DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် ရဲတပ်ဖွဲ့မှ ထွက်လိုသူများ ငွေပေးမှ ထွက်ခွင့်ရ
DVB
·
September 19, 2022
ပဲခူးတိုင်းတွင် ရဲတပ်ဖွဲ့မှ ထွက်လိုသူများ ငွေပေးမှ ထွက်ခွင့်ရ
Donate to DVB

ပဲခူးတိုင်းထဲမှာ ရဲတပ်ဖွဲ့ထဲက ထွက်ခွင့်တင်ထားသူတွေ ထွက်မရဖြစ်နေပြီး ငွေပေးနိုင်တဲ့သူတွေပဲ ထွက်လို့ရနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ 

ပဲခူးတိုင်းမှာ စစ်တပ်အာဏာသိမ်းကတည်းက ထွက်ပြေးသူ၊ CDM လုပ်သူတွေနဲ့ တရားဝင်ထွက်ခွင့်တင်ထားသူ အများအပြားရှိပြီး လက်ရှိမှာလည်း ထွက်ခွင့်တင်ထားသူ အယောက် ၅၀ ကျော်ရှိတယ်လို့ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ 

ထွက်ခွင့်တင်ထားတာ တနှစ်ကျော်နေပြီဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တယောက်က "ကျမတင်ထားတာ ၁ နှစ်နဲ့ - လရှိနေပြီ။ နောက်မှတင်တဲ့သူကျတော့ ထွက်ခွင့်ရသွားပြီး ကျမကတော့ အခုထိမရသေးဘူး။ အပေါင်းအသင်းတွေက CDM လုပ်ပြီး ရှောင်ခိုင်းတာ။ ကျမမှာက အမေအိုကြီးက ရှိနေတော့ မဖြစ်ဘူးလေ။ ကျမကို မတွေ့ရင် အမေကိုပြဿနာရှာပြီး ဖမ်းသွားမှာစိုးလို့။ မြို့နယ်မှူးကို တက်တွေ့တော့လည်း သူက ဘာမှလုပ်မပေးနိုင်ဘူးတဲ့။ မကျေနပ်ရင်ထွက်ပြေးပေါ့။ ပြီးမှ မိရင် ရဲပြေးနဲ့ထောင်ကျခံလိုက် အဲဒါဆို ထွက်လို့ရပြီတဲ့။ တကယ်တော့ ကျမကငွေမပေးနိုင်လို့ပါ။ ကျမထက် နောက်မှတင်တဲ့တယောက်က ၁၂ သိန်းလား ၁၅ သိန်းလားမသိဘူး အကုန်ခံလိုက်တော့ အခု သူထွက်လို့ရသွားပြီ” လို့ ပြောပါတယ်။

ပြည်နဲ့ ပဲခူးမြို့တို့က အများဆုံးထွက်ခွင့်တင်ထားကြပြီး အရင်ကတည်းက ဖွဲ့စည်းပုံ မပြည့်ခဲ့တဲ့ရဲတပ်ဖွဲ့ဟာ အခုတော့ ပိုဆိုးနေပြီလို့လည်း ရဲတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

ပြည်မြို့က ရဲတပ်ဖွဲ့ဝင်တယောက်က “အရင်တုန်းက အလုပ်ကသိပ်လည်းမများဘူး။ မိန်းကလေးတွေဆိုရင် ဘာမှသိပ်မလုပ်ရဘူး။ အခုတော့ ကင်းလည်းစောင့်ရတယ်။ ကင်းလည်းပတ်ရတယ်။ အရင်တုံးက ဌာနစိတ် တခုကို ၃ ယောက်လောက် ထားပေးတာ။ အခုတော့ တယောက်ကို တစိတ်လုံး ကိုင်နေရတယ်။ တချို့ ဌာနစိတ်တွေဆိုရင် တယောက်ထဲက ၂ ခု ကိုင်ပေးနေရတယ်။  နောက် ဘဏ်တွေ၊ ရုံးတွေ၊ တိုးဂိတ်တွေ၊ ကျောင်းတွေ၊ အရေးကြီးတဲ့နေရာတွေကိုပါ သွားစောင့်ပေးနေရတယ်။ အားလုံးလိုလိုအပြင်တွေမှာပဲ။ စခန်းမှာ အစောင့်လောက်ပဲ မဖြစ်မနေချန်ထားခဲ့ရတာ။ ကျနော်ဆို အရင်တုန်းက ရုံးဘက်မှာ တွဲဘက်အနေနဲ့ တာဝန်ချထားတာ။ အဲဒီအတွက်လည်း ငွေတော့ကုန်တာပေါ့။ အခု အဲဒီရုံးက အလုပ်လည်းလုပ်ရသေးတယ်။ စခန်းအလုပ်လည်း သွားလုပ်ပေးရတယ်။ အပြင်ကင်းတို့ ဘာတို့လည်းချတော့ အိမ်ကိုပြန်ကိုမပြန်ရတော့ဘူး။ အားလုံးကတော့ အရမ်းပင်ပန်းကြတယ်” လို့ ပြောပါတယ်။ 

ဒါပေမဲ့ ငွေတောင်းစားလို့ရမယ့်နေရာတွေ ပို့ပေးတာ၊ ငွေတောင်းတာကို အထက်က မသိကျိုးကျွန်ပြုပေးတာတွေကြောင့် တချို့ရဲတွေအနေနဲ့ ဆက်လုပ်နေကြတာလို့ ဆိုပါတယ်။ 

“အခုလိုခေတ်ကြီးထဲမှာ မလုပ်ချင်ကြတော့ဘူး။ သူတို့တတွေကလည်း သိတယ်။ ဒါကြောင့် တိုးဂိတ်တွေ ဂိတ်တွေမှာ အခုဆိုရင် တရားဝင်လိုလို လုပ်စားခွင့်တွေ ပေးထားတော့ ငွေကြေးအဆင်ပြေတော့ တချို့ကလည်း မပြောသာတော့ဘူးလေ။ ထွက်ချင်ပေမယ့် ပိုက်ဆံရနေတာကိုး။ ဒါပေမဲ့ ရခိုင်ကို သွားရမယ်လို့ အသံကြားတာနဲ့ပြေးကြတော့တာပဲ” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့မှာ အရင်ကပဲ ဖွဲ့စည်းပုံအတိုင်း အယောက် ၁၈၀ မရှိတာကြောင့် တပ်သားသစ်တွေ စုဆောင်းနေရပေမယ့် ထွက်တဲ့သူ ပြေးတဲ့သူနဲ့ မမျှခဲ့ဘဲ အများဆုံးရှိတဲ့ မြို့နယ်မှာ ရဲ အယောက် ၁၀၀ ဝန်းကျင်ပဲ ရှိခဲ့တယ်လို့လည်း CDM ရဲတယောက်က ပြောပါတယ်။

ဒါကြောင့် မြန်မာတနိုင်ငံလုံးမှာ ရဲတပ်ဖွဲ့ဝင်ပေါင်း ၃၃၀၀၀ လောက်ပဲရှိပြီး စစ်တပ်အာဏာသိမ်းချိန်မှာ ရဲမှူး အဆင့်ရှိသူတွေ အပါအဝင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၅၀၀၀ လောက် CDM လုပ်သွားတာ၊ အခု တနှစ်ကျော်ကာလအတွင်း တိုက်ခိုက်ခံရလို့ သေဆုံးသူ၊ ထွက်ပြေးသူ၊ CDM လုပ်သူတွေကြောင့် တနိုင်ငံလုံးမှာ ရဲအင်အား ၂၀၀၀၀ တောင်မပြည့်တော့ဘူးလို့လည်း သူက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013