DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် အကျဉ်းသား ၁၇၃ ဦး ပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသား မပါဝင်
DVB
·
April 19, 2023
ရခိုင်ပြည်နယ်တွင် အကျဉ်းသား ၁၇၃ ဦး ပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသား မပါဝင်
Donate to DVB

ရခိုင်ပြည်နယ်ရှိ  အကျဉ်းထောင် ၄ ခုကနေ အကျဉ်းသား ၁၇၃ ဦးကို စစ်ကောင်စီက မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပေမဲ့ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ဆက်စပ်ပြီး ဖမ်းဆီးတရားရင်ဆိုင်နေရတဲ့သူတွေ တဦးမှ ပြန်လွတ်မလာဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်၊ ဧပြီ ၁၇ ရက်မှာ စစ်တွေထောင်က ၁၇ ဦး၊ ဘူးသီးတောင်ထောင်က ၁၂၄ ဦး၊ ကျောက်ဖြူထောင်က ၁၉ ဦးနဲ့ သံတွဲအကျဉ်းထောင်က ၁၃ ဦးက လွှတ်ပေးခဲ့ပေမဲ့ အေအေနဲ့ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲခံထားရသူ တဦးမှ ပြန်လွတ်လာတာမရှိဘဲ စစ်ပြေး၊ ရဲပြေးနဲ့ လဝကမှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေတဲ့လူတွေသာ ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ပြန်လွှတ်ပေးတဲ့အထဲ နိုင်ငံရေးမှုနဲ့ တယောက်မှမပါတာဟာ စစ်ကောင်စီနဲ့ အေအေတို့အကြား သဘောတူညီမှုကို ချိုးဖောက်မှုဖြစ်သလို လူအခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်တယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

“ရခိုင်ပြည်နယ်က ထောင် ၄ ခုက နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့် အကျဉ်းသား ၁၇၃ ဦး လွှတ်ပေးတယ်လို့ သိရတယ်။ အဲဒီအထဲမှာ အေအေနဲ့ဆက်စပ်ပြီး ဖမ်းဆီး တရားစွဲခံထားရတဲ့သူ တဦးမှ လွတ်လာတာမရှိဘူး။ စစ်ကောင်စီနဲ့ အေအေတို့အကြား အပစ်အခတ်ရပ်စဲတာမှာ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရမယ်ဆိုပြီး ကတိပါတယ်လို့ သိရတယ်။ အခု တယောက်မှ လွှတ်မပေးတော့ သဘောတူညီချက်တွေကို ချိုးဖောက်နေတာလို့ ပြောလို့ရတယ်။ နောက် လူ့အခွင့်အရေးဘက် ဆိုရင်တော့ ဥပဒေအရ မဟုတ်တဲ့ ဖမ်းဆီးချုပ်နှောင်မှုလို့ ခေါ်တယ်။ ဥပဒေအရဆိုတာက သက်သေအထောက်အထားနဲ့ ဖမ်းဆီးတာကို ဥပဒေအရလို့ခေါ်ပြီး သက်သေမရှိဘဲ ဖမ်းဆီးတာဟာ ဥပဒေအရမဟုတ်တဲ့ ဖမ်းဆီးမှုဖြစ်တယ်။ ဒီဟာက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၉ကို ချိုးဖောက်ရာကျတယ်။”

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲကြရမှာ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ သဘောတူညီချက်တွေပါပေမဲ့ လိုက်နာမှု အားနည်းနေတယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားခဲ့ပါတယ်။

ရုံးချိန်းတွေမှာလည်း စစ်ကောင်စီရဲ့ တရားလိုတွေ မရောက်ကြတာကြောင့် ရုံးချိန်းစစ်ဆေးမှုမရှိတာ ၂ လကျော်ခန့် ကြာမြင့်နေပြီဖြစ်ပြီး အဖွဲ့အစည်း ၂ ခုကြား သဘောတူညီမှုရှိထားရင် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က အပါအဝင် ပုဒ်မတချို့နဲ့ တရားစွဲဆိုခံထားရတဲ့ ပုဏ္ဏားကျွန်းမြို့က ကိုဦးဘလှိုင်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

“ကျမယောကျ်ား အပါအဝင် နိုင်ငံရေးပုဒ်မနဲ့ တရားရင်ဆိုင်နေရသူတွေ ပြန်လွတ်မလားဆိုပြီး မျှော်နေတာ တဦးမှ ပါမလာဘူး။ ကျမယောကျ်ားက ဘာအပြစ်မှရှိတာမဟုတ်ဘူး၊ ပြန်လွတ်စေချင်တယ်။ အခုလည်း တရားလိုတွေ မရောက်တာကြောင့် ရုံးချိန်းထုတ်ပြီး မစစ်ဆေးတာ ၂ လကျော်သွားပြီ။ စစ်တပ်နဲ့ အေအေကြားမှာ သဘောတူညီချက်တွေ ရှိတယ်ဆိုရင်တော့ အမြန်ဆုံး လွှတ်ပေးစေချင်တယ်။”

စစ်ကောင်စီအနေနဲ့ ကတိအဝတ်တည်တယ်ဆိုရင် ကတိအတိုင်း အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရမယ်လို့ စစ်တွေမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

“စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်အကြားမှာ ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးဖို့ ကတိကဝတ်ရှိတယ်ဆိုရင် စစ်ကောင်စီက သူ့ရဲ့ကတိအတိုင်း ပြန်လွှတ်ရမှာဖြစ်တယ်။ မနေ့က ရခိုင်မှာ အကျဉ်းသား ၁၇၃ ဦးလွတ်တယ်၊ နိုင်ငံရေးအကျဉ်းသား တဦးမှပါမလာဘူး။ ဒါဟာ စစ်ကောင်စီက သူ့ရဲ့ကတိတွေကို ချိုးဖောက်နေတာဖြစ်တယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၈ ခုနှစ်မှ အခု ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက အရပ်သား ၅၉၄ ဦးကို ဖမ်းဆီး တရားစွဲဆိုခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူ ၃၉၁ ဦးခန့်သာ ရှိသေးကာ ဖမ်းဆီးထားသူ ၂၀၃ ဦးအထိ ရှိနေသေးတယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်အတွင်းက တကျော့ပြန်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသူ ၅၀ ကျော်ခန့်ရှိတယ်လို့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013