DVB Logo
Home
Lead Story
တော်လှန်ရေးကာလ မီဒီယာကဏ္ဍ
DVB
·
March 1, 2023
တော်လှန်ရေးကာလ မီဒီယာကဏ္ဍ
Donate to DVB

မိတ်ဆွေတယောက်နဲ့ အချိန်တော်‌တော်ကြာ‌အောင် စကားပြောဖြစ်ခဲ့တယ်။ သူကမေးတယ်၊ ဒီနွေဦးတော်လှန်ရေးက ဘာကြောင့် နိုင်မှာလို့ ပြောနိုင်တာလဲဗျတဲ့။ အမေးရှိတော့လည်း အဖြေရှိရမှာပေါ့ဗျာလို့ ပြန်ဖြေရင်း သူ့ကို ကျနော်က မေးခွန်းတခု ပြန်မေးလိုက်တယ်။ ခင်ဗျား ၁၉၈၈ ခုနှစ်အရေးအခင်းကို မီလား .. (၁၉၆၂ ခုနှစ်အရေးအခင်းဆို နည်းနည်းဝေးလို့ တော်တော်များများ သိမီလိုက်တဲ့ ၈၈ အရေးအခင်းကို မေးလိုက်တာဖြစ်ပါတယ်) မီလိုက်သည်ဖြစ်စေ၊ မမီလိုက်သည်ဖြစ်စေ၊ ကျနော် ဖတ်မှတ် သိရသလောက် ၈၈ နဲ့ ၂၁ ကွာခြားချက်ကို ပြောပြမယ်။ နည်းနည်းတော့ရှည်မယ်၊ ခင်ဗျားအားရဲ့လားဆိုတော့ ရပါတယ် ပြောပါတဲ့ ...။

၁၉၈၈ အရေးအခင်းမှာ ကျောင်းသားထုကနေစပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တစ်ပါတီအာဏာရှင်စနစ်ကို  မနှစ်သက် လက်မခံနိုင်လို့ စတင်တော်လှန် ဆန္ဒပြခဲ့ကြတယ်။ ၁၉၆၂ ခုနှစ်ကတည်းက ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်တဲ့စစ်တပ်က အာဏာသိမ်းပြီး  ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်အုပ်ချုပ်ခြင်းခံခဲ့ရလို့ အကြောက်တရား မကုန်သေးချိန်လို့ ပြောရမှာပဲ။ ပြည်သူတွေကို နိုင်ငံရေးလုပ်ရင် ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားတဲ့ ရာဇဝတ်သားတယောက်လို ဖမ်းဆီးနှိပ်စက်ကာ ဆွေစဉ်မျိုးစက် အညွန့်တုံးအောင် အနိုင်ကျင့်တဲ့အချိန်လို့ ဆိုရမယ်။ ၈၈ နောက်ပိုင်းမှာတော့ နိုင်ငံရေးသမားတွေ နှစ်ရှည်ထောင်ဒဏ်တွေချ၊ မိသားစုအသိုင်းအဝိုင်း အပယ်ခံလို ဖြစ်ခဲ့ရတယ်။ 

၈၈ အလွန်မှာ အစိုးရဝန်ထမ်း လုပ်မယ်ဆိုရင်တောင် နိုင်ငံရေးကင်းရှင်းရမယ်လို့ လက်မှတ်ရေးထိုးရတဲ့ ကာလ ဖြစ်ခဲ့တယ်။ နိုင်ငံရေးသမားတွေကိုလည်း ဖိနှိပ်တယ်၊ တချို့ကို အခွင့်အရေး‌တွေပေးပြီး နိုင်ငံရေးမလုပ်နဲ့ ကြိုက်တာလုပ်ဆိုပြီး သူတို့လူဖြစ်အောင် သိမ်းသွင်းစည်းရုံးတယ်။ သူလျှိုတွေ၊ ဒလန်တွေ အများအပြား မွေးထုတ်တယ်။ အဲဒီမှာ ၈၈ က ယိုယွင်းသွားတယ်။ ဒါပေမဲ့ ၈၈ အရေးအခင်း မရှုံးခဲ့ဘူး။ နိုင်ငံရေးအသိတွေ၊ နိုင်ငံရေးအမြင်တွေ ပြည်သူတွေ သိမြင်လာကြတယ်။ ၁၉၉၀ ပါတီစုံ အထွေ‌ထွေရွေးကောက်ပွဲ စစ်အာဏာရှင် ကျင်းပ‌ပေးခဲ့ရတယ်။ အဲဒီမှာ စစ်အုပ်စုက အနိုင်ရပါတီကို အာဏာလွှဲမပေးဘဲ လက်နက်နဲ့ အနိုင်ကျင့်ခဲ့ကြတယ်။ အလိမ်ခံရတာကို ပြည်သူတွေသိတယ်။ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးထောင်ချပစ်တယ်။ ပြည်သူတွေ ကျေနပ်မှုမရှိခဲ့ဘူး။ ဒါကို စစ်အုပ်စုက ကောင်းကောင်းသိတယ်။ ဒါကြောင့် ပြည်သူတွေ ပုန်ကန်ထကြွမလာအောင် ထောင့်ပေါင်းစုံကနေ ကြိုတင်အကွက်ချ ပြင်ဆင်ထားကြတယ်။ ၂၀၂၁ အာဏာသိမ်းတော့ အဲ့ဒီတုန်းကအတိုင်း အကုန်ဖမ်းပြီး ထောင်ထဲထည့်ပစ်လိုက်တယ်။

၈၈ လူထုအုံကြွမှုက ၂၀၂၁ လိုပဲ လူထုအုံကြွမှု အားကောင်းခဲ့တယ်။ စစ်တပ်က ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးသတ်ဖြတ်ပြတယ်။ ဒါပေမဲ့လည်း အုံကြွမှုက ဆက်လက်အားကောင်းခဲ့တယ်။ စစ်အုပ်စုလက်အောက်‌ခံဖြစ်သွားတဲ့ ၈၈ က ဦးဆောင်သူတချို့ ရှိခဲ့သလို သူလျှို ဒလန်တွေကြောင့် အချင်းချင်းသတ်ဖြတ်မှုတွေရှိခဲ့တယ်။ နွေဦးတော်လှန်ရေးမှာလည်း အဲ့ဒီလိုဖြစ်စဉ်တွေ ဒီနေ့ထိရှိနေတယ်။ ၈၈ မှာ ဦးဆောင်ခဲ့တဲ့ သူတွေက အခုခေတ်လူငယ်တွေကို နိုင်ငံရေးအသိအမြင်တွေကို သူတို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ချိန်ထိုးပြီး ယနေ့ တော်လှန်ရေးကာလမှာတော့ လမ်းပြပေးနိုင်ခဲ့တယ်။

၈၈ အရေးအခင်း လူထုတော်လှန်ရေးတိုက်ပွဲမှာ သတင်းအချက်အလက်စီးဆင်းမှု တော်တော်လေး အားနည်းခဲ့တယ်။ အဲ့ဒီကာလမှာ ပြည်သူတွေ BBC, VOA,  RFA တို့က ထုတ်လွှင့်တဲ့ ရေဒီယိုသတင်းလောက်ပဲ နားထောင်ကာ တော်လှန်ရေးနဲ့ပတ်သက်တဲ့ သတင်းတွေ သိရှိခဲ့ကြရတယ်။ လေလှိုင်းထဲက လူသတ်သမား၊ BBC, VOA ညာနေသည်၊ ဘာညာဆိုပြီး စစ်တပ်က သူတို့လက်အောက်ခံ မီဒီယာတွေကနေ ဝါဒဖြန့်ခဲ့ကြတယ်။ အဲ့ဒီ ရေဒီယိုသတင်းလေး သိရဖို့တောင် ညဘက် မီးပိတ်ပြီး အသံကို အတိုးနိုင်ဆုံးတိုးလို့ ခိုးနားထောင်ကြရတယ်။ ပိုဆိုးတာက နံရံတိုင်းမှာ နားတွေရှိတယ်ဆိုပြီး နိုင်ငံရေးအကြောင်းကို မိသားစုချင်းတောင် ကျယ်ကျယ်မပြောရဲခဲ့ကြဘူး။ လူစိမ်းမြင်ရင် ထောက်လှမ်းရေးလား၊ စစ်တပ်ကလားဆိုပြီး ကြောက်‌နေကြရတယ်။ နိုင်ငံရေးအကြောင်း လူစုပြီးပြောဖို့ဆို ဝေးရောပဲ။ တော်လှန်ရေးသတင်း၊ နိုင်ငံရေးသတင်း ပြည်သူတွေကို ဘာမှသိခွင့်မရှိအောင် ထိန်းချုပ်ထားခံခဲ့ရတယ်။

၂၀၂၁ နွေဦးတော်လှန်ရေး ဘာကြောင့်နိုင်မယ်လို့ ပြောရသလဲဆိုရင် တော်လှန်ရေးသတင်း၊ နိုင်ငံရေးသတင်း ပြည်သူတွေ နားလည်သိရှိတဲ့ အနေအထားကို ရောက်ခဲ့ကြပြီ။ ၂၀၁၅ မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အသုံးပြုပြီး ပြည်သူတွေ အသိအမြင်တွေ တိုးတက်ပြောင်းလဲလာကြပြီ။ အချိန်နဲ့တပြေးညီ ဘယ်အရပ် ဘယ်ဒေသမှာတော့ ဘာတွေဖြစ်နေပြီ၊ ဘာတွေလုပ်နေကြပြီ ဆိုတာ သိရှိနိုင်ခဲ့ကြပြီ။ ဒါကြောင့်မို့ အာဏာသိမ်းလိုက်တာနဲ့ တပြိုင်တည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း အရင်ဖြတ်တယ်။ သူတို့ ကြာကြာမဖြတ်နိုင်ဘူး။ Mobile Banking တွေ၊ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာတော့ ပြန်ဖွင့်ပေးရတယ်။ လူမှုကွန်ရက် ဆိုရှယ်မီဒီယာ အသုံးပြုမရအောင် လုပ်ခဲ့ကြတယ်။ ပြည်သူတွေကလည်း VPN ကြားခံထားကာ ရအောင်အသုံးပြုပြီး သတင်းစီးဆင်းမှုအတွက် လုပ်ဆောင်ခဲ့ကြတာ ဒီနေ့အထိပါပဲ။ 

အာဏာသိမ်းကာစမှာ မီဒီယာတွေကို တားဆီးထိန်းချုပ်ခဲ့ကြတယ်။ ရုပ်/သံ သတင်းဌာ‌နတွေကို ပိတ်တယ်။ သတင်းသမား၊ မီဒီယာသမားတွေကို ဖမ်းဆီး သတ်ဖြတ် ခြိမ်းခြောက်ခဲ့ကြတယ်။ ထိုင်းဂြိုဟ်တုနဲ့ ချိတ်ဆက်ထားတဲ့ ၂ ပေစလောင်း PSI စလောင်းတွေ ဖြုတ်သိမ်းခိုင်းတယ်။ စစ်အုပ်စုက သူတို့လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကျေးရွာရပ်ကွက်တွေထဲမှာ လိုက်လံရှာဖွေ ဖမ်းဆီး ဖြုတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့ကြတယ်။ လျှပ်စစ်ပစ္စည်းဆိုင်တွေမှာ ၂ ပေစလောင်းနဲ့ စက်တွေ မရောင်းချဖို့အထိ ဖိအားပေး တားဆီးခဲ့ကြတယ်။ 

နည်းပညာခေတ် အင်တာနက်ခေတ်မှာ သူတို့ ဘယ်လိုမှ သတင်းစီးဆင်းမှုကို တားဆီးထိန်းချုပ်နိုင်စွမ်း မရှိခဲ့ဘူး။ အာဏာသိမ်းစစ်ကောင်စီက သတင်းဌာနတွေကို ပိတ်သိမ်းတယ်။ သူတို့ လိုက်မမီနိုင်တဲ့ နေရာဒေသ တောတောင်တွေဘက် တိမ်းရှောင်ပြီး သတင်းသမားတွေ သတင်းဌာနတွေက သတင်းတင်ဆက်မှုကို ကြိုးစားတင်ဆက် ထုတ်လွှင့်ခဲ့ကြတယ်။ နွေဦးတော်လှန်ရေးမှာ မီဒီယာအားသာခဲ့တယ်။ မီဒီယာအားကောင်း အားသာမှုကြောင့် နေ့စဉ်နဲ့အမျှ လူထုဆန္ဒပြပွဲသတင်း၊ တော်လှန်ရေးတိုက်ပွဲသတင်း ပြည်သူတွေ နေ့စဉ် သိရှိခဲ့ကြတယ်။ လှူစရာရှိလှူ၊ ကူစရာရှိကူရင်း ဒီနေ့အထိ တိုက်ပွဲဝင်နေကြတယ်။ ၈၈ ကထက် ၂၁ က သတင်းစီးဆင်းမှု နိုင်ငံတကာထိ သတင်းပျံ့နှံ့မှု၊ ပြည်တွင်း/ပြည်ပ မီဒီယာထိုးဖောက်မှု အားကောင်းတဲ့အတွက် ဒီနွေဦးတော်လှန်ရေး မုချအောင်ရမယ်လို့ ပြောရခြင်းဖြစ်ပါတယ်။

ဘဘ ဦးဝင်းထိန်စကားလေးနဲ့ နိဂုံးချုပ်ပါရစေ... (Myanmar Now မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ပြန်ပြောပြသည့် ဦးဝင်းထိန်စကား ကောက်နုတ်ချက်)

“ဒီကလေးတွေကို အားပေးပါ၊ ခွန်အားဖြစ်စေမယ့် အကူအညီတွေပေးပါ၊ ပြစ်တင်ဝေဖန်တာတွေ စောကြောတာတွေ သိပ်မလုပ်ပါနဲ့” ဒီတော်လှန်ရေး အောင်မြင်လိုတယ်ဆိုရင် ဘဘ ဦးဝင်းထိန်ရဲ့စကား လက်ခံကျင့်သုံးကြပါလို့ တိုက်တွန်းရင်း ...။

ပေကြီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013