DVB Logo
Home
မြန်မာသတင်း
K Pay အကောင့်တချို့ ပိတ်သိမ်းခံရသဖြင့် ပြည်သူများ အခက်အခဲတွေ့နေ
DVB
·
October 2, 2022
K Pay အကောင့်တချို့ ပိတ်သိမ်းခံရသဖြင့် ပြည်သူများ အခက်အခဲတွေ့နေ
Donate to DVB

ငွေလဲနှုန်း ဆက်တိုက်ကျဆင်းနေတာကြောင့် ပြည်ပကထောက်ပို့တာဝန်ယူနေသူတွေ အခက်အခဲဖြစ်နေသလို ပြည်တွင်းမှာလည်း K Pay အကောင့်တချို့ ပိတ်သိမ်းခံရပြီး အစစ်အဆေး ကြမ်းနေတာကြောင့် ငွေကြေးစီးဆင်းမှုလမ်းကြောင်း ပြတ်တောက်ပြီး ပြည်သူတွေ အခက်အခဲတွေ့နေပါတယ်။ 

ပြည်တွင်းမှောင်ခိုဈေးကွက်မှာ အမေရိကန်တဒေါ်လာကို ငွေကျပ် ၃,၀၀၀ ဝန်းကျင် ဝယ်ဈေးရှိနေပေမယ့် ပြည်ပကနေ ပြည်တွင်းကို တရားမဝင်လမ်းကြောင်းကနေ ပို့ပါက တဒေါ်လာကို ငွေကျပ် ၂,၅၀၀ ကျော်ဈေးနဲ့ ပို့ပေးနေရတာပါ။ စက်တင်ဘာနောက်ဆုံးအပတ်အထိ ပြည်ပကနေငွေပို့ပါက တဒေါ်လာကို ငွေကျပ် ၃,၀၀၀ ကျော်နှုန်းရခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာ အခုလိုဈေးကျသွားတာပါ။ 

နိုင်ငံခြားထွက် အလုပ်လုပ်သူတွေ မိသားစုဆီကို သူတို့သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်း ဘဏ်တွေကနေ ပိုက်ဆံပြန်ပို့ဖို့ စစ်ကောင်စီက စက်တင်ဘာလဆန်းမှာ စတင် သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းဘဏ်တွေမှာ ငွေသွင်းငွေထုတ် ပြုလုပ်တာတွေကို စစ်ကောင်စီက ကြပ်မတ်တာ၊ ပြည်တွင်းက ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေကို  ဖိအားပေး ခြိမ်းခြောက်တာတွေကြောင့် အခုလို ငွေလွှဲဈေးကွက်ဟာ ကမောက်ကမဖြစ်ကုန်တာပါ။ 

အခုလို ရက်ပိုင်းအတွင်း ဒေါ်လာဈေးကျသွားတာဟာ မြန်မာကျပ်ငွေတန်ဖိုးရှိလာလို့ မဟုတ်ဘဲ စစ်ကောင်စီက  ဖိအားပေးအကျပ်ကိုင်တဲ့အတွက် ငွေလွှဲလုပ်ငန်းတွေ အလုပ်မလုပ်ရဲတော့တာကြောင့် ဖြစ်တယ်လို့ ဂျပန်ထောက်ပို့တပ်သား ကိုနံနံပင်က ပြောပါတယ်။

"ကျနော်တို့ PDF တွေကို ထောက်ပံ့တယ်ဆိုတာ မိသားစုစားဝတ်နေရေးကြောင့်ပဲဖြစ်ဖြစ်၊ ရိက္ခာအတွက်ပဲဖြစ်ဖြစ်၊ ကျည်ဆန်ဖိုးပဲဖြစ်ဖြစ် အခြေအနေအမျိုးမျိုးရှိတယ်။ ကျနော်တို့ ပူးပေါင်းပေးလိုက်တဲ့ငွေပမာဏကို တချို့ဟာတွေက ပုံမှန်သတ်မှတ်ထားတာရှိတယ်။ တချို့ဟာတွေက ပုံမှန်မဟုတ်ဘဲ အရေးကြီးရင်ကြီးသလိုပေါ့။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ လွှဲတဲ့အချိန်မှာ သူတို့ဘက်က ငွေဈေးကို အရမ်းကစားတာမျိုး လုပ်လိုက်တော့ ငွေဈေးအရမ်းကျသွားပြီး ဟိုဘက်ကိုရောက်တဲ့ ပမာဏနည်းသွားတယ်။ တခါတလေ အချိန်မီမရောက်တာမျိုးတွေရှိတယ် ပွဲကဖို့။ စားဝတ်နေရေးကလည်းရှိသေးတယ်။ အကုန်လုံးက အလုပ်နဲ့အကိုင်နဲ့ မဟုတ်ဘူး။ သူက လုပ်အားဆို ကိုယ်ကငွေအားပေါ့နော် ပူးပေါင်းပေးနေတာ ရစ်သမ်မမိတော့ဘူးပေါ့နော်။ ဟိုဘက်ကလည်း အခက်အခဲဖြစ်တယ်။ လွှဲရတဲ့ ကျနော်တို့မှာလည်း အခက်အခဲဖြစ်တယ်။ တရားဝင်လမ်းကြောင်းကလွှဲရင် အကုန်လုံး ဒုက္ခရောက်ကုန်မယ်။ နောက်တခုက မတန်တဆဈေးနဲ့ ကျနော်တို့ကပို့ရတယ်။ ဟိုဘက်က ငွေလွှဲလုပ်နေတဲ့သူအတွက်လည်း အန္တရာယ်အရမ်းများတယ်။ ပိုက်ဆံထုတ်လို့မရတာတို့ ဘာတို့ရှိတာပေါ့။ PDF ထောက်ပံ့တာမဟုတ်ရင်တောင် ကိုယ့်မိသားစုအတွက် ကိုယ်ပို့တာတောင် စိတ်က အဆင်မပြေဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ငွေလွှဲပေးတဲ့သူရော၊ ငွေလက်ခံတဲ့သူရော ၂ ယောက်လုံးကို သူတို့လိုက်ကြတာကိုး။"

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ လုပ်ကိုင်စားသောက်လို့ မရတော့တာကြောင့် ပြည်သူအများအပြားဟာ အလုပ်အကိုင်ရှိရာ မြို့ကြီးတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာပြီး ဝင်ငွေရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ်။ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ မိသားစုတွေဟာ ပြည်ပက သားသမီးတွေပေးပို့တဲ့ ငွေကြေးနဲ့စားဝတ်နေရေးကို ဖြေရှင်းနေရတာ ဖြစ်ပါတယ်။ 

ဘဏ်တွေကနေတဆင့် ငွေလွှဲရင် အထုတ်အသွင်း လုပ်ရခက်တာ၊ အခန့်မသင့်ပါက PDF ကို ထောက်ပို့ လုပ်တယ်ဆိုပြီး အဖမ်းခံရနိုင်တာ၊ ခြိမ်းခြောက်စစ်ဆေးတာတွေရှိနိုင်တာကြောင့် စစ်ကောင်စီပြောတဲ့ တရားဝင် ဘဏ်တွေကနေ ငွေလွှဲတဲ့နည်းလမ်းကို ပြည်သူတွေကမ သုံးချင်ကြပါဘူး။ 

ပြင်ပက ငွေလွှဲလုပ်ငန်းတွေကလည်း ဒီအခြေအနေမှာ စွန့်စားရမှုနဲ့ ငွေကြေးဈေးနှုန်း မတည်ငြိမ်တာကြောင့် ဈေးနှုန်းကိုချပြီးမှ ဝန်ဆောင်မှုပေးတဲ့ အနေအထားဖြစ်လာပါတယ်။ 

စစ်ကောင်စီ တရားဝင်လမ်းကြောင်း ဘဏ်တွေကတော့ သူတို့လမ်းကြောင်းကနေ ငွေလွှဲအောင် အောက်တိုဘာ ၁ ရက်နေ့က တဒေါ်လာ ငွေကျပ် ၂၉၀၀ ကျော်အထိ ဈေးပေးနေပါတယ်။ 

ဒီအခြေအနေတွေ မဖြစ်ပွားခင် စက်တင်ဘာ ၂၁ ရက်နေ့က ငွေကြေးဈေးကွက်မှာ ပြည်သူတွေ စိုးရိမ်စိတ်မြင့်တက်လာအောင် KBZ Pay အကောင့်တချို့ကို မသင်္ကာမှုနဲ့ စစ်ကောင်စီက ပိတ်သိမ်းခဲ့ပါတယ်။

ခင်ဦးဒေသခံပြည်သူတဦးက "ကျမတို့ခင်ဦးနယ်က ပြည်သူတွေ အရမ်းကို ခက်ခဲ ကျပ်တည်းနေပါတယ်ရှင့်။ ကိုယ့်ရဲ့နယ်မှာ လယ်ယာဆိုတာလည်း မလုပ်စားရတဲ့အတွက် ဝင်ငွေလည်းမရှိသလို စားဖို့လည်း အကျပ်အတည်းဖြစ်နေပါတယ်။ ပြည်သူတွေက သူတို့သားသမီးတွေက နိုင်ငံရပ်ခြားမှာရှိကြသလို ပြည်တွင်းမှာလည်း အလုပ်လုပ်ပြီးတော့ သူတို့လုပ်အားခလေးတွေ ပို့ဆောင်တဲ့နေရာမှာလည်း KBZ Pay တို့ Wave Pay တို့နဲ့သာ ပို့တာဖြစ်တဲ့အတွက် သူတို့ ဒီလိုပိတ်လိုက်တာတွေအတွက် အခက်အခဲ အကျပ်အတည်း ဖြစ်သွားလို့ ကျနေတို့ အနေနဲ့စိတ်မကောင်းပါဘူး။ အဲ့ဒါကြောင့်မို့ ပြည်သူတွေကို သနားငဲ့ညှာသောအားဖြင့် စကစအနေနဲ့ K Pay  Wave Pay တွေကို ဒီလိုမျိုး အခက်အခဲဖြစ်အောင် မလုပ်စေချင်ဘူး” လို့ ပြောပါတယ်။

အထူးသဖြင့် စစ်ဘေးသင့်နေတဲ့ မန္တလေး၊ စစ်ကိုင်းနယ်စပ်နဲ့ အနောက်မြောက်တိုင်းစစ်ဒေသက ပြည်သူတွေဟာ အင်တာနက်လိုင်းမကောင်းတာကြောင့် ဘဏ်ဝန်ဆောင်မှုကို ကောင်းကောင်းမရကြပါဘူး။ ကုန်စည်စီးဆင်းမှု ပြတ်တောက်တာကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေချိန်မှာ ငွေကြေးစီးဆင်းမှု လမ်းကြောင်းတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီက PDF တွေဆီ ငွေကြေးစီးဆင်းမှု အားနည်းအောင် နည်းမျိုးစုံနဲ့ ကန့်သတ်နေပေမယ့် လက်ရှိအချိန်အထိတော့ PDF တွေဆီမှာ နည်းလမ်းတွေ ရှိနေသေးတယ်လို့ မန္တလေး၊ စစ်ကိုင်းဒေသခံ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဇီးရိုးက ပြောပါတယ်။ 

"ကျနော့်အသိထဲက ၂ ယောက်လောက်ပေါ့နော်။ ရှိတဲ့ပိုက်ဆံလေးတွေသုံးရအောင် ဖြည့်ထားတာ။ တယောက်က သိန်း ၂၀ လောက်ရှိတယ်။ တယောက်က သိန်း ၃၀လောက်ရှိတယ်။  ငွေပိုလေးတွေကို ဒီထဲမှာ စုထားတဲ့သဘောပေါ့။ ကိုယ်သွားတဲ့နေရာမှာ လွယ်လွယ်ကူကူ သုံးလို့ရအောင် K Pay ထဲမှာ ထည့်ထားတယ်။ ခုလို အပိတ်ခံရတဲ့အခါကြတော့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေတာပေါ့ဗျာ။ ဥပမာ ပြေးရတဲ့အခါမျိုးမှာ ဖုန်းထဲ ဒီ K Pay လေးပါသွားလို့ရှိရင် တနေရာမှာထုတ်လို့ရမယ်။ ဘဏ်မှာထက်စာရင် ပိုလွယ်ကူမယ်ဆိုတဲ့သ ဘောမျိုးနဲ့ ထည့်ထားတာပေါ့။ ဒါမျိုးတွေက မလုပ်သင့်တဲ့ အလုပ်လို့ပဲ ထင်ပါတယ်။ သူတို့စိစစ်တာကလည်း K Pay ဆိုတာ အကောင့်အများကြီး ဖွင့်ထားတာဗျာ။ အဲ့ဒီအထဲမှာ အမှားအမှန် ဘယ်လိုလုပ်စိစစ်မှာတုန်း။ သူတို့ရမ်းလုပ်တာပဲပေါ့။ သူတို့လိုချင်တဲ့အကောင့်ကို နံထောက်မဲနှိုက်ယူသလိုမျိုး ဖြစ်နေတယ်သူတို့က။"

PDF တွေ လက်နက်နဲ့ ကျည်ဆန်ဝယ်ယူရေးအတွက် NUG Pay ကို အသုံးပြုလို့ ရနေသေးတဲ့အတွက် PDF တွေက တိုက်ပွဲတွေဖော်ဆောင်နိုင်တဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ စစ်ကိုင်းဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။ 

ဒါပေမယ့် NUG Pay ကနေ ငွေသားထုတ်ယူဖို့ လုံလောက်တဲ့ အေးဂျင့်တွေ မရှိသေးတဲ့အတွက် ဒေသတွင်း စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက်တွေကို ဝယ်ယူဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ 

ဒီအခြေအနေမှာ PDF တွေနဲ့ ပြည်သူတွေကို ဖိအားပေးဖို့နဲ့ ပြည်သူတွေရဲ့ပိုက်ဆံတွေကို အမြတ်ထုတ်ရယူနိုင်ဖို့ စစ်ကောင်စီက ငွေလွှဲဈေးကွက်၊ K Pay နဲ့ Wave Money ဈေးကွက်တွေကို ကစားနေတာလို့ လေ့လာသူတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013