DVB Logo
Home
မြန်မာသတင်း
ရာသီဥတုကြောင့် ပဲတီစိမ်း အရည်အသွေးကျပြီး ဈေးနည်းကာ ဆုံးရှုံးမှု ဖြစ်နေ
DVB
·
May 25, 2023
ရာသီဥတုကြောင့် ပဲတီစိမ်း အရည်အသွေးကျပြီး ဈေးနည်းကာ ဆုံးရှုံးမှု ဖြစ်နေ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းရှိ သဖန်းဆိပ်ဆည်၊ ကာဘိုးဆည်၊ ကင်းတပ်ဆည် ရေသောက် ပဲ စိုက်ခင်းတွေ ရာသီဥတုကြောင့် အရည်အသွေးကျပြီး ဈေးနည်းကာ ဆုံးရှုံးမှုဖြစ်နေကြောင်း ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

မုန်တိုင်း ဂယက်မိုးများပြီး ပဲတွေ အရည်အသွေး မကောင်းတော့တာကြောင့် အရည်အသွေး ပေါ်မူတည်ပြီး ပျက်စီးတဲ့ ပဲဆိုရင် တစ်တင်းကို ငါးသောင်းတောင် မရ‌တော့ဘဲ လှတဲ့ ဈေးမှ ငါးသောင်း၊ ခြောက်သောင်းလောက်ပဲ ရှိတာလို့ လူငယ်တောင်သူ ၁ ဦးက ပြောပါတယ်။ 

“ဧက ၃၀ လောက်လုပ်ထားတာ။ အရင်း သိန်း ၁၃၀ ကျော်ကျတယ်။ အခု မိုခါ အပျက်အစီးလည်း ခံရသေးတယ်။ မုန်တိုင်းအပြီး နေသာမှ ကောက်ရတာ။ ပဲထွက်လည်း လျော့သေးတယ်။ တကယ်လို့ ၅ သောင်းဈေးသာ ဆိုရင်တော့ ကောက်ခ၊ ခြွေခတင်တောင် တတင်း ၁၄၀၀၀ လောက်ကျတယ်။ တခြား ကုန်ကျစရိတ်တွေ မပါသေးဘူး။”

ဒါ့အပြင် ချောင်းရေတက်တာကြောင့် ၅ ဧကခန့်က အပင်တောင် မရလိုက်တဲ့အပြင် ၂၅ ဧက ကောက်တာ တင်း ၃၀ ပဲ ရတာတောင် အရည်အသွေး မကောင်းတော့သလို တချို့အပင်တွေက ရေနာပြီး သေတာတွေကြောင့် အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။ 

များသောအားဖြင့် ပဲတီစိမ်းတွေက ဆက်တိုက် ပန်းပွင့်ပြီးတော့ ဆက်တိုက် ခူးရတဲ့အမျိုးဖြစ်ကာ အနည်းဆုံး သုံးကြိမ် ခူးရတာ ဖြစ်ပြီး မခူးဆွတ်ရသေးတဲ့ တောင်သူတွေ အနေနဲ့ ဆုံးရှုံးမှု တန်ဖိုး တော်တော်များတယ်လို့ နောက်ထပ် ပဲ စိုက် တောင်သူ ၁ ဦး က ပြောပါတယ်။ 

"တချို့အနေနဲ့ ပထမအကြိမ် ခူးပြီးသား အခြေအနေဖြစ်တယ်။ တချို့အနေနဲ့ ပထမအကြိမ်တောင် မခူးရသေးဘူး။ လုံးလုံးမှ မရသေးဘူးပေါ့နော်။ အဲလိုမျိုး ခူးခါနီးမှာ ဒီလို ကျလိုက်တော့ ပျက်စီး ဆုံးရှုံးသွားကြတယ်။" လို့ သူက ပြောပါတယ်။ 

မိုးမိလို့ရှိရင် ပဲတောင့်တွေကွဲ၊ အသီးထဲ ရေ‌ တွေဝင်၊ အသီးတွေ မှိုတက်ပြီး နှမ်းလိုဟာမျိုးဆိုရင် အသီးတောင့်ကို မိုးစက်မှန်လိုက်လို့ ရှိရင် လုံးဝ ကွဲသွားပြီး အစေ့တောင် မရတော့ဘူးလို့ သူက ရှင်းပြပါတယ်။ 

ဒီနှစ်က ပဲ ဝယ်လိုအားများပြီး ဈေးနည်းနည်းကောင်းတာကြောင့် အဲဒီဒေသက တောင်သူတွေက ပဲစိုက်များကြတာဖြစ်ပြီး မနှစ်တုန်းက ဈေးထက်စာရင် ဒီနှစ်က ဈေး စစချင်း ပဲ တစ်တင်းကို ခုနှစ်သောင်း ပေါက်ဈေးရှိနေပေမယ့် အခုအနေအထားမှာတော့ မိုး မိတာတွေရော၊ အစိုဓာတ်များတာတွေရော၊ ပဲ အရောင်မလှတာတွေရော၊ ဒီမိုးစိုသွားတဲ့အခါ ဘယ်လောက် ကောင်းတယ်ပြောပြော မူလ ကာလာတော့ မရတော့တဲ့ အနေအထားဆိုတော့ ဈေးကတော့ ကျသွားတာလို့ ပြောပါတယ်။ 

တောင်သူတွေအနေနဲ့ တရုတ်နယ်စပ်မှာ ပဲ တန်ချိန် သောင်းချီ ချိပ်ပိတ်ခံရတာကြောင့် ဈေးကွက်ထိခိုက်တာမျိုးတော့ အနည်းငယ် သာရှိပြီး လက်ရှိမှာ မန္တလေး ကနေ တရုတ်ဘက် ကုန်းလမ်းကနေ တိုက်ရိုက်ပို့တာ မရှိတော့ပေမယ့် တရုတ်ဘက်ကို ရန်ကုန်ကနေတဆင့် ရေလမ်းကြောင်းနဲ့ တင်ပို့နေကာ အဓိက ရာသီဥတုကြောင့် ပျက်စီးသွားလို့ ဆုံးရှုံးရတာလို့ဆိုပါတယ်။

ဒီနှစ်မှာ မိုခါ မုန်တိုင်းလာတော့ အလယ်ပိုင်း မိုးနည်းရပ်ဝန်းမှာ မိုးရေချိန်က ပုံမှန်ထက်များတဲ့အခါကျတော့ သီးနှံတွေ ပထမဦးဆုံးအချက်က မိုးမိလို့ ဆုံးရှုံးပြီး ဒုတိယပုံစံက သဲချောင်းတွေထဲကနေပြီးတော့ ချောင်းတွေ ရေကျလို့ ပျက်စီးကုန်တာလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ 

မြန်မာတောင်သူတွေ အဓိက ကြုံတွေ့နေရတာက ဆုံးရှုံးသွားရင် အစားထိုးနိုင်မယ့် အနေအထားမျိုး မရှိဘဲ တချို့က ဆုံးရှုံးသွားရင် နောက်ထပ် အရင်းစိုက်နိုင်ဖို့ စုဆောင်းထားတဲ့ ရွှေ၊ ရွှေ မရှိတဲ့ သူက ကျွဲနွား၊ ကျွဲနွားမရှိတဲ့သူတွေက နောက်ဆုံး လယ်ကို ဖဲ့ရောင်းရတာမျိုး ဖြစ်နေတာကြောင့် တခြားနိုင်ငံတွေလိုပဲ သီးနှံ အာမခံစနစ်ကို ပေါ်ပေါက်လာစေချင်ကြောင်း အဲဒီ ဒေသခံ တောင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013