေရေးကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးကိစ္စနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာကိစ္စ၊ ဖမ်းဆီးထားသူများ ပြန်လည် လွတ်မြောက်ရေးကိစ္စ၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စနဲ့ မိုခါ မုန်တိုင်းဒဏ်သင့်ပြည်သူတွေထံ လူသားချင်း စာနာမှုအကူအညီတွေ အမြန်ဆုံး အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ ဇွန်လ ၂ ရက်မှာလည်း ဆက်လက် တွေ့ဆုံဆွေးနွေးသွားဖို့ရှိပြီး ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ရဲ့ တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
အဆိုပါဆွေးနွေးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာအထူးသံတမန် မစ္စတာ ကောပေါင်လည်း တက်ရောက်ခဲ့ပြီး နေထိုင်စားသောက်ရေးနဲ့ လုံခြုံရေးကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄)ဘက်က တာဝန်ယူပေးထားတယ်လို့ သိရပါတယ်။
ဒီလိုတွေ့ဆုံပွဲဟာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းကြောင့် ပေါ်ပေါက်လာတာဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ နိုင်ငံခြားရေးအထူးသံတမန်လည်း မိုင်းလားကိုရောက်ရှိနေကြောင်း လက်ရှိမှာ ပြည်တွင်းပဋိပက္ခတွေကြောင့် ပြည်သူလူထုထိခိုက်နစ်နာနေမှုတွေနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသာဖြစ်တယ်လို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပေးတဲ့ မိုင်းလားအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဉီးကြည်မြင့်က ဒီဗွီဘီကိုပြောပါတယ်။
တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ ဒီဆွေးနွေးပွဲဟာ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာအမြင်ပေါ်ကနေထွက်လာတဲ့ ဆွေးနွေးပွဲလို့သုံးသပ်ပါတယ်။ တရုတ်အနေနဲ့ သူတို့ကြွေးကြော်ထားတဲ့ ငြိမ်ချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ ကြွေးကြော်သံအတိုင်း မြန်မာ့အရေးကို ဝင်ရောက်လာတာဖြစ်သလို မြန်မာ့ပြည်မှာရှိနေတဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် မြန်မာပြည်ငြိမ်းချမ်းဖို့လိုတာကြောင့် အခုလိုမျိုး ကြားဝင်ဆောင်ရွက်တာဖြစ်တယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာပြည်မှာ အကျိုးစီးပွားရှိနေတဲ့ နိုင်ငံတွေဟာ စစ်ကောင်စီနဲ့ဆက်ဆံဖို့ လာရောက်ကြမှာဖြစ်ပေမဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ ကိုယ်အလုပ်ကို ကိုယ်ဆက်လုပ်နေဖို့ပဲအရေးကြီးတယ်လို့ ဒေါက်တာလှကျော်ဇောကပြောပါတယ်။
ဒီတွေ့ဆုံမှုနောက်ဆက်တွဲကြောင့် ကြီးမားတဲ့ ပြောင်းလဲမှုတွေတော့ ရှိလာမှာမဟုတ်ဘူးလို့လည်း ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
မေလ ၃၀ ရက်ကလည်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ယန်ယန်ဟာ နေပြည်တော်မှာ မြန်မာဒုစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တွေ့ဆုံပြီး မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။