DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းဖြင့် မည်သူမျှ ဝယ်ရောင်းမလုပ်ဟု လုပ်ငန်းရှင်များ တုံ့ပြန်
DVB
·
September 5, 2022
ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းဖြင့် မည်သူမျှ ဝယ်ရောင်းမလုပ်ဟု လုပ်ငန်းရှင်များ တုံ့ပြန်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဈေးကွက်မှာ အမှန်တကယ် ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက်ပိုပြီး မဖြစ်သင့်တဲ့ ဈေးနှုန်းတွေကို မီဒီယာအချို့မှာ ဖော်ပြထားတယ်လို့ စွပ်စွဲပြောဆိုထားတဲ့အပေါ် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းနဲ့ ဘယ်သူမျှ ဝယ်ရောင်းမလုပ်ကြဘူးလို့ လုပ်ငန်းရှင်တွေက ပြန်လည်တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

“တရားဝင်နိုင်ငံခြားငွေကြေးဈေးကွက်ရဲ့ ဈေးနှုန်းတွေကို မျက်ကွယ်ပြု၍ မဖြစ်သင့်တဲ့ ဈေးနှုန်းများကို မီဒီယာများအနေဖြင့် ဖော်ပြကြေညာနေခြင်းက နိုင်ငံ၏စီးပွားရေးကို ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေတယ်လို့ သုံးသပ်ရပြီး ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေသဖြင့် ထိုသို့ ဆောင်ရွက်ခြင်း မပြုသင့်ကြောင်းနဲ့ သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများမှလည်း ထိရောက်စွာ အရေးယူဆောင်ရွက်မယ်” လို့ ဗဟိုဘဏ်က ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အခုလို စွပ်စွဲပြောဆိုထားပေမဲ့ ခိုင်လုံတဲ့ သတင်းဌာနကြီးတွေက ရေးသားတဲ့ အချက်အလက်တွေကိုတော့ ယုံမှားသံသယ မရှိတဲ့အကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြန်လည်တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “မီဒီယာ ဆိုတဲ့နေရာမှာလည်း တခုနဲ့တခု ကွာပါတယ်။ ဥပမာ တကယ့် သတင်းမီဒီယာကြီးတွေဆိုရင် အချက်အလက်ကိုခိုင်မာအောင် စုံစမ်းပြီးမှ ရေးကြရတာလေ။ ဥပမာ အပြင်မှာ ဒီကနေ့ဆိုရင် ၃၅၀၀ နဲ့ ၃၇၀၀  အရောင်းအဝယ် ဖြစ်တယ်ပေါ့။ အဲဒါကို တချို့ဆိုရှယ်မီဒီယာတွေက ၃၀၀၀ ကျော်သွားပြီ။ မနက်ဖြန် သန်ဘက်ခါ ဆိုရင် ၄၀၀၀ ဖြစ်မယ်။ နောက်တပတ်လောက်ကျရင် ၅၀၀၀ ဖြစ်မယ်။ အဲဒီလိုပုံစံမျိုးနဲ့ သူတို့ ရမ်းသန်း မှန်းသန်းပြီး ရေးကြတာပေါ့။ ပြောချင်တာက မခိုင်လုံတဲ့ သတင်းအချက်အလက်တွေ၊ ဆွယ်ပြီးတော့ ရေးတဲ့ဟာမျိုးတွေ အဲဒါမျိုးတွေကလည်း ရှိကြတော့ ဒါတွေက ပြည်သူတွေကို ပိုပြီးတော့ ချောက်ချားအောင် လုပ်နေတာ၊ ဈေးတွေကို ပိုပြီးတော့ မငြိမ်အောင် လုပ်တာမျိုး ဖြစ်တဲ့အတွက် ဒီလို ဆိုရှယ်မီဒီယာတွေမှာ ရေးနေတဲ့ဟာမျိုးကတော့ အကုန်လုံး ယုံကြည်လို့ မရဘူးပေါ့နော်။ ဒါပေမဲ့ ခိုင်မာတဲ့ မီဒီယာ သတင်းဌာနကြီးတွေမှာ ရေးတယ်ဆိုရင်တော့ သူတို့က ဘာပဲဖြစ်ဖြစ် သတင်းအချက်အလက်တွေကို ခိုင်လုံအောင် စုဆောင်းရပြီးနောက် ခိုင်လုံတဲ့ သတင်းရင်းမြစ်ကနေ ရေးကြရတာဖြစ်လို့ ပြောရရင် ယုံကြည်လို့ ရတာပေါ့” ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ-၃(ခ)အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် ရည်ညွှန်းငွေလဲနှုန်းကို ထုတ်ပြန်ပေးနေတာကြောင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရရှိထားတဲ့ AD လိုင်စင်ရဘဏ်တွေအနေနဲ့ ညွှန်ကြား ချက်များနှင့်အညီ နိုင်ငံခြားငွေလဲလှယ်နှုန်း ဝယ်ဈေး၊ ရောင်းဈေးကို သတ်မှတ်၍ နိုင်ငံခြားငွေကြေး ဈေးကွက် အတွင်းမှာ ဝယ်ယူခြင်း၊ ရောင်းချခြင်းကို ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဆိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်မှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းနဲ့ AD လိုင်စင်ရ ဘဏ်တွေ အပါအဝင် ငွေလဲကောင်တာတွေမှာ ဗဟိုဘဏ်သတ်မှတ်နှုန်းထားနဲ့ မည်သူကမျှ အရောင်းအဝယ် မလုပ်ကြတဲ့အကြောင်း လုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။

“သူ့သတ်မှတ်နှုန်းနဲ့ လိုက်ဝယ်လို့ကတော့ အသက်ပဲ ကြီးသွားမယ်။ ရမှာ မဟုတ်ဘူး။ ဒေါ်လာဈေးက အချိန်နဲ့အမျှ ပြောင်းနေတာလေ။ လေယာဉ်လက်မှတ်ရောင်းတဲ့ အေးဂျင့်တွေဆို မနက်ပိုင်းက တဈေး၊ နေ့လယ်ခင်းက တဈေး အဲဒီလိုနဲ့ ရောင်းနေရတာ။ ငွေလဲကောင်တာတွေလည်း အတူတူပဲ။ ဈေးက တခုနဲ့ တခု မတူဘူး။ ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။ ဆိုတော့ ဒေါ်လာဈေးက အမှန်တကယ် ပေါက်ဈေးကို သိရဖို့ကို တော်တော်လေး ခက်ခဲလာတယ်။ ဒီတော့ စီးပွားရေးသမားတွေအကုန်လုံးက လက်ရှိပေါက်ဈေးထက်ကို ကျော်လွန်ပြီး သူတို့ သွင်းကုန်တွေအပေါ် ထပ်ဆောင်းထားကြရတယ်။ ဥပမာ ဒီကနေ့ ၃၅၀၀ နဲ့ ၃၇၀၀ ရှိတယ်ဆိုရင် သူတို့သွင်းကုန်တွေအပေါ်မှာ ၄၀၀၀ ကျပ်နှုန်းနဲ့ ဆောင်းထားတာ။ ကြိုပြီးတော့ ကန်ထားတဲ့ သဘောပေါ့။ ဒီဒဏ်ကို ဘယ်သူတွေက ခံရလဲဆို လက်လုပ်လက်စားတွေ နဲ့ ပုံသေလခစား လူတွေ အကုန်ခံနေရပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းမီ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်)က ပြည်တွင်းနိုင်ငံခြားငွေကြေး ဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ကျပ် ၁၃၀၀ နဲ့ ၁၄၀၀ ကြားမှာ အရောင်းအဝယ် ရှိခဲ့တာပါ။

ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ကျပ် ၄၀၀၀ ကျော်အထိ စံချိန်တင်မြှင့်တက်ခဲ့ပြီး ဒီကနေ့ (စက်တင်ဘာ ၅ ရက်)မှာတော့ ကျပ် ၃၅၀၀ နဲ့ ၃၇၀၀ ကြားမှာ အရောင်းအဝယ် ရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို ၂၁၀၀ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013