DVB Logo
Home
မြန်မာသတင်း
ဒေါ်လာသန်း ၂၀၀ ကျော်ထုတ်ရောင်းပြီး ဖြေရှင်းသည့်နည်း အလုပ်မဖြစ်ဟု သုတေသီများ ဝေဖန်
DVB
·
September 1, 2022
ဒေါ်လာသန်း ၂၀၀ ကျော်ထုတ်ရောင်းပြီး ဖြေရှင်းသည့်နည်း အလုပ်မဖြစ်ဟု သုတေသီများ ဝေဖန်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ရောင်းပြီး ဖြေရှင်းတဲ့နည်းလမ်းက ကာလတိုအတွက်သာ အကျိုးမျှော်ပြီး ဖြေရှင်းလိုက်တာ ဖြစ်တယ်လို့ သုတေသီတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုးက နေ့စဉ်နဲ့အမျှ ဈေးနှုန်းမြှင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးကတော့ တစတစနဲ့ ဆက်တိုက် ကျဆင်းနေတာပါ။ ဒီသက်ရောက်မှုကြောင့် နိုင်ငံခြားငွေကြေးနဲ့ တင်သွင်းနေရတဲ့ သွင်းကုန်တွေရဲ့ ဈေးနှုန်းဟာ အဆမတန် ကြီးမြှင့်လာပြီး အခြေခံကုန်ဈေးနှုန်းကလည်း လိုက်ပါမြင့်တက်လာပါတယ်။

အခုလို သက်ရောက်မှုရှိလာတဲ့အပေါ် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်ပကနေ တင်သွင်းရတဲ့ စက်သုံးဆီ ဈေးကြီးမြင့်မှုကြောင့် အခြေခံကုန်ဈေးနှုန်း ကြီးမြှင့်လာမှုကို သက်သာစေဖို့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ကတဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးမယ်လို့ မနေ့ သြဂုတ် ၃၁ ရက် ညနေခင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့် အမေရိကန် ၁ ဒေါ်လာ တန်ဖိုးဟာ မနေ့ သြဂုတ် ၃၁ ရက်က ၄,၃၀၀ ကျပ်နဲ့ ၄,၄၀၀ ကျပ် ရှိခဲ့ရာက ဒီကနေ့ စက်တင်ဘာ ၁ ရက်မှာတော့ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၃,၅၀၀ နဲ့ ၃,၇၀၀ ကြားမှာ ရှိတာကြောင့် မနေ့က ဈေးနှုန်းနဲ့နှိုင်းယှဉ်ရင် ၇၀၀ ကျပ် ကျဆင်းလာတာ တွေ့ရပါတယ်။

အလားတူ စက်သုံးဆီဈေးနှုန်းကလည်း မနေ့ကဈေးနှုန်းနဲ့နှိုင်းယှဉ်ရင် အောက်တိန်း အမျိုးအစားက ၁ လီတာကို ၂၃၀ ကျပ်နဲ့ ဒီဇယ်အမျိုးအစားက ၁ လီတာကို ၁၀၅ ကျပ် အသီးသီးကျဆင်းလာပါတယ်။ ဒါပေမဲ့ အခြေခံကုန်ဈေးနှုန်း ဆန်နဲ့ဆီကတော့ ကျဆင်းမှု မရှိသေးပါဘူး။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးအပေါ် ကိုင်တွယ်တဲ့နည်းလမ်းဟာ ကာလတို ဖြေရှင်းနည်းသာဖြစ်လို့ ဇာစ်မြစ်ကို မဖြေရှင်းနိုင်သမျှ ဒီပြဿနာက ဆက်ရှိနေဦးမှာလို့ သုတေသီတွေက ဝေဖန်ထောက်ပြထားပါတယ်။

စီးပွားရေးသုတေသီတယောက်က “သူတို့ အခု ထုတ်ရောင်းပြီး ဖြေရှင်းတဲ့ကိစ္စက ရေတိုမှာတော့ ဟုတ်တယ်။ ရေရှည်မှာ သူ ဘယ်လောက်ထိ ထုတ်ရောင်းပေးနိုင်မလဲ။ သူ့ဆီမှာ ဘယ်လောက်ရှိသလဲပေါ့။ ဒါက ကျနော်မြင်တာ ရေတိုဖြေရှင်းနည်းပဲ။ တကယ်လို့ ရေရှည်ပေါ့နော်၊ ဈေးကွက်ရဲ့ လိုအပ်သလောက် ထုတ်ရောင်းပေးနိုင်ရင်တော့ ပြဿနာ မရှိဘူးလေ။ အဲ့ဒါဆို ကျပ်ငွေက ခိုင်မာလာမယ်။ ဒါပေမဲ့ တကယ်တမ်း သုံးသပ်သင့်တာက သူက ထုတ်ရောင်းတာထက် Economy ကို ဖွံ့ဖြိုးတိုးတက်လာအောင် တနည်းအားဖြင့် ပို့ကုန်ကဏ္ဍ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားအကူအညီတို့ ဒါတွေစီးဝင်မယ့် လမ်းကြောင်းကို ဖော်ဆောင်သင့်တာပေါ့။ အဲ့ဒါမှ သူ ထုတ်ရောင်းနေတဲ့ဟာက သက်သာသွားမှာလေ။ မြန်မာနိုင်ငံထဲကို ဒေါ်လာစီးဝင်နိုင်တဲ့ လမ်းကြောင်းတွေ မရှိဘဲနဲ့ ဗဟိုဘဏ်က ထုတ်ရောင်းမယ်ဆိုတာက ကာလတိုဖြေရှင်းတာလို့ပဲ ကျနော်တော့ ယူဆတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စီးပွားရေးမူဝါဒရေးရာ သုတေသီတယောက်ကလည်း “သူတို့က one by one စဉ်းစားတာပေါ့နော်။ ဒီဟာဖြစ်လို့ ဒါလုပ်တယ် ဆိုပြီး သူတို့က စဉ်းစားကြတာလေ။ တကယ်တမ်းမှာတော့ အဲ့လိုလုပ်လို့မရဘူး။ ငါ ဒီလိုလုပ်လိုက်ရင် ကောင်းကျိုးက ဘာဖြစ်နိုင်မလဲ၊ ဆိုးကျိုးက ဘာဖြစ်နိုင်မလဲဆိုတာ လွှမ်းခြုံပြီး စဉ်းစားရမှာလေ။ ဒါကိုလည်း သူတို့ချည်းပဲ လုပ်လို့မရဘူး။ ပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြီးတော့မှ ပေါ်လစီကို ချမှတ်သင့်တာပေါ့။ အခုဟာက ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေက လူတွေက ရယ်စရာလို ဖြစ်နေတယ်။ အယုံအကြည်လည်း မရှိတော့ဘူး။ တရက်တမျိုး ထုတ်နေတာ။ ကျနော်တို့ မြင်တာကတော့ ဗဟိုဘဏ်ဆိုတာက အဲ့ဒါမျိုးတွေ မဖြစ်သင့်ဘူးနော်။ ဗဟိုဘဏ်ကထုတ်တဲ့ ထုတ်ပြန်ချက်ဆိုတာ တည်တည်ငြိမ်ငြိမ်နဲ့ ပေါ်လစီကို ရှေ့နောက်စဉ်းစားပြီး အဓိပ္ပါယ်ရှိတဲ့ ထုတ်ပြန်ချက်တွေ ဖြစ်သင့်တာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့က သီရိလင်္ကာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ စီးပွားရေးအကျပ်အတည်း ပြဿနာ ဖြစ်ရပ်မျိုး ကြုံတွေ့ရမယ့် နိုင်ငံပေါင်း ၆၉ နိုင်ငံရှိတဲ့စာရင်းမှာ မြန်မာလည်း အပါအဝင်ဖြစ်တယ်လို့ ခန့်မှန်းတွက်ချက်ထားတာ ရှိပါတယ်။

ဒါပေမဲ့ စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “သီရိလင်္ကာနိုင်ငံလို မြန်မာပြည် ဖြစ်လာနိုင်စရာအကြောင်း မရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ အရံငွေကြေးအဖြစ် ဒေါ်လာ ထိုက်သင့်သလောက် စုဆောင်းပြီးဖြစ်တယ်” လို့ ဇူလိုင် ၂၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ရှိပါတယ်။

စစ်ကောင်စီခန့် ပြောခွင့်ရပုဂ္ဂိုလ်က ထိုက်သင့်တဲ့ ငွေကြေးပမာဏ စုဆောင်းပြီးဖြစ်တယ်လို့ ပြောဆိုသွားပေမဲ့ ငွေကြေးပမာဏ ဘယ်လောက်ထားရှိလဲ ဆိုတာကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013