DVB Logo
Home
မြန်မာသတင်း
PDF တပ်ဖွဲ့တချို့ ရိက္ခာထောက်ပံ့ကြေးမရသဖြင့် ရေရှည်ရပ်တည်ရန် ခက်ခဲနေ
DVB
·
October 10, 2022
PDF တပ်ဖွဲ့တချို့ ရိက္ခာထောက်ပံ့ကြေးမရသဖြင့် ရေရှည်ရပ်တည်ရန် ခက်ခဲနေ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်ကိုင်းတိုင်းထဲက PDF တပ်ဖွဲ့တချို့ ရိက္ခာအတွက် ပုံမှန်ထောက်ပံ့ကြေးမရတာကြောင့် ရပ်တည်ဖို့ ခက်ခဲလာနေတယ်လို့ PDF ခေါင်းဆောင်တွေထံက သိရပါတယ်။

NUG က တပ်သားတစ်ယောက်ကို တစ်လ ဒေါ်လာ ၂၀ နှုန်းထောက်ပံ့ဖို့ကြိုးစားနေပေမယ့် ပုံမှန်ထောက်ပံ့ကြေး မရတဲ့ PDF တွေ ရှိနေပါတယ်။

မြေပြင်မှာ အလုပ် လုပ်ကိုင်စားသောက်လို့မရတာ၊ အဓိကအထောက်အပံ့ဖြစ်ခဲ့တဲ့ ဒေသခံပြည်သူတွေကိုယ်တိုင် အိုးအိမ်တွေဆုံးရှုံးပြီး စီးပွားပျက်နေတာ၊ လက်နက်နဲ့ ကျည်ဆန်ဝယ်ယူရေးကို ဦးစားပေးနေရတာတွေကြောင့် PDF တွေဟာ ရိက္ခာအတွက် အခက်အခဲရှိနေတာဖြစ်ပါတယ်။

NUG က ၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး လက်အောက်ခံ PDF တွေကို ရိက္ခာအတွက် ထောက်ပံ့ကြေးပေးခဲ့ပေမယ့် လက်ရှိမှာတော့ ပုံမှန်မရတော့ဘူးလို့ ပင်လယ်ဘူးဒေသခံ PDF ခေါင်းဆောင်  ဇီးကွက်က ဒီဗွီဘီကို ပြောပါတယ်။

“ပင်လယ်ဘူးမှာတော့ PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်ရှိတယ်။ ပကဖ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရှိတယ်။ ပလဖ ပြည်သူ့လုံခြုံရေးအဖွဲ့ရှိတယ်။ ပအဖ လို့ခေါ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရှိနေပါတယ်။ လွတ်မြောက်နယ်မြေအဖြစ်ကြေညာထားတဲ့အတွက် NUG အစိုးရရဲ့ချမှတ်ထားတဲ့မူဝါဒအတိုင်း လည်ပတ်နေတာ အချိန်ကာလ ၅ လလောက်ရှိပါပြီ။ အခွန်အခတွေကိုလည်းစနစ်တကျဆောင်ရွက်နေပြီး ဒီကရတဲ့ ငွေတွေကို ကျနော်တို့ ဝန်းဝိုင်းပြီး တတ်နိုင်သလောက် ထောက်ပံ့ပြီးတော့မှ အဆင်ပြေအောင် သွားနေတာဖြစ်ပါတယ်။ NUG အစိုးရကို အဓိက တောင်းဆိုချင်တာကတော့ ပင်လယ်ဘူးမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေကို ထောက်ပံ့ကြေးမပေးတာ ၂လတာကာလရှိနေပြီဖြစ်တဲ့အတွက် အဲ့ဒါကို အမြန်ဆုံးပေးရင်တော့ ပိုလို့အဆင်ပြေမယ်လို့ အဲ့ဒါလေးကိုတောင်းဆိုချင်တယ်ခင်ဗျ။”

ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ယောက် စားနပ်ရိက္ခာဖူလုံရေးအတွက် လစဉ် ဒေါ်လာ ၂၀ (ကျပ်ငွေ ငါးသောင်းကျော် ခြောက်သောင်း) ပုံမှန်ထောက်ပို့နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးစားနေတာဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ ၂၀၂၂ အထိတပ်သားအင်အား ၅၀,၀၀၀ သောင်းကျော်ရှိနိုင်တယ်လို့ လေ့လာသူတွေကခန့်မှန်းထားတာကြောင့် တစ်လကို ပုံမှန်ရိက္ခာထောက်ပို့စရိတ် အနည်းဆုံး ဒေါ်လာတစ်သန်းရှိဖို့လိုအပ်နေပါတယ်။

၂၀၂၁ နှစ်ကုန်ပိုင်းက စတင်အကောင်အထည်ဖော်ခဲ့တဲ့ ပြည်သူတော်လှန်ရေးထောက်ပို့မိသားစု PRF အစီအစဉ်ကို ပုံမှန်ဝင်နေတဲ့အလှူငွေပမာဏဟာ လစဉ် တစ်လကို ဒေါ်လာ ၆ သိန်းကျော် ၇ သိန်း (မြန်မာကျပ်ငွေသိန်းတစ်သောင်းကျော်)ရှိပါတယ်။

ဒီလိုအပ်ချက်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှိနေတဲ့ PDF တွေကို ရိက္ခာစရိတ် ပုံမှန်ထောက်ပို့ဖို့ မလုံလောက်တာဖြစ်ပါတယ်။

မြေပြင်မှာ ဖြစ်ပေါ်နေတဲ့လိုအပ်ချက်တွေ၊ ဝေဖန်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသိရှိနားလည်ထားပြီး ရရှိထားတဲ့ငွေကြေးကို ဗျူဟာမြောက် ခွဲခြမ်းအသုံးပြုနေရတဲ့အတွက် အကျပ်အတည်းတချို့ရှိနေတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က စက်တင်ဘာ ၂၄ ရက် ခုခံတော်လှန်စစ်တစ်နှစ်တာခရီး ဆွေးနွေးပွဲမှာ ပြောပါတယ်။ 

“ကျနော်တို့မှာ အားလုံးကိုလက်နက်ပေးနိုင်ဖို့ဆိုတာက မလွယ်ဘူး။ အားလုံးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ဆိုတာက တော်လှန်ရေးကာလဖြစ်တော့ မဖြစ်နိုင်ပါဘူး။ ဘယ်နိုင်ငံ တော်လှန်ရေးမှလည်း မဖြစ်ခဲ့ဘူး။ ဆိုတော့ အဓိကအကျဆုံးနဲ့ အထိရောက်ဆုံးဖြစ်နိုင်မယ့် နေရာတွေက ဘယ်နေရာတွေမှာလဲ။ ဒါတွေကို မဟာဗျူဟာကျ ထိထိရောက်ရောက်နဲ့ သုံးစွဲနိုင်ဖို့လိုတယ်။ ဒီလိုအချိန်မှာ ဟိုလူက ဟိုဘက်နေရာမှာ ဒီလိုတွေဖြစ်တယ်။ ဒီလို အထောက်အပံ့တွေ ရတယ်။ ဒီမှာတော့မရဘူးဆိုတဲ့ ဒီလိုစိတ်မျိုးမဟုတ်ဘဲနဲ့ မဟာဗျူဟာအရ ဘယ်နေရာက ထိရောက်တာလဲ။ မဟာဗျူဟာအရ ဘယ်လိုသုံးစွဲရမှာလဲ။ ဒီလို မဟာဗျူဟာမြောက်ဆောင်ရွက်နိုင်ဖို့ လိုတယ်။ ဒါတွေက ကျနော်တို့ရဲ့ အဆုံးအဖြတ်ဖြစ်လာမယ့်အချိန်တွေမှာ အရေးကြီးတဲ့ကိစ္စရပ်တွေ ဖြစ်ပါတယ်” လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

NUG က တော်လှန်ရေးအတွက် ငွေကျပ် ဘီလီယံ ၁၄၀၀ လောက်အထိလိုအပ်နေပြီး ကာကွယ်ရေးစရိတ်အတွက် ငွေကျပ် ဘီလီယံ ၆၀၀၊ တခြားလိုအပ်ချက်တွေဖြည့်ဆည်းဖို့ ငွေကျပ် ဘီလီယံ ၈၀၀ လောက်အထိသုံးဖို့ လိုတယ်လို့   NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ၂၀၂၁ နိုဝင်ဘာ ၄ရက်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူတော်လှန်ရေးထောက်ပို့မိသားစု PRF အစီအစဉ်ကနေ ရရှိနေတဲ့အလှူငွေ တစ်လ ဒေါ်လာ ၆ သိန်းကျော် ၇သိန်းဝန်းကျင်ဟာ လစဉ် လက်နက်နဲ့ရိက္ခာ ယာထားလိုအပ်ချက်ရဲ့ ၃ ရာခိုင်နှုန်းသာရှိတဲ့အနေအထားဖြစ်ပါတယ်။

မြေပြင်မှာဖြစ်ပေါ်နေတဲ့ မလုံလောက်တဲ့အခြေအနေတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အလှူငွေတွေ ပိုရဖို့လိုအပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇူလိုင် ၁၇ ရက်နေ့ ပြည်သူနဲ့တွေ့ဆုံပွဲမှာ ပြောဆိုထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “ကာကွယ်ရေးဝန်ကြီးဌာနနဲ့ PRF Program ဆိုပြီး ဆောင်ရွက်ကြတဲ့ကိစ္စတွေသည် ဒီနေ့အချိန်အထိ လစဉ် လစဉ် ပုံမှန်အားဖြင့် ဒေါ်လာ ၇ သိန်းလောက် ရရှိနေပါတယ်။ ဒီဒေါ်လာ ၇ သိန်းက ကာကွယ်ရေးဝန်ကြီးဌာနရဲ့အသုံးစရိတ်ကို တိုက်ရိုက်ရောက်ရှိပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနက အကျအပေါက်မရှိ စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါတယ်။ PRF Program ကို ပြည်သူလူထုအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနဆီ တိုက်ရိုက်ရောက်ရှိတဲ့ အစီအမံဖြစ်တဲ့အတွက် မဆုတ်မနစ်နဲ့ ဆက်လက်ပူးပေါင်းပါဝင်ပေးဖို့အရေးကြီးပါတယ်။”

NUG နွေဦးထီ၊ NUG ငွေတိုက်စာချုပ်၊ လက်နက်ဝယ်ယူရေးကမ်ပိန်းအမျိုးမျိုး၊ ရန်ပုံငွေပွဲအမျိုးမျိုး စတဲ့နည်းလမ်းပေါင်းစုံနဲ့ NUG က ဝင်ငွေရရှိဖို့ကြိုးစားခဲ့ပြီး ရာခိုင်နှုန်းတချို့ကို လက်နက်ဝယ်ယူဖို့ အသုံးပြုခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးအတွက် နိုင်ငံတကာက ထောက်ပံ့ငွေ တပြားမှ မရသေးဘဲ ပြည်သူလူထုချွေးနှဲစာနဲ့ ထည့်ဝင်လှူဒါန်းကြတဲ့ ရန်ပုံငွေတွေနဲ့သာ လည်ပတ်နေရတာဖြစ်ပြီး  ပုံမှန်ကျည်ဆန်ဖိုးနဲ့ ရိက္ခာထောက်ပို့ဖို့အတွက် လစဉ်ဝင်ငွေတွေလည်း ထပ်မံရရှိဖို့လို အပ်နေတယ်လို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။

မြေပြင်မှာတော့ NUG မြို့နယ်လူကြီးတွေနဲ့အဆင်မပြေတဲ့ အဖွဲ့ငယ်တွေဟာ တကယ်တိုက်ပွဲဝင်နေရပေမယ့် ဘာအထောက်အပံ့မှမရဘဲ ခက်ခက်ခဲခဲရပ်တည်နေရဆဲ ဖြစ်ပါတယ်။ 

ဆားလင်းကြီး တွေ့ရာသင်္ချိုင်းဓါးမဆိုင်းအဖွဲ့မှ  စွမ်းသူမောင်က “ကျနော်တို့ တော်လှန်လာခဲ့တယ်။ ဆန္ဒတွေပြခဲ့တယ်။ တိုက်ခိုက်ရေးမှာလည်း လုပ်ခဲ့တယ်။ ခုချိန်ထိ NUG ရဲ့ မယ်မယ်ရရ ထောက်ပံ့မှုဘာမှမရှိဘူး။ NUG က မြို့နယ်က လူကြီးတွေလောက်ပဲ လူရာသွင်းနေတယ်။ မြို့နယ်လူကြီးတွေ အဆိုသွင်းသမျှကို လက်ခံနေတယ်။ တချို့မြို့နယ်တွေမှာ လူကြီးတွေနဲ့အဆင်မပြေဘဲ တကယ်တိုက်နေတဲ့အဖွဲ့တွေ အများကြီးရှိတယ်။ မြို့နယ်ကတော့ နေရာရရေးနဲ့ သူတို့ကောင်းစားရေးအတွက်ပဲ ဟိုဟာဖြစ်နေတယ်။ တကယ်တိုက်တဲ့အဖွဲ့နဲ့ တကယ်အလုပ်မလုပ်တဲ့ မြို့နယ်နဲ့ရင်ဆိုင်ရတာက တစ်ခု။ NUG ရဲ့ ထောက်ပံ့မှုမရတာက တချက်ဆိုတော့ ၂ ချက် ရင်ဆိုင်နေရတယ် အဖွဲ့လေးတွေကတော့”လို့ ပြောပါတယ်။

လာမယ့်နှစ်ဟာ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာထားပါတယ်။ 

ဒါပေမဲ့ မြေပြင်မှာ ပြန့်ကျဲနေတဲ့ အဖွဲ့ငယ်တွေကို စုစည်းနိုင်ဖို့ NUG က မစွမ်းဆောင်နိုင်သေးတာဟာ တော်လှန်ရေးမှာ အားနည်းချက်တခု ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013