DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်၏ ရှေ့နောက်မညီညွှန်ကြားချက်ကြောင့် ဈေးကွက်စီးပွားရေးစနစ် ထိခိုက်ဟု သုတေသီများပြော
DVB
·
August 29, 2022
ဗဟိုဘဏ်၏ ရှေ့နောက်မညီညွှန်ကြားချက်ကြောင့် ဈေးကွက်စီးပွားရေးစနစ် ထိခိုက်ဟု သုတေသီများပြော
Donate to DVB

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားသုံးငွေနဲ့ပတ်သတ်ပြီး ညွှန်ကြားချက်တွေကို မရိုးနိုင်အောင် ထုတ်ပြန်နေပေမယ့် ထူးခြားမှု ရှိမလာဘဲ လုပ်ရကိုင်ရတဲ့ အခြေအနေသာ ပိုဆိုးလာတယ်လို့ လုပ်ငန်းရှင်တွေနဲ့စီးပွားရေးသုတေသီတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးနဲ့ပတ်သက်ပြီး လိုက်နာရမယ့် ညွှန်ကြားချက်တွေကို အမျိုးစုံ ထုတ်ပြန်နေတာပါ။ အနီးစပ်ဆုံးပြန်ကြည့်ရင် ဗဟိုဘဏ်ရဲ့ ၁၆-၈-၂၀၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရည်ညွှန်းချက်ပါ စာများအရ နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေနဲ့ ပို့ကုန်တင်ပို့သူတွေဆီက ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်း အနက်မှဖြစ်စေ၊ ကင်းလွတ်ခွင့်ရရှိတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ထံမှ ဖြစ်စေ နိုင်ငံခြားငွေတွေကို ဝယ်ယူခဲ့ပြီး ဖြစ်တာကြောင့် မိမိတို့ဝယ်ယူထားရှိတဲ့ အဆိုပါ နိုင်ငံခြားငွေတွေထဲက စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေေနဲ့ စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေဆီ ရောင်းချပေးခဲ့တဲ့စာရင်းအား နေ့စဉ် မပျက်မကွက် ပေးပို့သွားရမယ်လို့ ဗဟိုဘဏ်က သတိပေးထားပါတယ်။

ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ အခုလို ညွှန်ကြားချက်တွေဟာ ဈေးကွက်စီးပွားရေးစနစ်ရဲ့ ယန္တရားကိုသာ ပျက်စီးစေပြီး လုပ်ရကိုင်ရတာ ခက်ခဲလာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “အခုဟာ ပို့ကုန်တွေက ကျနေတဲ့အပြင် ပို့ကုန်သမားတွေကိုလည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားတာ မဟုတ်ဘူး။ ပို့ကုန်က ရတဲ့ နိုင်ငံခြားငွေကို အရင်ကဆိုရင် သူတို့သတ်မှတ်ဈေးနဲ့ ၁၀၀ ရာခိုင်နှုန်း တခါတည်း လဲယူလိုက်တာ။ အခုတော့ ၆၅ ရာခိုင်နှုန်း သတ်မှတ်ထားတယ်။ ဆိုတော့ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို အပြင်ပေါက်ဈေးနဲ့ ရောင်းချခွင့် ပေးတယ်ဆိုပေမဲ့ ဘယ်သူ့ကိုရောင်းတာလဲ။ ဘယ်လောက်ရောင်းတာလဲဆိုပြီး အနောက်မှာ စစ်ဆေးရေးတွေ လိုက်နေတာက မဖြစ်သင့်ဘူး လေ။ လိုက်တော့ လူတွေက အလုပ်လုပ်လို့ မရဘူး။ အမှန်ဆို ကျန်ရှိတဲ့ ၃၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးနဲ့ ဘယ်သူ့ကို ရောင်းရောင်းပေါ့ဗျာ။ ပြီးတော့ အရင်ကဆိုရင် သွင်းကုန်သမားတွေက ပို့ကုန်သမားတွေနဲ့ ချိတ်ဆက်ထားကြတာ။ ဒီတော့ ပို့ကုန်သမားတွေက ဒေါ်လာ ရလာလို့ရှိရင် ဈေးကွက်ပေါက်ဈေးအတိုင်း သွင်းကုန်သမားတွေကို ပြန်ရောင်း။ ဒီလိုနဲ့ ဈေးကွက်က လည်ပတ်နေတာ။ အခုတော့ ဈေးကွက်က ပျက်နေပြီ။ လုပ်ရကိုင်ရတာ ဘယ်သူမျှ အဆင်မပြေတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုင်းပြည်ရဲ့စီးပွားရေးကို တည်ငြိမ်အောင် မှန်ကန်တဲ့ ငွေကြေးမှုဝါဒတွေ ချမှတ်ဖို့အတွက် ဗဟိုဘဏ်မှာ တာဝန်ရှိတာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ ဗဟိုဘဏ်ဟာ စစ်ကောင်စီရဲ့ လက်ဝေခံသာ ဖြစ်နေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

စီးပွားရေးသုတေသီတဦးက “ဗဟိုဘဏ် ဆိုတာ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ရမယ်။ ပညာရှင်တွေက တိုင်းပြည်စီးပွား ရေးနဲ့ပတ်သက်ပြီး ငွေကြေးပေါ်လစီရဲ့အောက်မှာ လုပ်ရမယ့် policy instrument တွေကတော့ အများကြီးရှိတာပေါ့။ ပြောချင်တာက ငွေကြေးပေါ်လစီက ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လို လုပ်ရမယ် ဆိုတာကို ပညာရှင်တွေက  တိုင်ပင် ဆွေးနွေးပြီး လုပ်ကြတာပေါ့။ အခုဟာက စစ်အုပ်ချုပ်ရေးလက်အောက်မှာဆိုတော့ ဗဟိုဘဏ်က ခိုင်းရာစေ စေရာသွား ဖြစ်နေပြီ။ ဒီတော့ ဗဟိုဘဏ်ရဲ့ ပေါ်လစီတွေက မတည်ငြိမ်ဘူးဖြစ်နေတာပေါ့။ ဘာကြောင့်လဲဆို တရက် တမျိုး မရိုးနိုင်အောင် အမိန့်ညွှန်ကြားချက်တွေ ထုတ်နေတာ။ ပြီးတော့ သူ့ရဲ့ အမိန့်ညွှန်ကြားချက်တွေကလည်း ရှေ့နောက် ညီညွတ်မှု ရှိရဲ့လား။ ဈေးကွက်စီးပွားရေး စနစ်နဲ့ ညီညွတ်မှု ရှိရဲ့လားပေါ့။ ကျနော်တို့ တွေ့တာကတော့ အကောင်းဖြစ်တာထက် အဆိုးဖြစ်တာ ပိုများနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်က မိမိတို့ စတင်တာဝန်ယူချိန်ကာလတွင် ဘဏ်စနစ်များ ပြိုလဲမှု မရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ခဲ့ရပြီး ဘဏ်တွေအပေါ် ပြည်သူတွေ ယုံကြည်မှု ရှိဖို့  နဲ့ စီးပွားရေး အားကောင်းအောင် ဆောင်ရွက်ရာမှာလည်း ငွေကြေးစနစ်တွေ ကောင်းမွန်ဖို့ လိုအပ်တာကြောင့် ဒါတွေကို ပြန်လည်အားကောင်းအောင် ဆောင်ရွက်ကြရမယ်လို့ လက်အောက်ခံ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံတဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်)နေ့က ပြည်တွင်းနိုင်ငံခြားငွေကြေး ဈေးကွက်အတွက် ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၃၃၁ ကျပ် ရှိပြီး ဈေးကွက်မှာ ၁၄၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ရှိခဲ့တာပါ။

လက်ရှိမှာတော့ ဒီနေ့(သြဂုတ် ၂၉ ရက်)အတွက် ဗဟိုဘဏ် ရည်ညွှန်းဈေးက ၂၁၀၀ ကျပ်လို့ ဆိုပေမယ့် ဈေးကွက်မှာတော့ ကျပ် ၃၂၀၀ နဲ့  ၃၃၀၀  အကြားမှာ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေလဲနှုန်းက စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၁နှစ်ခွဲကာလမှာ နှစ်ဆကျော် မြှင့်တက်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013